နှာခေါင်းချွဲပိတ်ခြင်းကြောင့် နားကိုက်ခြင်း
ဦးခေါင်းခွံတွင်း လေလမ်းကြောငး်တွေ ချွဲပိတ်တဲ့အခါ နာကျင်မူးဝေပြီး လေယာဉ်ပျံဆင်းတဲ့အခါမှာ ဖြစ်တတ်သလို နားအူလာတတ်ပါတယ်။
>> ဒီလိုဖြစ်လာခဲ့ရင် ဘာတွေလုပ်သင့်သလဲ?
ဦးခေါင်းခွံတွင်းလေလမ်းကြောင်းနဲ့ နားဟာ အတွင်းမှ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီဦးခေါင်းတွင်း လေလမ်းကြောင်းတွေ ချွဲပိတ်ပြီး ထိပ်ကပ်နာဖြစ်လာတဲ့အခါ နားအတွင်းဖိအားလည်း များလာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ချွဲပိတ်ခြင်းကို သေချာကုသဖို့ လိုအပ်လာပါတယ်။
>> နှာပိတ်ခြင်းနှင့် နားကိုက်ခြင်းအတွက်
၁။ အစိုဓာတ်ပြည့်ဝအောင် နေပါ။
ပိုးသတ်ထားတဲ့ ဆေလိုင်းဆားရည်ဖြန်းဆေးကို မကြာခဏ ဖြန်းဖြန်းပေးပါ။ ရေစိုဝတ်နွေးနွေးကို မျက်နှာမှာ ကပ်ထားပေးခြငး်ကလည်း အစိုဓာတ်ရစေပြီး နာကျင်ခြင်းတွေကို သက်သာစေနိုင်မှာပါ။
အခန်းအစိုဓာတ်ထိန်းစက်တွေ အခန်းထဲထားခြင်းက သက်သာစေနိုင်သလို ရေချိုးခန်းထဲ ရေနွေးဖွင့်ချပြီး ၁၅ မိနစ်ခန့် ထိုင်ပေးခြင်းကလည်း နာကျင်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။
၂။ ဆေးသောက်ပါ။
နားကိုက်တာကို သက်သာစေနိုင်ဖို့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ Acetaminophen, ibuprofen, naproxen စတဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
နှာပွင့်ဆေး သောက်ပါ။ ချွဲပိတ်ခြင်းကို သက်သာစေတဲ့ နှာပွင့်သောက်ဆေး၊ ဖြန်းဆေးတွေကို ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။ ဒါပေမဲ့ ဖြန်းဆေးကို ၃ ရက်ထက် ပိုမသုံးမိဖို့တော့ သတိပြုပါ။
၃။ အပူ၊ အအေးကို သတိပြုပါ။
နားပိတ်ခြင်း ဝေဒနာခံစားနေရချိန်မှာ ပူလွန်း၊ အေးလွန်းတာကို ရှောင်ဖို့လိုပါတယ်။ ဒါကြောင့် ပူအိုက်နေတဲ့ ရာသီဥတုမှာ ပြေးတာ၊ နှင်းခဲတွေနဲ့ ပစ်ပေါက်ကစားတာတွေ မလုပ်သင့်ပါဘူး။
၄။ ခေါင်းမတ်ထားပါ။
ခေါင်းငုံ့ထားတဲ့အခါ ဖိအားပိုများပြီး ပိုနာစေတဲ့အတွက် တတ်နိုင်ရင် ယောဂသင်တန်းကို ခဏနားထားသင့်ပါတယ်။
၅။ နှာပြင်းပြင်းမညှစ်ပါနဲ့။
နှာညှစ်တဲ့အခါ နှာခေါင်းတစ်ဖက်ကို ပိတ်ထားသင့်ပါတယ်။
>> မူးဝေခြင်း
