နှလုံးသွေးကြောပိတ်စေနိုင်တဲ့ အံ့သြဖွယ် အကြောင်းရင်းများ
အသက် ၆၂ နှစ်အရွယ်ရှိတဲ့ ကယ်လ်ဖိုးနီးယားပြည်နယ်နေ ပါလ်တက်စ်နာဆိုတဲ့ လူတစ်ယောက်ဟာ နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းမှန်သမျှကို ရှောင်ကြဉ်ဖို့ ဆုံးဖြတ်လိုက်တယ်တဲ့။ နှလုံးရောဂါကို အဓိကဖြစ်စေတဲ့ ဆေးလိပ်ကို ဖြတ်လိုက်တယ်။ လေ့ကျင့်ခန်းစီး စက်ဘီးကို နေ့တိုင်းစီး၊ နေ့တိုင်း လမ်းလျှောက်တယ်။ အသီးအနှံအရွက်တွေကို အများကြီး စားတယ်။ ဒီလိုတွေ လိုက်နာရုံနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်တော့ဘူးလား။
အရေးကြီးတယ်လို့ သင် မထင်ပေမယ့် နှလုံးသွေးကြောပိတ်ရောဂါကို ဖြစ်စေနိုင်တဲ့ အခြား အကြောင်းအရင်းတွေ အများကြီး ရှိပါသေးတယ်။
အစားအသောက်တွေမှာပါတဲ့အဆီတွေ၊ အဝလွန်ခြင်းတွေ၊ ဆေးလိပ်သောက်ခြင်းတွေထက်ကိုပိုပြီး နှလုံးသွေးကြောကျဉ်းစေတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်ဆိုတာကို ပြောပြချင်ပါတယ်။
ဒါကြောင့်အောက်မှာ နှလုံးဖောက်စေနိုင်တဲ့ အကြောငး်ရင်း (၉) ချက်ကို အထူးပြု ဖော်ပြသွားမှာ ဖြစ်ပါတယ်နော်။
၁။ ကောင်းတဲ့အဆီတွေ နည်းနေခြင်း
လူအယောက် ၇၀၀၀ ကို လေ့လာထားတဲ့ လေ့လာမှုမှာ HDL လို့ခေါ်တဲ့ ကောင်းတဲ့ကိုလက်စထရောနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။ နောက်ဆုံးနိဂုံးချုပ်မှာဆိုရင် HDL နည်းတာဟာ နှလုံးရောဂါရာဇဝင်နဲ့ အသက်နဲ့နောက်မှာ ၃ ခုမြောက် နှလုံးသွေးကြောကျဉ်းတာ များစေတဲ့ အကြောင်းရင်းထဲမှာ ပါတယ်။
၂။ ရောဂါပိုးဝင်ခြင်း
တုပ်ကွေးတွေ၊ တခြားအသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေက ရောဂါရပြီး ၃ ရက်အကြာမှာ ပုံမှန်လူထက်ကို ၅ ဆလောက် နှလုံးဖောက်နှုန်းကို များစေတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ပိုးဝင်တဲ့အခါ ရောင်ရမ်းမှု ပိုများလာပြီး နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာတွေကို ဖြစ်စေနိုင်တယ်။ တုပ်ကွေးကာကွယ်ဆေးက ဒီလိုပိုးဝင်တာကြောင့်ဖြစ်တဲ့ နှလုံးဖိစီးမှုကို ကာကွယ်ပေးနိုင်တယ်။
၃။ ကျောက်ကပ်ပြဿနာတွေ
နယ်သာလန်မှာရှိတဲ့ သက်ကြီးရွယ်အိုလေ့လာမှုတစ်ခုမှာ လုံးဝကျောက်ကပ်ရောဂါ အကြီးစားကြီး မဟုတ်ဘဲ နည်းနည်းပါးပါး ကျောက်ကပ်အားနည်းရုံလောက်နဲ့တင် နှလုံးဖောက်နှုန်းကို ပိုများစေနိုင်တယ်။
၄။ မြို့ပြမှာ နေထိုင်ခြင်း
