/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှုတ်ခမ်းက-ခြောက်လိုက်တာ

နှုတ်ခမ်းက ခြောက်လိုက်တာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    နှုတ်ခမ်းခြောက်ပြီး ကွာနေတာဟာ အင်မတန် အနေရခက်တဲ့ အခြေအနေတစ်မျိုးပါပဲ။ ဒီလို နှုတ်ခမ်းခြောက်ပြီး ကွာနေတာဟာ နေတို့၊ အေးစက်စက်ရာသီဥတုတို့လို ပြင်ပပတ်ဝန်းကျင် အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေအနေနဲ့ ရေဓာတ်ခမ်းခြောက်တာ၊ ဗီတာမင်ချို့တဲ့တာနဲ့ တခြားကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။
    နှုတ်ခမ်းအရေပြားဟာ မျက်နှာ တခြားနေရာတွေထက်စာရင် ပိုပါးပြီး အဆီဂလင်းလည်း မရှိပါဘူး။ ဒီလိုနှုတ်ခမ်းခြောက်ပြီး ကွာနေပြီဆိုရင် အဆီတစ်မျိုးမျိုးမှန်မှန်လိမ်းပေးဖို့လိုပါတယ်။ နှုတ်ခမ်းခြောက်ပြီး ရောင်ရမ်းခြင်း အပျော့စားတစ်မျိုးပါ။ နှုတ်ခမ်းခြောက်တဲ့အခါ နှုတ်ခမ်းတွေ ကွာတာအပြင် စကားပြောတိုင်း၊ ပါးစပ်လှုပ်တိုင်း နေရထိုင်ရ ခက်စေနိုင်ပါတယ်။ ဒီကနေမှ မကုဘဲထားရင် နှုတ်ခမ်းတွေကွာပြီး သွေးထွက်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

>>    ဘယ်လိုကာကွယ်မလဲ?
    အပြင်ထွက်တဲ့အခါတိုင်း နှုတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အစိုဓာတ်ပါတဲ့ နှုတ်ခမ်းအဆီ၊ နှုတ်ခမ်းနီတွေကို လိမ်းပေးပါ။ တစ်နေ့လုံးကို တောက်လျှောက်လိမ်းပေးပါ။ အရမ်းခြောက်အက်ကွဲနေပြီး နေရတာ အဆင်မပြေရင် ရေနံအဆီဂျယ်လီလေး လိမ်းပေးသင့်ပါတယ်။
    မျက်နှာကို ရာသီဥတုကြမ်းကြမ်းတွေနဲ့ မထိတွေ့မိအောင်ကာကွယ်ပြီး ပါးစပ်နဲ့ အသက်မရှူဘဲ နှာ‌ခေါင်းနဲ့ ရှူပေးပါ။
    အခန်းထဲမှာ အစိုထိန်းရေငွေ့ပေးစက် ထည့်ထားပေးလို့ရပါတယ်။

>>    နေရောင်ထိတွေ့မှု
    နေရောင်နဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ကော်လဂျင်၊ အီလက်စတင်တွေကို လျော့နည်းစေပြီး အစိုဓာတ်ကို ကျစေပါတယ်။ နဂိုတည်းက အရေပြားပါးတဲ့နှုတ်ခမ်းဟာ နေရောင်နဲ့ထိတွေ့တဲ့အခါ အလွယ်တကူပဲ ခြောက်သွေ့အက်ကွဲလာတာပေါ့။

>>    ဘယ်လိုကာကွယ်မလဲ?
    နေရောင်ကာအညွှန်းမှတ် ၃ဝ နဲ့အထက်ရှိတဲ့ အစိုထိန်းနှုတ်ခမ်းဆီတွေ လိမ်းပေးပါ။ ဒါ့အပြင် နေရောင်ကို ကာကွယ်ပေးနိုင်တဲ့ တိုင်တေနီယမ်အောက်ဆိုဒ်နဲ့ ဇင့်အောက်ဆိုဒ်ပါတာတွေ သုံးပေးနိုင်ပါတယ်။ နေရောင်ထဲ မထွက်ခင် ဆိုးပေးပြီး ၂ နာရီခြားတစ်ခါ ထုတ်ထုတ်ဆိုးပေးပါ။

>>    ရေဓာတ်ခမ်းခြောက်ခြင်း
    နှုတ်ခမ်းသားဟာ အင်မတန်မှ ခြောက်လွယ်ရတဲ့ကြားထဲ ရေဓာတ်ပါ ခမ်းခြောက်လာရင် ပိုဆိုးပြီပေါ့။ အထူးသဖြင့် ကလေးလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျောက်ကပ်ရောဂါလိုမျိုး နာတာရှည်ရောဂါသည်တွေ၊ ဖျားနာ နေမကောင်းသူတွေ၊ အပြင်ဘက်မှာ အလုပ်လုပ်ရသူ၊ အားကစားလုပ်ရသူတွေနဲ့ ချွေးထွက်သန်သူတွေမှာ ရေဓာတ်ပိုခမ်းခြောက်တတ်ကြပါတယ်။
    နောက်ထပ် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေကတော့ ရေအရမ်းဆာလာတာ၊ ပါးစပ်တွေခြောက်လာတာ၊ ဆီးအရောင်ရင့်လာတာ၊ ခေါင်းကိုက်လာတာ၊ မူးဝေလာတာ၊ ဖျားလာတာ၊ သွေးပေါင်ကျလာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေ ၂၄ နာရီ ကျော်လာပြီဆိုရင် သတိထားပါတော့နော်။

