နှလုံးသွေးကြော ပိတ်တယ်ဆိုတာ ဘယ်လိုမျိုးပါလိမ့်
နှလုံးသွေးကြောပိတ်တယ်ဆိုတာ ကြားဖူးနေကြ ဖြစ်ပေမယ့် တကယ်ခံစားရတဲ့အခါ လက္ခဏာ အမျိုးမျိုးနဲ့ လာနိုင်ပါတယ်။ တချို့ဆို နှလုံးသွေးကြောပိတ်လို့ ပိတ်မှန်းတောင် မသိလိုက်တာတွေလည်း ရှိပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေကို သိရှိနိုင်ဖို့ နှလုံးသွေးကြောပိတ်ရောဂါကို ကိုယ်တိုင်ခံစားခဲ့ဖူးတဲ့ အမျိုးသမီးအချို့ရဲ့ အတွေ့အကြုံတွေကို ေ၀မျှပေးလိုက်ပါတယ်။
၁။ ပထမတစ်ယောက်ကတော့ ပြောပါတယ်။ နှလုံးသွေးကြောပိတ်တဲ့ ရင်ဘတ်အောင့်တာက လည်ချောင်းထဲမှာ ဘောလုံးတစ်လုံး တစ်နေ၊ နင်နေသလိုပဲတဲ့။ တခုခု တစ်နေပြီး ထုတ်မရသလိုမျိုး။ သူမဟာ ချွေးပြန်တာ၊ ရင်တုန်တာတွေ ဆက်တိုက်ခံစားရပြီး ရုတ်တရက် ပျော့ခွေကျသွားခဲ့တာပါ။
၂။ နောက်တစ်ယောက်ကတော့ အဆိုးဆုံး ရင်ပူနာကြီးပါတဲ့။ ရုတ်တရက်ကြီး နွမ်းနယ်လာပြီး တစ်ကိုယ်လုံး ချွေးတွေ သီးလာပါတယ်။ အရမ်းအန်ချင်လာပြီး လက်တွေ ကျဉ်လာတယ်။ ရင်ပူနာ ဆိုးဆိုးဝါးဝါးကြီးက ဆိုးသထက် ဆိုးလာပါတယ်။
၃။ လမ်းလျှောက်ရင်း ဧဝရက်တောင်အမြင့်ကြီးကို ပြေးတက်လိုက်သလို အမော ဖောက်လာတယ်။ လက်မောင်းတွေ စူးခနဲ နာလာတယ်။ ဘယ်လိုမောမှန်းမသိဘူးလို့ ပြောသူကလည်းရှိရဲ့။
၄။ မနက်စောစောမှာ အလွန်အကျွံ နွမ်းနယ်ပြီး နိုးလာတယ်။ အန်ချလိုက်တယ်။ ရင်ဘတ်ထဲမှာ တစ်ခုခု ဆွဲဖြဲခံလိုက်ရသလိုဘဲလို့ တစ်ယောက်က ဆိုပါတယ်။
၅။ အသက်ရှူလိုက်တိုင်း ရင်ဘတ်က နာလာတယ်။ တစ်ယောက်ယောက်က ဓားနဲ့ ထိုးလိုက်သလို အပြင်းအထန် နာလာတယ်။ မူးဝေလာပြီး ချွေးတွေ ပြန်လာပြီး ဝေါ့ခနဲ့ အန်ချလိုက်မိတယ်လို့လည်း ရင်ဖွင့်ခဲ့ကြပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























