/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာခေါင်းရောဂါများ

နှာခေါင်းရောဂါများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

နှာခေါင်းလမ်းကြောင်းဟာ အလယ်မှာ အရိုးနုခြားထားတဲ့ လေလမ်းကြောင်း ၂ ခုပါ။ နှာခေါင်းလမ်းကြောင်းဘေးနံရံမှာ မညီမညာ အရိုးမျက်နှာပြင် ၃ ခု၊ တစ်ခါတလေ ၄ ခုရှိပြိး အချွဲနဲ့ဖုံးအုပ်ထားပါတယ်။ နှာခေါင်းလမ်းကြောင်းဟာ နှာခေါင်းဘေးလေခေါင်းပေါက်နဲ့ ဆက်ထားပါတယ်။
လေခေါင်းပေါက်တွေကတော့ -
●  ပါးရိုးလေခေါင်းပေါက် : မျက်ရိုးအောက်မှာရှိတဲ့ ညီညီညာညာ လေခေါင်းပေါက်ကျယ် ၂ ခု
●  နဖူးလေခေါင်းပေါက် : နှာရိုးပေါ်က နဖူးရိုး‌‌အောက်က မညီမညာလေခေါင်းပေါက်
●  လေခေါင်းဆဲလ်ငယ်လေးများဆိုပြီး ရှိပါတယ်။

နှာခေါင်းလမ်းကြောင်း လုပ်ငန်းဆောင်တာတွေဟာ ထူးးခြားပါတယ်။
●  အသက်ရှူခြင်း : နှာခေါင်းဟာ အောက်စီဂျင်ပမာဏ မှန်မှန်ကန်ကန် ဝင်ရောက်နိုင်အောင် ထိန်းချုပ်ပေးပါတယ်။
●  အနံ့ခံခြင်း : နှာခေါင်းပေါက်ခေါင်မိုးရှိ အထူးမျက်နှာပြင်က လုပ်ဆောင်ပေးပါတယ်။
●  အကာအကွယ်လုပ်ပေးခြင်း : အမှုန်အမွှားတွေ၊ ပိုးမွှားတွေကနေ တားဆီးပေးပါတယ်။

>>  နှာခေါင်းမှာ ဖြစ်လေ့ရှိတဲ့ရောဂါ ၄ မျိုးကတော့ -
၁။  နှာ‌စေးခြင်း
နှာခေါင်းတွင်း ရောင်ရမ်းတဲ့အခါ နှာစေးပြီးလာတတ်ပါတယ်။ အအေးမိတယ်လို့လည်း ခေါ်နိုင်ပါတယ်။ ဗိုင်းရပ်တွေကြောင့် အဖြစ်များပါတယ်။ ဒီဗိုင်းရပ်စ်တွေဝင်တဲ့အခါ နှာရည်တသွင်သွင် ကျတော့တာပေါ့။ ဘက်တီးရီးယားကြောင့် ဖြစ်ခဲ့ရင်တော့ ခပ်ပျစ်ပျစ်ပြည် နှာရည်တွေ ထွက်တတ်ပါတယ်။ နှာစေးတာရဲ့ ၂၀% လောက်ကတော့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။ ရာသီလိုက်ဓာတ်မတည့်ခြင်း (ဥပမာအားဖြင့် ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း) နဲ့ ရာသီပတ်လုံးဓာတ်မတည့်ခြင်း (ဥပမာအားဖြင့် အမှုန်တွေ၊ တိရစ္ဆာန်အမွေးတွေကို ဓာတ်မတည့်ခြင်း) စသဖြင့် ခွဲထားပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ နှာခေါင်းပိတ်ခြင်း၊ နှာရည်တသွင်သွင်ကျခြင်း၊ နှာချေခြင်း၊ နှာခေါင်းယားခြင်း၊ အနံ့မရတော့ခြင်း၊ မျက်လုံးနီရဲခြင်း စတာတွေနဲ့ လာတတ်ပါတယ်။ နှာခေါင်းတွင်းကြည့်မှန်ပြောင်းတွေ၊ ဓာတ်မတည့်စစ်ဆေးမှုတွေနဲ့ ရောဂါရှာဖွေနိုင်ပါတယ်။ ကုသမှုတွေအနေနဲ့ စတီးရွိုက်အစက်ချဆေးနဲ့ antihistamines ဆေးတွေ ပေးနိုင်ပါတယ်။

