နှလုံးရောဂါရှိသူများနဲ့ ကိုဗစ်
ကျွန်မတို့ တစ်ကိုယ်လုံးမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို ထိန်းသိမ်းနိုင်ဖို့အတွက် နှလုံးနှင့်အဆုတ်တို့ဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါတယ်။
ဒါကြောင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့် အဆုတ်ကို ထိခိုက်တဲ့အခါ နှလုံးကိုပါ ဆက်လက်ထိခိုက်စေနိုင်ပါတယ်။ ပင်ကိုယ်နှလုံးရောဂါအခံရှိသူတွေအတွက်ဆို ပိုမိုထိခိုက်မှုများနိုင်ပါတယ်။
ဒါကြောင့် နှလုံးရောဂါတစ်မျိုးမျိုးရှိသူများအနေနှင့် ကိုဗစ် မကူးစက်အောင် ပိုမိုအလေးထားပြီး ကာကွယ်သင့်ပါတယ်။ ကူးစက်နိုင်စွမ်းမြင့်မားတဲ့အပြင် ကိုဗစ်ကြောင့်ရသော နောက်ဆက်တွဲဆိုးကျိုးတွေဟာလည်း သာမန်လူများထက် ပိုမိုပြင်းထန်နိုင်သလို ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုများအနေနှင့် လူငယ်များထက်စာရင် ကိုယ်ခံအားနည်းတဲ့အတွက် ကူးစက်နိုင်စွမ်း မြင့်မားတာမို့ အထူးဂရုစိုက်သင့်ပါတယ်။
နှလုံးရောဂါရှိသူများ သို့မဟုတ် လေဖြတ်ထားသူများအနေနှင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရပါက ဗိုင်းရပ်စ်ဟာ နှလုံးကို ဖျက်ဆီးနိုင်ပြီး လူနာရဲ့နှလုံးနှင့်ဦးနှောက်ဆီသို့ သွေးလှည့်ပတ်မှုကိုပါ တားမြစ်နိုင်သည်အထိ ပြင်းထန်တတ်ပါတယ်။
အလားတူပဲ မွေးရာပါနှလုံးရောဂါရှိသူတွေဟာလည်း ကိုဗစ်ကြောင့်ဖြစ်တဲ့ အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ရနိုင်ပြီး အသက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ထို့ပြင် နှလုံးသွေးကြောကျဉ်းရှိသူတွေအနေနှင့် သွေးတိုးနှင့်ဆီးချိုပါ တွဲဖက်ရှိနေတတ်တာမို့ ကိုဗစ်ကူးစက်ခံရပြီဆိုတာနှင့် ပြင်းထန်တဲ့ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
>> မိမိကိုယ်ကို ဘယ်လိုကာကွယ်မလဲ?
● တတ်နိုင်သမျှ အိမ်မှာသာနေထိုင်ပါ။
● ခြံထဲ လမ်းလျှောက်ခြင်း၊ လှေကားအတက်အဆင်းပြုလုပ်ခြင်း စတဲ့ ပေ့ါပါးသော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
● အဆီ အဆိမ်နှင့် အငန်များစားခြင်းကို ရှောင်ကြဉ်ပါ။
● စိတ်ဖိစီးများကို လျှော့ချပါ။
● ဆေးလိပ်ဖြတ်ပါ။
နှလုံးကျန်းမာရေးအတွက် ပုံမှန်သောက်နေရသော ဆေးများကို ဆက်လက်သောက်သုံးပါ။ ဆရာဝန်နှင့် ရက်ချိန်း ပုံမှန်ပြသပါ။ ဆေးများကို အနည်းဆုံး ၃ လစာ ကြိုတင်စုဆောင်းထားသင့်ပါတယ်။
ဗိုင်းရပ်စ်နှင့်မထိတွေ့ဖို့ အပြင်သွားတိုင်း mask တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အခြားလူများနှင့် အနည်းဆုံး ၆ ပေအကွာမှာနေခြင်း၊ လက်ကို မကြာခဏဆေးခြင်း စသည်တို့ကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
နှလုံးရောဂါရှိသူများအနေနှင့် ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုပါက ဆိုးကျိုးတွေ ခံစားရမှာဖြစ်လို့ မကူးစက်အောင် ကာကွယ်ကြဖို့ အကြံပြုလိုက်ပါတယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























