နှာခေါင်းထဲက အသားပို
တစ်ခါတလေ အကြောင်းတိုက်ဆိုင်လို့ မှန်ထဲကြည့်မိတဲ့အခါမှာ ကိုယ့်နှာခေါင်းထဲမှာ အသားပိုလေးေးတွ တွေ့ဖူး သတိထားမိဖူးပါသလား။
● ဒီနှာခေါင်းထဲက အသားပိုတွေဟာဆိုရင် ဓာတ်မတည့်ဘဲ အမြဲနှာချေ၊ နှာရည်ယိုနေတဲ့သူတွေ (သို့) ပန်းနာရင်ကြပ်ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
● အသားပိုလေးတွေကြောင့် နှာခေါင်းပေါက်ကိုပိတ်တာ၊ နှာရည်ယို နှာစေးတာတွေ ဖြစ်စေနိုင်ပါတယ်။
● Corticosteroids ဆေးတွေက အသားပိုလေးတွေကို ကျုံ့သွားစေနိုင်ပေမယ့်လည်း တစ်ခါတလေတော့ ခွဲစိတ်ပြီးတော့ ဖယ်ရှားပေးဖို့လိုနိုင်ပါတယ်။
နှာခေါင်းမှာရှိတဲ့ အသားပိုတွေကတော့ တခြား အူမကြီး၊ ဆီးအိမ်တွေထဲက အဖုတွေနဲ့မတူပါဘူး။ နှာခေါင်းထဲက အသားပိုလေးတွေက ကင်ဆာဖြစ်နိုင်ချေ မရှိပါဘူး။ ဒါတွေက ရောင်ရမ်းခြင်းကို တုံ့ပြန်တာဖြစ်သလို မိသားစုမျိုးရိုးရှိရင်လည်း ဖြစ်နိုင်ပါတယ်။
နှာခေါင်းကို ရောဂါပိုးဝင်ရင် အသီးလေးတွေ ထလာတတ်ပြီးတော့ ရောဂါပိုးပျောက်သွားပြီဆိုရင် ပြန်ပျောက်သွားတတ်ပါတယ်။ ပြီးတော့ နှာခေါင်းထဲမှာ ပြင်ပအရာဝတၳုတစ်ခုခုရှိနေရင်လည်း အသီးထွက်လာတတ်ပါတယ်။
>> ရောဂါလက္ခဏာများ
လူအများစုကတော့ အောက်ပါလက္ခဏာတွေ ရှိနေရင်တောင်မှာ နှာခေါင်းထဲမှာ အသားပိုဖြစ်နေတာကို သတိမထားဖြစ်ကြတာ များပါတယ်။
● နှာချေခြင်း
● နှာရည်ယိုနှာစေးခြင်း
● နှာခေါင်းပိတ်ခြင်း
● နှာရည်တွေက လည်ချောင်းထဲကို ပြန်စီးဝင်ခြင်း
● မျက်နှာမှာ နာကျင်ကိုက်ခဲခြင်း
● နှာခေါင်းက နှာရည်အရမ်းကျခြင်း
● နှာခေါင်းက အနံ့မရခြင်း
● အနံ့ခံနိုင်စွမ်းကျခြင်း
● မျက်လုံးတစ်ဝိုက် ယားယံခြင်း
● နှာခေါင်းအရိုးခေါင်းပွတွေမှာ နာတာရှည်ရောဂါပိုး ဝင်ခြင်း
>> ရောဂါရှာဖွေဖော်ထုတ်ခြင်း
ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးတော့ လိုအပ်ရင် ကင်ဆာမဟုတ်ကြောင်း သေချာစေဖို့အတွက် အသားစယူပြီး စစ်ဆေးပါလိမ့်မယ်။
>> ကုထုံးများ
နှာခေါင်းဖြန်းဆေး (သို့) သောက်ဆေးပုံစံနဲ့ corticosteroids ဆေးက နှာခေါင်းအသားပိုတွေကို ကျုံ့ပြီး သေးသွားစေခြင်းအားဖြင့် ဖယ်ရှားပေးပါတယ်။ နှာခေါင်းအသားပိုလေးတွေက လေလမ်းကြောင်းကို ပိတ်ဆို့တယ်ဆိုရင် (သို့) မကြာခဏ ရောဂါပိုးဝင်စေတယ်ဆိုရင်တော့ ခွဲစိတ်ပြီးတော့ ဖယ်ရှားပစ်ဖို့လိုပါတယ်။
အသားပိုထွက်စေတဲ့ နောက်ခံပြဿနာတစ်ခုခု၊ ဓာတ်မတည့်တာ (သို့) ရောဂါပိုးဝင်တာကို မထိန်းချုပ်နိုင်မချင်းကတော့ အသားပိုက သေးသွားမှာ မဟုတ်ပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























