နှလုံး၏ နောက်ဆက်တွဲရောဂါများ
ရောဂါတစ်ခုဖြစ်ပြီးဆိုရင် သူ့ရဲ့အပေါင်းအပါတွေက နောက်ကလိုက်လာတတ်စမြဲပါပဲ။ နှလုံးရောဂါရှိသူတွေမှာ သေချာဂရုမစိုက်ဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ လေဖြတ်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စရောတက်ခြင်း၊ နှလုံးတလှပ်လှပ်ခုန်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။
နှလုံးရောဂါနဲ့ ဆက်နွယ်နေတဲ့အခြေအနေတွေကို ဘယ်လိုထိန်းချုပ်မယ်ဆိုတာ အောက်မှာ ဖော်ပြသွားပါမယ်။
>> လေဖြတ်ခြင်း
လေဖြတ်တဲ့အခါ -
● အဖျား
● သွေးပေါင်
● ဦးနှောက်သွေးယိုခြင်း
● ဆီးချိုအတက်အကျတွေကို ဆရာဝန်က အထူးဂရုစိုက်ထိန်းပါလိမ့်မယ်။
ဒီလိုအချက်တွေကို သေချာထိန်းခြင်းအားဖြင့် ခန္ဓာကိုယ်မှာ ဖိစီးမှုနည်းစေပြီး ဦးနှောက်လည်း ကောင်းကောင်း ပြန်လည်နာလန်ထူနိုင်မှာပါ။
>> သွေးတိုးခြင်း
သွေးတိုးခဲ့ရင် -
● သွေးပေါင်ကို သေချာချိန်ပါ။
● ဆားလျှော့စားပါ။
● ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
● ဆရာဝန် ညွှန်ကြားချက်အတိုင်း အချိန်မှန် ဆေးသောက်ပါ။
အိမ်မှာ သွေးပေါင်တိုင်းတဲ့အခါ -
● သွေးပေါင်တိုင်းစက်ကို ကိုယ့်လက်မောင်းနဲ့ ကိုက်ညီတဲ့စက်ကို သေချာရွေးချယ်ပါ။
● သွေးပေါင်မတိုင်းမီ ၅ မိနစ်လောက် အနားယူပါ။
● ကော်ဖီတို့၊ ဆေးလိပ်တို့ သောက်ထားရင် နာရီဝက်လောက်စောင့်ပြီးမှ သွေးပေါင်တိုင်းပါ။ ဖြစ်နိုင်ရင် နှလုံးရောဂါရှိသူတွေမှာ ဆေးလိပ် လုံးဝမသောက်တာ အကောင်းဆုံးပါပဲ။
● အင်္ကျီကြပ်ကြပ်တွေ မဝတ်ထားပါနဲ့။ လက်မောင်းကို ခေါက်တင်ထားတာမျိုးကလည်း သွေးပေါင်ကို တက်စေနိုင်ပါတယ်။
● ခြေထောက်ကို ကြမ်းပြင်မှာ ချထိုင်ပါ။ ခါးကို မှီထားပါ။ လက်မောင်းကို နှလုံးနဲ့ တစ်တန်းတည်းထားပါ။
● ၂ မိနစ်လောက်ခြားပြီး သွေးပေါင်ပြန်ချိန်ပါ။
● ပျမ်းမှ ျသွေးပေါင်ချိန်ကို ရဖို့အတွက် တစ်နေ့ကို နှစ်ကြိမ်၊ တစ်ပတ်တိတိ သွေးပေါင်တိုင်းပေးပါ။ ပြီးရင်တော့ ဘာဆက်လုပ်သင့်တယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အဖြေမှန်စေဖို့အတွက် သွေးပေါင်တိုင်းနေရင်း စကားပြောတာ၊ စားတာ၊ ဖုန်းကြည့်တာ၊ တီဗီကြည့်တာမျိုး မလုပ်ပါနဲ့။
>> ကိုလက်စထရောတက်ခြင်း
ကိုလက်စထရော တက်နေခဲ့ရင် -
● စားတဲ့အစားအသောက်ထဲမှာ ပြည့်ဝဆီနဲ့ စုစုပေါင်းအဆီပမာဏကို လျှော့ချပါ။
● ဟင်းသီးဟင်းရွက်၊ အစေ့အနှံတွေကို များများစားပေးပါ။
● ဘယ်လိုလူနေမှုပုံစံက ကိုလက်စထရောပမာဏကို ထိန်းပေးနိုင်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
>> နှလုံး တလှပ်လှပ်ခုန်ခြင်း atrial fibrillation
နှလုံး တလှပ်လှပ်ခုန်ရောဂါရှိခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူရပါမယ်။
● သွေးကြဲဆေးသောက်တာ
● နှလုံးခုန်နှုန်းနဲ့ စည်းချက်မှန်စေတဲ့ဆေးသောက်တာ
● နှလုံးခုန်နှုန်းထိန်းတဲ့ လုပ်ထုံးလုပ်နည်းတွေပြုလုပ်တာ
● နှလုံးစက်ရိုက်တာ
● နှလုံးခုန်နှုန်းမမှန်ဖြစ်စေတဲ့ နှလုံးနေရာကိုဖြတ်ထုတ်တာ စတာတွေ ပြုလုပ်နိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























