နှလုံးသွေးကြောမပိတ်မီ တစ်လအတွင်း နိမိတ်ပြလက္ခဏာ (၇) ချက်
ရင်ဘတ် အကြီးအကျယ်အောင့် နှလုံးသွေးကြော ရုတ်တရက် ကျဉ်းတာ၊ ပိတ်တာတွေ ရှိလာပြီး ဆေးရုံကို အရေးပေါ် တက်ရောက်ကုသရသူတွေဟာ မဖြစ်ခင် တစ်လအတွင်း ခန္ဓာကိုယ်က ဒါဖြစ်တော့မယ်ဆိုတာကို ကြိုတင်သတိပေးနေတတ်ပါသတဲ့။
● အလိုလိုနေရင်း နုန်းနေခြင်း - နှလုံးသွေးကြော ကျဉ်းလာရင် ခန္ဓာကိုယ်က ခြေတွေ၊ လက်တွေ၊ အဂါၤတွေကို သွေးအရောက် နည်းလာပါတယ်။ ဒီအတွက် ခါတိုင်းထက် ညောင်းတာ၊ နုံးတာတွေ ဖြစ်ပေါ်ခံစားရပါတယ်။
● မျက်နှာနဲ့ မေးရိုးနဲ့ လည်ပင်းတွေ ကျဉ်ခြင်း - နှလုံးသွေးကြောကျဉ်းလာပြီး သွေးငတ်တဲ့အခါ ရင်ဘတ်အောင့်တာအပြင် မေးရိုးနဲ့ မျက်နှာ၊ လည်ပင်းတွေ ကျဉ်လာတတ်ပါတယ်။
● မောပန်းမယ် - အလိုလိုနေရင်း လှေကားတက်၊ တစ်ခုခုလုပ်တိုင်း မောနေတတ်ပါတယ်။ နှလုံးသွေးကြော ကျဉ်းလာတဲ့အခါ အဆုတ်ထဲမှာ ရေစုလာတတ်ပါတယ်၊ အသက်ရှူမဝသလို ဖြစ်လာတတ်ပါတယ်။
● ပျို့ချင်အန်ချင်တာတွေ ဖြစ်မယ် - ရင်ထဲမှာ နေလို့မကောင်းဘူး၊ ဘာရယ်မဟုတ် ဗိုက်ထဲမှာ လေပွသလို စားပြီးရင် ပျို့ချင်သလို အန်ချင်သလို မကြာခဏ ခံစားရနိုင်ပါတယ်။
● ချွေးစေးတွေ ပြန်လာတတ်မယ် - ရင်ဘတ်ထဲမှာ နေလို့မကောင်းတာနဲ့အတူ မကြာခဏ ချွေးပြန်တာကို ခံစားရပါမယ်။
● ရင်တလှပ်လှပ်တုန်ခြင်း - ရင်ထဲမှာ ဟာနေခြင်း ရင်ထဲမှာဆို့ပြီး နေလို့မကောင်းတာ ရင်တွေ တုန်နေတာတွေက နှလုံးစည်းချက်မမှန်တာရဲ့ နိမိတ်ပြလက္ခဏာ ဖြစ်ပါတယ်။ နှလုံးတုန်၊ ရင်ခုန်တာက ပုံမှန်ဖြစ်သလို နှလုံးရောဂါသမားတွေအတွက် စတင်နိမိတ်ပြလက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
● ခြေဖျား၊ လက်ဖျားတွေ အေးနေတတ်မယ် - နှလုံးက စတင်ခုန်နှုန်းကျလာတာမို့ ခန္ဓာကိုယ် အစွန်အဖျား၊ ခြေတွေ လက်တွေကို သွေးအရောက် နည်းလာပြီး ခြေဖျား အေးလာတတ်ပါတယ်။ ရာသီဥတု မှန်ပါလျက်နဲ့ ခြေဖျား လက်ဖျားလေးတွေ အေးစက်စက် ခံစားရပါမယ်။
● မူးဝေလာတတ်မယ် - တရိပ်ရိပ်နဲ့ မူးနေတတ်တာ နေရင်းထိုင်ရင်း ခေါင်းထဲမှာ ရီဝေဝေဖြစ်တာတွေ ရှိတဲ့အခါ နှလုံးသွေးကြောကျဉ်းတာကို မေ့မထားသင့်ပါဘူး။ ဦးနှောက်ကို မှန်ကန်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အတွက် မူးနောက်တဲ့ ခံစားချက်ရတာ ဖြစ်ပါတယ်။ နှလုံးသွေးကြော လုံးဝပိတ်မသွားခင် ကျဉ်းနေတဲ့အဆင့်မှာ ခံစားရနိုင်ပါတယ်။
ဖော်ပြပါလက္ခဏာတွေကို ကြည့်ပြီး မိမိမှာ နှလုံးသွေးကြော ကျဉ်းနေပြီလား၊ နှလုံးသွေးကြော ပိတ်နေပြီလား၊ နှလုံးရောဂါ ခံစားရနိုင်တဲ့ အရိပ်အယောင်ရှိမလားလို့ မိမိကိုယ်ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။
အနည်းဆုံး သုံးလေးခုလောက် ခံစားနေရပြီဆိုရင်ကို မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသတိုင်ပင်စေလိုပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























