/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးအာထရာစောင်း-ရိုက်တော့မယ်ဆိုရင်

နှလုံးအာထရာစောင်း ရိုက်တော့မယ်ဆိုရင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ဆေးပညာအသုံးအရအရှည် echocardiogramလို့ ခေါ်တဲ့ နှလုံး echo ဆိုတာ နှလုံးကို အာထရာစောင်းရိုက်တဲ့ သဘောတရားပါပဲ။ Echo ရိုက်တော့မယ်ဆိုရင် သိထားရမှာတွေက -

၁။    နှလုံးအာထရာစောင်း Echo မှာ ဘာတွေမြင်ရမလဲ?
      Echo ရိုက်တဲ့အခါ အာထရာစောင်းစက်ရဲ့ အသံလှိုင်းတွေဟာ နှလုံးထဲက လှုပ်ရှားနေတဲ့ ပုံရိပ်တွေအဖြစ်ကို ပြောင်းလဲလိုက်တာပါ။ ဒီနည်းလမ်းဟာ အသံလှိုင်းကို သုံးတာမို့ လူနာကို ဓာတ်ရောင်ခြည်သင့်တာတွေ မဖြစ်စေပါဘူး။ နှလုံးနံရံတွေ၊ အစို့ရှင်တွေ လှုပ်ရှားနေတာတွေကို ဖော်ပြနိုင်တဲ့ နည်းပညာတစ်မျိုးပါပဲ။ နှလုံးရဲ့ အရွယ်အစားနဲ့ တည်ဆောက်ပုံတွေကိုလည်း မြင်နိုင်ပါတယ်။

၂။    ဘာကြောင့် echo ရိုက်ရသလဲ?
       ဆရာဝန်က Echo ရိုက်ခိုင်းရတာ အကြောင်းရင်း အမျိုးမျိုးရှိပါတယ်။ နားကြပ်နဲ့ နားထောင်တဲ့အခါ ပုံမမှန်တဲ့ နှလုံးခုန်သံကြားနေရတာက အများဆုံးအကြောင်းရင်းပေါ့။ ရင်ဘတ်အောင့်တာမျိုးရှိရင်လည်း ရိုက်စေပါလိမ့်မယ်။ ရိုက်လိုက်တော့မှ ဘာကြောင့်ဖြစ်နေတယ်ဆိုတာ ရောဂါရှာတွေ့နိုင်တာအပြင် နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာ၊ နှလုံးခွဲစိတ်တာတွေ ပြီးချိန်မှာ နှလုံးကို စောင့်ကြည့်လို့လည်း ရပါတယ်။

၃။    Echo ရိုက်တဲ့အခါ ဘာတွေမျှော်လင့်ထားရမလဲ?
       Echo လို့ပြောရင် များသောအားဖြင့်ကတော့ ရိုးရိုးရင်ဘတ်ပေါ်ကနေရိုက်တဲ့ echo ကိုပဲ ဆိုလိုကြတာပါ။ အာထရာစောင်းရိုက်သလိုပဲ ခုတင်ပေါ်မှာလှဲပြီး ရင်ဘတ်ကို အာထရာစောင်း တုတ်တံလေးနဲ့ထောက်ပြီး ကြည့်ရပါတယ်။ ဘာမှစိုးရိမ်စရာ မလိုပါဘူး။
      အစာပြွန်ကနေကြည့်တဲ့ echo ကျတော့ အာထရာစောင်း တုတ်တံသေးသေးလေးကို လည်ချောင်းထဲမျိုချပြီး နှလုံးထဲကပုံရိပ်တွေကို လှမ်းဖမ်းတာပါ။ ရင်ဘတ်ပေါ်ကကြည့်တာထက် ပိုကြည်လင်ပြတ်သားတဲ့ ရုပ်ပုံတွေကို မြင်ရတာပေါ့။

၄။    Echo ရိုက်ပြီးတဲ့အခါ ဘာလုပ်ဖို့လိုမလဲ?
       အဖြေကို ချက်ချင်းရနိုင်သလို၊ တစ်ရက်လောက် စောင့်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ရင်ဘတ်ပေါ်ကရိုက်တဲ့ ရိုးရိုး Echo ဆိုရင်တော့ ပုံမှန်အတိုင်း ပြန်လုပ်နိုင်ပါတယ်။ အစာပြွန်ထဲထည့်ရိုက်တဲ့ Echo ဆိုရင် ကြွက်သားတွေ ပြေလျော့ဖို့ ဆေးပေးထားတာမို့ နာရီပိုင်းလောက် ကားမမောင်းသေးဘဲ နားဖို့ လိုပါတယ်။ တစ်ရက်၊ နှစ်ရက်လောက် လည်ချောင်းနာနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

၅။    Echo ရိုက်တာနဲ့ တစ်ပြိုင်တည်း တခြားစစ်ဆေးမှုတွေလည်း လိုနိုင်ပါတယ်။
       Echo နဲ့ တွဲလုပ်ခိုင်းလေ့ရှိတဲ့ စစ်ဆေးမှုတွေကတော့ -
●     နှလုံးသွေးကြောထဲ ပိုက်ထည့်ခြင်း : ပိုက်သေးသေးလေးကို လည်ပင်း၊ ပေါင်ခြံ၊ လက်မောင်း စတဲ့ နေရာသွေးကြောတွေကနေ နှလုံးထဲကို ထည့်တာပါ။ နှလုံးရောဂါတွေကို ရှာဖွေကုသတဲ့ နည်းလမ်းတစ်ခုပေါ့။ ဥပမာ - နှလုံးသွေးကြော ကျဉ်း၊ မကျဉ်း သိချင်ရင် ပိုက်ထည့်ပြီး နှလုံးသွေးကြော ကွန်ပျူတာဓာတ်မှန် ရိုက်လို့ရပါတယ်။
●     ဓာတ်မှန်၊ CT ကွန်ပျူတာဓာတ်မှန်၊ MRI သံလိုက်ဓာတ်မှန် : ပုံရိပ်အမျိုးမျိုးနဲ့ ရင်ဘတ်ထဲကို လှမ်းကြည့်တဲ့သဘောမျိုးပေါ့။
●     ECG : နှလုံးရဲ့ လျှပ်စီးမှုကို ကြည့်နိုင်ပါတယ်။
●     နှလုံးကို ဖိစီးမှုပေးပြီး စမ်းသပ်ခြင်း : လေ့ကျင့်ခန်းက နှလုံးပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကို ပြေးစက်ပေါ်ဖွဖွလေးပြေးပြီး စမ်းသပ်တာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)