နှာရည်ယို၊ နှာပိတ်ခြင်းများအတွက် အိမ်တွင်းနည်းလမ်းကောင်းများ
နှာတွေ ပိတ်ရင်ပိတ်၊ နှာရည် တောက်တောက်ကျရင်ကျ ပြီးတော့ ခေါင်းကို တစ်ခုခုနဲ့ ဖိထားသလိုမျိုး အုံခဲနေတဲ့ ခံစားချက်မျိုးကို ခံစားဖူးကြမယ်လို့ ထင်ပါတယ်။ မျက်လုံးလေး မှိတ်ထားမှ နည်းနည်းသက်သာသလိုလို။ အရေးထဲ လည်ချောင်းထဲမှာလည်း လက်သည်းတွေ မျိုချထားသလိုပဲ ယားသလို၊ နာသလိုနဲ့ ပြဿနာတွေက အရမ်းကို နေရခက်စေပါတယ်။ ဒီပြဿနာတွေကို သက်သာစေနိုင်တဲ့ အိမ်တွင်းကုထုံးလေးတွေကို ပြောပြချင်ပါတယ်။
1. အရည်များများ သောက်ပါ။
အရည်တွေသောက်၊ ရေငွေ့ပေးစက်လေး ဖွင့်ထားတာက ဘာလို့အရေးပါလဲဆိုရင် အရည်တွေနဲ့ ရေနွေးငွေ့က နှာခေါင်းတွေထဲမှာ ပိတ်နေတဲ့အချွဲတွေကို ပျော်စေရုံသာမက နှာခေါင်းအတွင်းပိုင်းကို ချောမွေ့စေပြီးတော့ အရေပြားကိုလည်း ရေဓာတ် ပြည့်ဝနေစေပါတယ်။
2. နှာခေါင်းထဲကို Saline ဖြင့် ဆေးခြင်း
ဒါကတော့ နှာခေါင်းပိတ်ပြီးတော့ နေရခက်နေတာကို သက်သာစေပါတယ်။ ထိပ်မှာ အဖောင်းပါတဲ့ ဆေးထိုးအပ် စသည်ဖြင့် အဆင်ပြေရာတစ်ခုခု သုံးပြီး နှာခေါင်းထဲကို ဆလိုင်းအရည်ထည့်ပြီးတော့ ညင်သာစွာ ဆေးပေးပါ။ ဆလိုင်းဘူး ဝယ်စရာမလိုဘဲ ဆားငန်ရည်ကို ကိုယ့်ဟာကိုယ်လည်း လုပ်လို့ရတယ်နော်။
● ပင်လယ်ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ပေါင်းခံရေ (သို့) ပိုးသတ်ထားသောရေ (သို့) စစ်ထားသောရေတစ်ပိုင့်ထဲမှာ ထည့်ဖျော်ပါ။ အိမ်သုံးဆားတွေမှာတော့ ဟိုဟာဒီဟာတွေ ရောနေတတ်ပါတယ်။
● ဒီအရောထဲကို မုန့်ဖုတ်ဆိုဒါ နည်းနည်းထည့်ပါ။
ခေါင်းကို မော့ထားပြီးတော့ ဆားငန်ရည်ကို နှာခေါင်းပေါက်တစ်ဖက်ထဲကို ထည့်ပြီးတော့ တခြားနှာခေါင်းပေါက်ထဲကို ဝင်ပါစေ။ တခြားတစ်ဖက်ကိုလည်း ဒီလိုပဲလုပ်ပေးပါ။ ဒီလိုဆေးပေးတာက ဘက်တီးရီးယားပိုးတွေနဲ့ တခြားအရာတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။
3. ရေနွေးငွေ့
ရေနွေးငွေ့က အချွဲတွေ ပျော်စေခြင်းအားဖြင့် နှာပိတ် သက်သာစေပါတယ်။ ရေနွေးဆူဆူကို ခွက်တစ်ခုထဲ ထည့်ပြီးတော့ ခေါင်းပေါ်မှာ တဘက်ပတ်၊ တဘက်က ရေနွေးခွက်ကိုပါ ဖုံးအုပ်ထားပြီး ရေနွေးငွေ့ ခံပါ။ ကြိုက်ရင် ပူရှိန်းဆီ၊ ယူကလစ်ဆီတွေ ထည့်ပြီး ရှူလို့ ရပါတယ်။