၂။  ထိပ်ကပ်နာ
ဦးခေါင်းခွံတွင်းရှိ လေလမ်းကြောင်းဂလိုင်ပေါက်နံရံ အမြှေးပါးလေးတွေ ရောင်ရမ်းတာကြောင့် ဖြစ်တာပါ။ အမျိုးအစား ၃ မျိုး ခွဲခြားထားပါတယ်။ ပထမတစ်မျိုးက ရုတ်တရက်ဖြစ်ပြီး ကုသမှုခံယူလိုက်တာနဲ့ ချက်ချင်းပျောက်သွားတဲ့အမျိုးအစား၊ နောက်တစ်မျိုးက ၃ လလောက်ထိ ကြာတတ်တဲ့ အမျိုးအစား၊ နောက်ဆုံးတစ်မျိုးကတော့ မကြာမကြာ ပြန်ပြန်ပေါ်တတ်တဲ့ နာတာရှည်ထိပ်ကပ်နာပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်၊ ဘက်တီးရီးယားကြောင့်၊ မှိုပိုးကြောင့် ဖြစ်နိုင်ပါတယ်။
အဓိကဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ နှာခေါင်းရဲ့ပုံပန်းသဏ္ဌာန်ပြောင်းလဲတာ၊ ခုခံအားကျဆင်းတာ၊ ခံတွင်းပိုးဝင်တာ စတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ များသောအားဖြင့်တော့ နှာခေါင်းပြည်ပုပ်တွေဆင်းတာ၊ မျက်နှာနာကျင်တာ၊ အနံ့ခံအာရုံတွေ ပြောင်းလဲတာမျိုးတွေနဲ့ လာတတ်ပါတယ်။

၃။  နှာခေါင်းတွင်း အသားပို
နှာခေါင်းတွင်းမှာ အသားပိုဖြစ်ပြီး ဖောရောင်နေတဲ့ အခြေအနေတစ်မျိုးပေါ့။ နှာခေါင်းတွင်း အသားပိုကြောင့် ဓာတ်မတည့်တာ၊ မှိုပိုးဝင်တာ၊ အက်စ်ပရင်ဆေးမတည့်တာ၊ နှာခေါင်းတွင်းအကျိတ်ဖြစ်တာ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် မကြာမကြာ ရောင်ရမ်းမှုတွေဖြစ်လာပြီး ချွဲအိတ်လေးတွေကို ထူသွားစေတတ်ပါတယ်။ ဒီလိုနှာခေါင်းတွင်းအသားပိုလေး ဖြစ်တဲ့အခါ အသက်ရှူရခက်ခဲတာ၊ နှာခေါင်းအရည်အထွက်နည်းသွားတာ၊ အနံ့လုံးဝမရတော့တာ၊ အသံပြောင်းသွားတာတွေ ဖြစ်တတ်ပါတယ်။

၄။  နှာခေါင်းရိုးကျိုးခြင်း
နှာခေါင်းရဲ့တည်နေပုံအရ ထိခိုက်မိပြီဆိုရင် နှာခေါင်းရိုးကကျိုးတော့တာပါပဲ။ နှာခေါင်းသွေးလျံတာ၊ နှာခေါင်းရောင်ရမ်းတာ၊ တစ်ခါတလေ ပွန်းပဲ့တာ၊ မျက်နှာရိုးတွေပါ ကျိုးတာတွေဖြစ်တတ်ပါတယ်။ နှာရိုးကျိုးတာကို မြန်မြန်သိ၊ မြန်မြန်ပြုပြင်ဖို့ လိုပါတယ်။ ကျိုးပြီး ၇ ရက်ကနေ ၁ဝ ရက်အတွင်း လုပ်သင့်ပါတယ်။ ဒီအချိန်ကျော်သွားရင် အရိုးတွေတစ်လွဲဆက်ကုန်ကြလို့ ပုံမှန်အတိုင်း မဖြစ်နိုင်တော့ပါဘူး။

>>  နှာခေါင်းရောဂါတွေကို ဘယ်လိုကုသကြမလဲ?
●  နှာခေါင်းတွင်းထည့်စတီးရွိုက်ဆေး
ဒီနှာခေါင်းတွင်းစတီးရွိုက်ဖြန်းဆေးတွေဟာ ရောင်ရမ်းနေတာတွေကို သက်သာစေနိုင်ပါတယ်။ Fluticasone, triamcinolone, betonies, monetasone, deslomethasone စတာတွေက ဥပမာတွေပါ။ ဖြန်းဆေးနဲ့အလုပ်မဖြစ်ရင် ဆလိုင်းဆားရည်နဲ့ bisonide အရောနဲ့ နှာခေါင်းကို ဆေးကြောပေးဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

●  စတီးရွိုက်သောက်ဆေး၊ ထိုးဆေး
ထိပ်ကပ်နာအပြင်းစားတွေမှာ ရောင်ရမ်းတာတွေကို သက်သာစေဖို့ သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ စတီးရွိုက်သောက်ဆေးကို အချိန်ကြာကြာ အသုံးပြုမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေက မနည်းပါပဲ။ ဒါကြောင့် အရမ်းဆိုးတဲ့ခါမျိုးမှာသာ အသုံးပြုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)