နှလုံးအလွန်အမင်းရမ်းခါခြင်းနှင့် နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းအကြောင်း မသိမဖြစ် သိထားရမယ့်အချက် (၉) ချက်
နှလုံးရမ်းခါခြင်းနဲ့ နှလုံး အလုပ်မလုပ်နိုင်တော့ခြင်းဆိုတဲ့ နှစ်ခုက ဆက်သွယ်ချက်ရှိပါတယ်။ ရောဂါတစ်မျိုးရှိရင် နောက်တစ်မျိုး ဖြစ်နိုင်ချေများပါတယ်။ ဒီအချက်တွေကို သေချာသိထားမယ်ဆိုရင် ရောဂါဖြစ်နိုင်ချေတွေကို လျှော့ချဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
နှလုံးရမ်းခါခြင်းကြောင့် အခြားနောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တော့ခြင်း ဆိုတာကတော့ အားနည်းသွားတဲ့နှလုံးက ကောင်းကောင်း မညှစ်နိုင်တော့တဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သွေးထောက်ပံ့မှုတွေ မပေးနိုင်တော့တာ ဖြစ်ပါတယ်။ ဒီအခါမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမြန်ခြင်း စတာတွေ ခံစားရပြီး လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း စတဲ့ နေ့စဉ်လုပ်ငန်းတွေကိုတောင်မှ လုပ်ဖို့ခက်ခဲသွားစေနိုင်ပါတယ်။
နှလုံးရမ်းခါခြင်းကြောင့် နှလုံးအလုပ်မလုပ်နိုင်ခြင်း (သို့) နှလုံးကျရှုံးခြင်း ဖြစ်နိုင်ချေများစေသလို နှလုံးကျဆုံးခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒီရောဂါတွေနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက် (၉) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
1. နှလုံးရမ်းခါခြင်း (AF) ရှိပါက နှလုံး ပုံမှန်အတိုင်း မခုန်နိုင်တော့ပါဘူး။ ပုံမှန်အားကောင်းကောင်းနဲ့ နှလုံးခုန်ရမယ့်အစား နှလုံးက ပုံမမှန်ဘဲ အားပျော့ပျော့လေး ခုန်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှလုံးကို ပျက်စီးလာစေပါတယ်။ နှလုံးက တဖြည်းဖြည်း ကြီးလာပြီး အားနည်းလာကာ စတင်ပြီးကျဆုံးလာပါတယ်။ AF ရှိတဲ့သူတွေမှာ နှလုံးကျဆုံးခြင်းဖြစ်နိုင်ချေ ၃ ဆ ပိုများပါတယ်။
2. အသက်ရှူမြန်တာ ပိုဆိုးလာခြင်း၊ မောပန်းခြင်း၊ ခြေထောက်၊ ခြေကျင်းဝတ်များ ဖောရောင်လာခြင်း၊ အစာအိမ်ရောင်ခြင်း စတာတွေက နှလုံးအလုပ်မလုပ်နိုင်ခြင်းရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။
နှလုံးရမ်းခါတဲ့ရောဂါက ရောဂါလက္ခဏာ ပြချင်မှပြပါတယ်။ လက္ခဏာပြပြီဆိုရင် မောပန်းခြင်း၊ နှလုံးတုန်ခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ နှလုံးတုန်ခါခြင်းကို ကောင်းကောင်းမထိန်းချုပ်နိုင်ပါက သွေးတွေက နှလုံးနဲ့အဆုတ်ထဲကို ပြန်စီးဝင်ပြီး နှလုံးကျဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ နှလုံးအလုပ်မလုပ်နိုင်တော့တဲ့အခါမှာ တစ်သျှူးတွေထဲမှာ အရည်တွေ စုပုံလာပြီး အသက်ရှူရ ပိုခက်လာခြင်း၊ အရမ်းမောလာခြင်းနဲ့ ဖောရောခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
3. သွေးတိုးခြင်း၊ ဆီးချိုနှင့် အဝလွန်ခြင်းတွေက နှလုံးကျဆုံးခြင်း ဖြစ်စေနိုင်တဲ့အချက်တွေ ဖြစ်ပါတယ်။
သွေးတိုး၊ နှလုံးသွေးကြောရောဂါ၊ နှလုံးအဆို့ရှင်ပုံမမှန်ခြင်း၊ ဆီးချို၊ အသက်ကြီးခြင်း၊ အိပ်မပျော်ခြင်းနဲ့ အဝလွန်ခြင်းစတာတွေက နှလုံးရမ်းခါခြင်းနဲ့ နှလုံးကျဆုံးခြင်း အဖြစ်များစေတဲ့အချက်တွေ ဖြစ်ပါတယ်။
4. နှလုံးခုန်ပုံမှန်ဖြစ်စေဖို့အတွက် အထောက်အကူပြုတဲ့ဆေးတွေက နှလုံးအလုပ်မလုပ်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