4. ကြက်စွပ်ပြုတ်
ဒါက ရှေးစကား မဟုတ်ပါဘူး။ လေ့လာမှုတွေများစွာမှာ ကြက်စွပ်ပြုတ်က ဒိလိုမျိုး နှာပိတ်၊ ခေါင်းကိုက်တာတွေကို သက်သာစေတယ်လို့ တွေ့ရပါတယ်။ ကြက်စွပ်ပြုတ်က ဒီလိုမျိုး နှာပိတ်တာတွေနဲ့ အအေးမိတာတွေကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတယ်လို့ တွေ့ရှိရပါတယ်။
5. အပူ၊ အအေး တစ်လှည့်စီ ကပ်ပေးခြင်း
နှာခေါင်းတွေပေါ်မှာ အပူတစ်လှည့် အအေးတစ်လှည့် ကပ်ပေးတာကလည်း ကောင်းပါတယ်။
● အပူဝတ်ကို နှာခေါင်း၊ ပါးပြင်နဲ့ နှာဖူးတွေပေါ်မှာ ၃ မိနစ်ခန့် ကပ်ပေးထားပါ။
● ပြီးရင် အပူဝတ်ကို ဖယ်လိုက်ပြီး အအေးဝတ်ကို ၃၀ စက္ကန့်ခန့် လဲပြီး ကပ်ပေးပါ။
● ဒီလိုမျိုး ၂-၃ ကြိမ်လောက် လုပ်ပေးပါ။
ဒါကို တစ်နေ့ကို ၂-၆ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။
>> နှာခေါင်းပြဿနာဖြစ်စေသော အကြောင်းအရင်းများ
ဦးခေါင်းမှာရှိတဲ့ အခေါင်းပေါက်တွေထဲကို ရောဂါပိုးဝင်ပြီး ဒီအခေါင်းပေါက်တွေ ရောင်ရမ်းစေပါတယ်။ ဒီလိုဖြစ်စေတဲ့ 90-98% လောက်က ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေနဲ့ မနိုင်ပါဘူး။
နာတာရှည် ဦးခေါင်းထဲရှိ အခေါင်းပေါက်များ ရောင်ရမ်းခြင်း - ၃ လထက် ပိုကြာရင် နာတာရှည်လို့ သတ်မှတ်ပါတယ်။ တစ်ခါတလေဆိုရင် နှာခေါင်းထဲမှာ အသီးဖြစ်တာနဲ့ တွဲနေတတ်ပါတယ်။
ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းတွင်း ရောင်ရမ်းခြင်းမှာတော့ ကိုယ်ခံအားစနစ်က ဓာတ်ပစ္စည်းတွေ ထွက်ဖို့အတွက် အားပေးတဲ့အခါမှာ နှာခေါင်းအမြှေးပါးတွေကို သွားပြီးတော့ ထိခိုက်စေပါတယ်။ ဒီအခါ နှာချေ၊ နှာပိ်တ် ဖြစ်စေပါတယ်။
>> ဘယ်အချိန် ဆရာဝန်သွားပြကြမလဲ?
● ရောဂါလက္ခဏာတွေက ၁၀ ရက်ထက် ပိုကြာရင်
● ကိုယ်ပူ 102°F နှင့် အထက်ရှိရင်
● အဖျားတက်လာပြီးတော့ အစိမ်းရောင်နှာရည်တွေ ပိုထွက်လာရင်
● အမြင်အာရုံ တစ်ခုခုပြောင်းသွားရင် ဆရာဝန်ကို သွားပြသင့်ပါတယ်။
ကိုယ်မှာ ပန်းနာရင်ကြပ် (သို့) အဆုတ်ရောဂါ တစ်ခုခု ရှိတယ်ဆိုရင်လည်း ဆရာဝန် သွားပြဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























