/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးအားနည်းခြင်း-လက္ခဏာများ

နှလုံးအားနည်းခြင်း လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မကြာခဏ ရင်တုန်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း ဖြစ်လေ့ရှိသူများကို နှလုံးအားနည်းသည်ဟု အရပ်ထဲတွင် အကြမ်းဖျင်း သတ်မှတ်ကြပါသည်။

          နှလုံးအားနည်းခြင်းဆိုသည်မှာ ရောဂါတစ်ခု ဆိုတာထက် ရောဂါလက္ခဏာစု တစ်ခုသာ ဖြစ်ပါသည်။

          နှလုံးအားနည်းခြင်းကို အုပ်စုနှစ်စု ခွဲခြားနိုင်ပါသည်။ပထမအုပ်စုမှာ နှလုံးက ကောင်းမွန်စွာ သွေးမညှစ်နိုင်သောကြောင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများဆီသို့ သွေး ကောင်းစွာ မရောက်ခြင်းဖြစ်ပြီး ဒုတိယအုပ်စုကတော့ နှလုံးကြွက်သားများ တောင့်တင်းနေခြင်းကြောင့် နှလုံး၏လုပ်ငန်းဆောင်တာများကို မဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

          နှလုံးအားနည်းခြင်းဟာ တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး အချိန်ကြာတာနှင့်အမျှ နှလုံးမှာ အားနည်းသည်ထက် အားနည်းလာပြီး အခြေအနေ ပိုဆိုးသွားပါသည်။

          ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးဟာ နှလုံးက ဖြန့်ဖြူးပေးသော အောက်ဆီဂျင်ပါသည့် သွေးအပေါ် မှှီခိုနေရခြင်းကြောင့် နှလုံးအားနည်းခြင်းက တစ်ကိုယ်လုံးကို ဆိုးကိျုးသက်ရောက်စေမှာ ဖြစ်ပါသည်။

 

>>    နှလုံးအားနည်းခြင်း လက္ခဏာများ

●        နှလုံးအားနည်းခြင်း အတိမ်အနက်ပေါ် မူတည်ပြီး လက္ခဏာ ကွဲပြားသလို နှလုံး၏ ဘယ်ဘက်၊ ညာဘက်ပေါ် မူတည်ပြီးလည်း ကွဲပြားပါသည်။

●        နှလုံး ဘယ်ဘက်ဟာ အဆုတ်က အောက်ဆီဂျင်ပါသော သွေးများကို လက်ခံတာကြောင့် ဘယ်ဘက်နှလုံး အားနည်းပါက သွေးတွေဟာ အဆုတ်သို့ ပြန်စီးဆင်းပါလိမ့်မယ်။ ထိုအခါ အသက်ရှူကြပ်ခြင်းနှင့် အဆုတ်ဆိုင်ရာပြဿနာများ ကြုံတွေ့ရပါသည်။

●        နှလုံး ညာဘက်အားနည်းခြင်းတွင် တစ်ကိုယ်လုံးက သွေးညစ်များဟာ နှလုံးညာဘက်သို့ ပြန်မသွားနိုင်ဘဲ  တစ်ကိုယ်လုံးတွင် စုပုံနေပါလိမ့်မည်။ ထိုအခါ ဗိုက်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ခြေထောက်များတွင် အရည်များ စုပုံနေစေပါတယ်။

 

>>    နှလုံးတွင် အရည်များ စုပုံခြင်းကြောင့် နှလုံးအားနည်းခြင်းဆိုင်ရာ လက္ခဏာများ

●        မောခြင်း၊ အသက်ရှူမ၀ခြင်း

●        လှဲအိပ်သောအခါ မောခြင်း

●        ခန္ဓာကို်ယ်ကို ကွေးသောအခါ မောခြင်း

●        ခြေချင်း၀တ်နှင့် ခြေထောက်များတွင် ဖောရောင်ခြင်း၊ ၀မ်းဗိုက် ရေဖျဉ်းဆွဲခြင်း။

●        ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာခြင်းတို့ ဖြစ်ပါသည်။

          ထို့ပြင် ကိုယ်ခန္ဓာ အစိတ်အပိုင်းများဆီသို့ သွေးစီးဆင်းမှု နည်းလာသောကြောင့် မောပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း၊ ခြေဖျားလက်ဖျားအေးခြင်းတို့ကိုလည်း ခံစားရမှာ ဖြစ်ပါသည်။

●        နှလုံးအားနည်းခြင်း ပိုဆိုးလာသည်နှင့်အမျှ ခေါင်းမူးခြင်း၊ သတိလစ်ခြင်းတို့ကိုပါ ခံစားရတတ်ပြီး သွေးပေါင်ကျခြင်း၊ ရင်တုန်ခြင်းတို့ကိုပါ ဖြစ်စေတတ်ပါသည်။

●        နောက်ဆုံးတွင် သွေးစီးဆင်းမှု မကောင်းသောကြောင့် အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိမေ့ခြင်းတို့ပါ ဖြစ်ပေါ်လာပါက အခြေအနေဆိုးရွားနေကြောင်း သိရှိရမည်ဖြစ်သည်။

          ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါတယ်။ ရောဂါဖြစ်မှ ဆေးသောက်သည်ထက်စာလျှင် နှလုံးအားနည်းခြင်းကို ဖြစ်စေသော သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် နှလုံးရောဂါများ မဖြစ်ပေါ်အောင် ကာကွယ်ပြီး ထိုရောဂါများ ရှိနေပါက သေသေချာချာ ဆေးကုသမှု ခံယူသင့်ပါသည်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)