နားအတွင်းပိုင်းမှာ ဖိအားများလာတဲ့အခါ မူးဝေလာတတ်ပါတယ်။
၁။ ဖြည်းဖြည်းလှုပ်ရှားပါ။
ရုတ်တရက် မတ်တပ်ရပ်တာ၊ ခေါင်းပြင်းပြင်းခါတာမျိုးတွေ မလုပ်မိပါစေနဲ့။
၂။ ရေများများသောက်ပါ။
ညနေဘက်တွေကို ရေ အများကြီး သောက်ပါ။ ရေဓာတ် ပြည့်ဝနေတဲ့အခါ နှာခေါင်းတွင်းချွဲတွေ ကျဲသွားပြီး ညဘက်အိပ်ချိန်မှာ နှာခေါင်းပိတ်ခြင်းဝေဒနာ ခံစားရခြင်းကို သက်သာစေနိုင်ပါတယ်။
၃။ ကော်ဖီ၊ ဆား၊ အရက်နဲ့ ဆေးလိပ်တွေကို ရှောင်ကြဉ်ပါ။
ဒီအရာတွေဟာ သွေးလည်ပတ်မှုအပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ နားတွင်းသွေးလည်ပတ်မှု အပြောင်းအလဲဖြစ်တဲ့အခါ နားကိုလည်း ထိခိုက်စေနိုင်ပါတယ်။
>> ခရီးသွားပြဿနာများ
လေယာဉ်စီး ခရီးသွားတဲ့အခါ လေထုဖိအား အပြောင်းအလဲ ဖြစ်တဲ့အတွက် ထိပ်ကပ်နာနဲ့ နားကိုက်နေသူတွေမှာ အခက်တွေ့ရတတ်ပါတယ်။
ဒါကြောင့် တတ်နိုင်ရင် နားနဲ့နှာခေါင်း ပြဿနာ တစ်စုံတစ်ရာရှိနေတဲ့အချိန်မှာ လေယျာဉ်စီး ခရီးသွားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
တကယ်လို့ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း နာကျင်မှုဝေဒနာတွေ မခံစားရခင်ကတည်းက ဆေးကြိုသောက်ထားသင့်ပါတယ်။ ဆေးတွေ ခန္ဓာကိုယ်ထဲ ရောက်ပြီးနောက် အစွမ်းပြဖို့ အချိန်တစ်ခု စောင့်ရတာကြောင့် လေယာဉ်ပေါ်မတက်ခင် အနည်းဆုံး မိနစ် ၃ဝ ကနေ ၁ နာရီခန့် ကြိုသောက်ထားသင့်ပါတယ်။
နားနဲ့နှာခေါင်း ဝေဒနာတွေဟာ ရေထဲဆင်းတဲ့အခါမှာလည်း ဒုက္ခရောက်စေနိုင်ပါတယ်။ နှာခေါင်းပိတ်နေစဉ်မှာ ရေအောက်ထဲဆင်းတဲ့အခါ နားတွင်းဖိအားကို ထိန်းညှိရာမှာ ခက်ခဲစေနိုင်ပါတယ်။ ဘေးအန္တရာယ် ထိခိုက်မှုတွေ ဖြစ်စေနိုင်တာကြောင့် ရေအောက်မငုပ်ဘဲ ခဏနားသင့်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တွေ့သင့်သလဲ?
ထိပ်ကပ်နာကြောင့် နားကိုက်ခြင်း၊ ဖိအားများခြင်းတို့ဟာ သူ့အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အောက်ပါလက္ခဏာတွေ ပေါ်လာခဲ့ရင် ဆရာဝန်နဲ့ တွေ့ဖို့ လိုအပ်ပါတယ်။
● အဖျားဝင်ခြင်း
● သာမန်ဆေးတွေနဲ့ မသက်သာခြင်း
● ၁ ပတ်ထက် ပိုကြာနေခြင်း၊ မကြာခဏ ပြန်ပြန်ဖြစ်နေခြင်း။
Dr. Mya Phoo Ngon (www.drmyanmar.com)






























