နှလုံး ပုံမှန်အလုပ်မလုပ်နိုင်ခြင်းရဲ့ နောက်ဆုံးအဆင့်မှာ ကြုံတွေ့ရသောလက္ခဏာများ
နှလုံးက ကျွနု်ပ်တို့ ခန္ဓာကိုယ်အနှံ့ကို သွေးရောက်ပြီးတော့ ကိုယ်တွင်းအင်္ဂါတွေကို သွေးနဲ့ အောက်ဆီဂျင်တွေ ရရှိစေဖို့အတွက် အလုပ်လုပ်ပေးပါတယ်။ ဒီလို ပုံမှန်အလုပ် မလုပ်နိုင်တော့ဘူးဆိုရင် နှလုံး အလုပ်မလုပ်နိုင်တော့ခြင်းလို့ ခေါ်ပါတယ်။ ကုသမှုမခံယူဘဲ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးပိုဆိုးလာပြီး နောက်ဆုံးအဆင့် နှလုံးရောဂါကို ရောက်ရှိလာနိုင်ပါတယ်။
♦ ရောဂါလက္ခဏာများ
အချို့လက္ခဏာတွေက ပုံမှန်အသက်ကြီးရင် ဖြစ်လေ့ရှိတဲ့လက္ခဏာတွေနဲ့ မှားတတ်ပါတယ်။ ဒါပေမဲ့ နှလုံး ပိုဆိုးလာလေ လက္ခဏာတွေ ပိုများများ ခံစားရပြီး ပိုပြင်းထန်လာတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ -
1. အသက်ရှူမြန်ခြင်း - လှေကားတက်တဲ့အချိန်တွေမှာ အသက်ရှူရ ခက်ခဲလာမယ်။ ရောဂါ ပိုဆိုးလာတာနဲ့အမျှ အချိန်အနည်းငယ် အသက်မရှူနိုင်ခြင်းနဲ့ ထိုင်နေချိန်မှာတောင် အသက်ရှူ ခက်ခဲခြင်းတွေ ကြုံတွေ့ရတတ်ပါတယ်။
2. အိပ်မရခြင်း - လှဲအိပ်နေတဲ့အချိန်မှာ အသက်ရှူရ ပိုခက်တတ်ပါတယ်။ အိပ်လိုက်ရင် အသက်ရှူလို့ မရတဲ့အတွက် အိပ်မပျော်ခြင်း (သို့) အိပ်နေရင်း အသက်ရှူမဝလို့ နိုးလာခြင်းတွေ ခံစားရတတ်ပါတယ်။ ရောဂါပိုဆိုးလာတာနဲ့အမျှ အသက်ရှူရ ပိုခက်လာပြီး အိပ်ချိန်မှာ ကြုံရတတ်တဲ့ပြဿနာတွေလည်း ပိုဆိုးလာနိုင်ပါတယ်။
3. ချောင်းဆိုးခြင်း - အိပ်ရာထဲမှာ လှဲအိပ်နေတုန်း ချောင်းခြောက်ဆိုးနိုင်ပါတယ်။ နေ့လည်ဘက်တွေမှာလည်း ချောင်းဆိုးတတ်ပြီး ပန်းရောင်သမ်းတဲ့ ချွဲသလိပ်တွေ ထွက်ပါတယ်။ ချွဲတွေ ပန်းရောင်သမ်းရခြင်းကတော့ သွေးအနည်းငယ်ပါလို့ ဖြစ်ပါတယ်။
4. မောပန်းခြင်း - ပုံမှန်အလုပ်လေးတွေ လုပ်ရင်တောင် မောပန်းလာပါတယ်။ ရောဂါဆိုးလာရင်တော့ နားနေရင်းတောင်မှ မောနေပါတယ်။
5. ဖောရောင်ခြင်း - နှလုံးက ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးမပို့နိုင်တော့တဲ့အတွက် အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ သွေးတွေစုပုံလာပြီး ခြေထောက်၊ ခြေကျင်းဝတ်နဲ့ ဝမ်းဗိုက်တွေ ဖောရောင်လာစေပါတယ်။ ဒီနေရာတွေမှာ ရေတွေ စုပုံလာတဲ့အတွက် ကိုယ်အလေးချိန် တက်လာပါတယ်။ ရောဂါပိုဆိုးလာရင် ပိုဖောပြီး ကိုယ်အလေးချိန် ပိုတက်လာပါတယ်။
6. အစားနည်းလာခြင်း - ဆာလောင်ခြင်းကင်းပြီး အစားလည်း နည်းလာပါတယ်။ ရောဂါပိုဆိုးလာရင် ပိုသိသာလာပါတယ်။
7. ဆီးခဏခဏသွားခြင်း - ကျန်းမာတုန်းကထက်စာရင် နှလုံးမကောင်းတဲ့အခါမှာ ညဘက်ထပြီး ဆီး ပိုပေါက်ရပါတယ်။ ပိုလာတဲ့အရည်တွေကို ခန္ဓာကိုယ်က စွန့်ထုတ်ရခြင်းကြောင့် ဖြစ်ပါတယ်။
8. နှလုံးခုန်မြန်ခြင်း - နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်းတွေ ခံစားရပါတယ်။ လိုအပ်သလောက်သွေးကို နှလုံးက ညှစ်ထုတ်မပေးနိုင်တဲ့အတွက် လိုတဲ့သွေးတွေကို ပေးနိုင်ဖို့အတွက် နှလုံးက ပိုပြီးမြန်မြန် အလုပ်လုပ်ရပါတယ်။ ရောဂါပိုဆိုးလာလေ နှလုံးခုန် ပိုမြန်လာလေပါပဲ။
9. စိုးရိမ်စိတ်များခြင်း - ရောဂါကြောင့် ကိုယ့်ကျန်းမာရေး ကိုယ်စိတ်ပူလာစေပါတယ်။ ချေွးထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ မောပန်းခြင်း စတဲ့လက္ခဏာတွေ ပြလာပါတယ်။ ရောဂါပိုဆိုးလာတာနဲ့အမျှ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုတွေလည်း ပိုများလာပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