ကားနဲ့ ဒါမှမဟုတ် ဘတ်စ်တွေ၊ ရထားတွေနဲ့ သွားလာတဲ့အခါ နှလုံးရောဂါဖြစ်နှုန်းကို ၂ ဆ တိုးစေတယ်လို့ သိရတယ်။ နောက် လမ်းမကြီး နီးနီးနားနားမှာ နေထိုင်သူတွေမှာ နှလုံးနဲ့ အဆုတ်ရောဂါဖြစ်နှုန်း ၂ ဆလောက် ပိုများတယ်လို့ သိရတယ်။
၅။ ကယ်လ်ဆီယမ်အားဆေးတွေ
နယူးဇီလန်နိုင်ငံ လေ့လာမှုတစ်ခုအရ ကယ်လ်ဆီယမ် စစ်ထရိတ် ၁ ဂရမ်ကို ၅ နှစ်လောက် သောက်တဲ့အမျိုးသမီးတစ်ယောက်မှာ နှလုံးဖောက်နိုင်ခြေ ၂ ဆ ပိုများတယ်လို့ သိရတယ်။ နောက်လေ့လာမှုတစ်ခုမှာဆိုရင် နေ့စဉ် ကယ်လ်ဆီယမ် ၅၀၀ မီလီဂရမ် အနည်းဆုံး သောက်တဲ့သူတွေမှာ နှလုံးဖောက်ဖို့ အခွင့်လမ်း ၃၀% လောက် ပိုများတယ်။
ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ခုက ပိုနေတဲ့ကယ်လ်ဆီယမ်တွေ သွေးကြောနံရံမှာ လာပုံတာကြောင့် ဖြစ်နိုင်ပါတယ်။
၆။ သွေးကျဲဆေး အက်စ်ပရင်ကို ရပ်လိုက်ခြင်း
လေ့လာမှုတွေအများကြီးအရ အက်စ်ပရင်နဲ့ တခြားအရောင်ကျဆေးတွေကို ရပ်လိုက်တဲ့ နှလုံးရောဂါသမားတွေမှာ အနည်းဆုံး တစ်ပတ်လောက်အကြာမှာ နှလုံးဖောက်တတ်တာကို တွေ့ရတယ်လို့ သိရတယ်။ နှလုံးရောဂါ ရှိနေတယ်၊ ဒါမှမဟုတ် ရှိလာဖို့ များနေတယ်၊ အက်စ်ပရင်ကိုလည်း ဖြုတ်လိုက်ချင်တယ်ဆိုရင် ဖြည်းဖြည်းချင်းနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်မှာ ဖြတ်သင့်တယ်။
၇။ ဆီးကျိတ်ကင်ဆာကုထုံး
ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်းနဲ့ ကုသမှုခံယူတဲ့အခါ နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးတတ်ပါတယ်။ လေ့လာသူတွေကတော့ ဒီ ၂ ခု ဆက်စပ်မှုကို တိုက်ရိုက်ဆက်စပ်မှုကိုတော့ သက်သေမပြနိုင်သေးပေမယ့် ထည့်စဉ်းစားဖို့ လိုတယ်။
၈။ ကြွပ်ပွေးအရေပြားရောဂါ
တချို့လူတွေမှာ ကြွပ်ပွေးအရေပြားရောဂါဟာ ဆီးချိုလောက်ကို နှလုံးရောဂါအဖြစ်များစေပါတယ်။ ဆေးသောက်ဖို့လိုလောက်အောင် ကြွပ်ပွေးအရမ်းဆိုးသူတွေဟာ ဆေးလိပ်သောက်လေ့ရှိတာ၊ အဝလွန်တာ၊ သွေးတိုးရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုတယ်။ နောက်တစ်ချက်က ကြွပ်ပွေးဟာ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် နာတာရှည် ရောင်ရမ်းမှုတွေ ဖြစ်ပြီးတော့ နှလုံးဖောက်စေနိုင်တယ်။
၉။ လူအချင်းချင်း ပတ်သက်ဆက်နွယ်မှုပြဿနာတွေ
ကိုယ်တန်ဖိုးထားရသူ တစ်ယောက်ယောက်နဲ့ အဆင်မပြေတာကလည်း နှလုံးအတွက် မကောင်းဘူးနော်။ လန်ဒန်ကောလိပ်တက္ကသိုလ် လေ့လာမှုအရဆိုရင် နှလုံးဖောက်နိုင်ခြေကို ၃၄% လောက်အထိကို တက်သွားစေနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