နှလုံးအရမ်းရမ်းခါတဲ့အခါမှာ သုံးတဲ့ နှလုံးခုန်နှုန်းကိုနှေးစေတဲ့ဆေးတွေကို နှလုံးခုန်နှုန်းထိန်းဆေးလို့ခေါ်ပြီး နှလုံးကို ပုံမှန်အတိုင်း ခုန်စေတဲ့ဆေးတွေကိုတော့ စည်းချက်ညှိပေးတဲ့ဆေးလို့ ခေါ်ပါတယ်။ ဒီဆေးနှစ်မျိုးစလုံးက နှလုံးခုန်တာကို ပိုပြီးအားကောင်းစေတဲ့အတွက် နှလုံးရမ်းခါခြင်းနဲ့ နှလုံးအလုပ်မလုပ်ခြင်း ရောဂါနှစ်မျိုးလုံးအတွက် အကျိုးရှိပါတယ်။
5. Ablation လို့ခေါ်တဲ့ နှလုံးခွဲစိတ်မှုက နှလုံးကျဆုံးခြင်းကို ကာကွယ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
လေ့လာမှုများစွာအရ နှလုံးရမ်းခါခြင်းရှိသူတွေမှာ catheter ablation လို့ခေါ်တဲ့ ခွဲစိတ်မှုတစ်မျိုးက နှလုံးကျဆုံးခြင်းကို ကာကွယ်ပေးတယ်လို့ တွေ့ရှိရပါတယ်။ ablation ဆိုတာက ရှည်လျားပြီး ကွေးဆန့်လို့ရတဲ့ပြွန်တစ်ခုကို လက်မောင်း (သို့) ပေါင်မှာရှိတဲ့သွေးကြောကမှတစ်ဆင့် နှလုံးထဲကိုထည့်ခြင်း ဖြစ်ပါတယ်။ ဒီပြွန်ကနေတစ်ဆင့် ပို့လိုက်တဲ့ ရေဒီယိုလှိုင်းတွေက နှလုံးခုန်မမှန်ခြင်းနဲ့ နှလုံးရမ်းခါခြင်း စတင်ပြီး ဖြစ်စေတဲ့နေရာကို ဖျက်ဆီးလိုက်ပါတယ်။
6. နှလုံးရမ်းခါခြင်းကို ထိန်းချုပ်နိုင်ပြီဆိုရင်တောင်မှ နှလုံးကျဆုံးခြင်းမဖြစ်အောင် ကာကွယ်ဖို့အတွက် လုပ်ဆောင်ရမယ့်အချက်တွေ ရှိပါသေးတယ်။
နှလုံးရမ်းခါခြင်းမရှိဘူး (သို့) ဒါကိုထိန်းချုပ်ထားနိုင်ပြီဆိုရင်တောင်မှပဲ နှလုံးကျဆုံးခြင်းဖြစ်နိုင်ချေတွေ ရှိပါသေးတယ်။ ဆီးချို၊ သွေးတိုး စတဲ့ နှလုံးကို ထိခိုက်စေနိုင်တဲ့ ရောဂါကို ဆရာဝန်နဲ့ သေချာကုသမှုခံယူပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကို ရွေးချယ်နေထိုင်ပါ။
7. ဆေးလိပ်မသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းက နှလုံးရမ်းခါခြင်းနဲ့ နှလုံးကျဆုံးခြင်းများကို ကာကွယ်ဖို့ အထောက်အကူပြုပါတယ်။
ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ အဝလွန်နေတယ်ဆိုရင် ကိုယ်အလေးချိန်ချဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။ ကိုယ်လက်လှုပ်ရှား အချိန်အနည်းငယ်လုပ်တာကတောင်မှ နှလုံးအတွက်ကောင်းပြီး နှလုံးကျဆုံးနိုင်ချေကို လျော့နည်းစေပါတယ်။
8. နှလုံးကျန်းမာစေတဲ့ အစားအစာတွေက နှလုံးကျဆုံးခြင်းဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
နှလုံးကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေမှာ ဟင်းသီးဟင်းရွက်၊ သစ်သီးများ၊ ပြုပြင်ထားခြင်းမရှိသော အစေ့အဆံများ၊ အဆီနည်းသော အသားဓာတ် စတာတွေ ပါဝင်ပါတယ်။ အဆီများတဲ့အစားအစာတွေ၊ သကြားပါဝင်တဲ့ အစားအစာတွေနဲ့ ပေါင်မုန့်ဖြူ၊ ဆန်စတဲ့ သန့်စင်ထားတဲ့ အစေ့အဆံတွေကို ရှောင်ကြဉ်ရပါမယ်။ ဒီဖြူအောင်ဖွတ်ပြီး သန့်စင်ထားတဲ့ ကောက်ပဲသီးနှံတွေက အစာချေမြန်ပြီး သကြားပမာဏ များစေကာ နှလုံးအတွက် မကောင်းပါဘူး။
9. အရက် အလွန်အကျွံသောက်ခြင်းနဲ့ ဆား အလွန်အကျွံစားခြင်းမှ ရှောင်ကြဉ်ပါက နှလုံးကျဆုံးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အရက် အလွန်အကျွံသောက်သုံးခြင်းကြောင့် နှလုံးတုန်ခါခြင်းကို ပိုဆိုးစေပြီး နှလုံးကို ဖိအားပိုများစေပါတယ်။ ဒါကြောင့် နှလုံးအတွက် အရက်ကို အတော်အသင့်သာ သောက်သုံးပါ။ ဆား ပါဝင်မှုများတဲ့ အစားအစာတွေကလည်း ကျွနု်ပ်တို့ရဲ့စနစ်တွေထဲမှာ အရည်တွေ ပိုနေစေတဲ့အတွက် နှလုံးကို ဖိအားဖြစ်စေပါတယ်။ ဒါကြောင့် အငန်တွေ လျှော့စားပြီး ဆား စားသုံးမှုကိုလည်း ကန့်သတ်ထားပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