>>    ကုသကာကွယ်နည်းကတော့ -
    အပျော့စား ရေဓာတ်ခမ်းခြောက်တာလောက်ကတော့ ရေများများ သောက်ပေးရုံနဲ့ရပေမယ့် ခန္ဓာကိုယ်ထဲက လျပ်ဓာတ်ရည်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက်တော့ ဓာတ်ဆားရည်လိုတာပေါ့။ ရေဓာတ် ပြန်လည်ဖြည့်တင်းနေချိန်မှာတော့ နှုတ်ခမ်းအဆီလေး ဆိုးထားပေးပေါ့။

>>    ဗီတာမင်ချို့တဲ့ခြင်း
    ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားပေးရင် အရေပြားရဲ့အတွင်းလွှာရော၊ အပြင်လွှာပါ ပုံမှန်အတိုင်းလုပ်နိုင်ပြီးတော့ နှုတ်ခမ်းအစိုဓာတ်လည်း ပြန်လည်ထိန်းသိမ်းနိုင်မှာပါ။ ဒါပေမဲ့ ဗီတာမင်ဘီအုပ်စုတွေဖြစ်တဲ့ (B2,B3,B6)၊ ဇင့်၊ ဖက်တီအက်ဆစ်၊ ဗီတာမင်အေတွေ မလုံလောက်တဲ့အခါ အရေပြားရဲ့ သဘာဝအစိုဓာတ်တွေကို မထိန်းသိမ်းနိုင်ဘဲ ခြောက်သွေ့လာနိုင်ပါတယ်။
    ဒီအာဟာရဓာတ်တွေပါဝင်တဲ့အစားအသောက်တွေ စားပေးတာ၊ ဒီအာဟာရဓာတ်တွေပါဝင်တဲ့ အားဆေးတွေသောက်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

>>    ကုသကာကွယ်နည်းတွေအနေနဲ့ -
    ဗီတာမင် B2 : ဆံကေသာ၊ လက်သည်း ခြေသည်းနဲ့ အရေပြားအတွက်အရေးပါတာကြောင့် ချို့တဲ့ခဲ့ရင် ပါးစပ်တွေနှုတ်ခမ်းတွေမှာ အပူဖုတွေပေါက်တတ်ပါသေးတယ်။ B2 ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဥအမျိုးမျိုး၊ အစိမ်းရောင်အသီးအရွက်တွေ၊ ပဲအမျိုးမျိုး၊ အစေ့အနှံတွေနဲ့ အဆီမပါတဲ့အသားတွေ ဖြစ်ပါတယ်။
    ဗီတာမင် B3 : အသားအရေအတွက် အရေးပါပြီး ချို့တဲ့သူတွေမှာ နှုတ်ခမ်းတွေအက်ကွဲတာ၊ အရေပြားနှင်းခူတွေ ဖြစ်တတ်တာကြောင့် B3 ကြွယ်ဝတဲ့ တူနာ၊ ဝက်သား၊ ကြက်ဘဲ၊ နှံဂျုံပြောင်း၊ ပဲ၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ နို့တွေ စားသောက်ပေးပါ။
    ဗီတာမင် B6 : ဗီတာမင် B6 ချို့တဲ့ခဲ့ရင် အရေပြားနှင်းခူနဲ့ ကျီးကန်းပါးစပ်တွေ ပေါက်တတ်ပါတယ်။ B6 ကို အသား၊ အရောင်မချွတ်ထားတဲ့ နှံဂျုံပြောင်း၊ ပဲ၊ အစိမ်းရောင်အသီးအရွက်တွေမှာ တွေ့နိုင်ပါတယ်။
    ဇင့် : ဇင့် မလုံလောက်ခဲ့ရင်လည်း အသားအရေ ခြောက်သွေ့ကြမ်းတမ်း အက်ကွဲလာမှာပါ။ ဇင့်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အရောင်မချွတ်ထားတဲ့ နှံဂျုံပြောင်း၊ အမဲသား၊ ဝက်သား၊ ကြက်ဆင်သား၊ ပဲနဲ့ အစေ့အဆံတွေပါပဲ။
    ဗီတာမင်အေ : အစိမ်းရောင်အသီးအရွက်တွေ၊ အဝါရောင်အသီးအရွက်တွေ၊ အမဲသား၊ ကြက်ဘဲ၊ ဝက်နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ဗီတာမင်အေဓာတ် လုံလောက်ဖို့ကလည်း အင်မတန်မှ အရေးကြီးပါတယ်။
    Fatty acid : အိုမီဂါ ၃ နဲ့ အိုမီဂါ ၆ အဆီဓာတ်မှာပါတဲ့  အဆီဓာတ်ဟာ အသားအရေကို ချောမွေ့စေနိုင်ပြီး ရေဓာတ် မခမ်းခြောက်အောင် တားဆီးပေးနိုင်ပါတယ်။ ငါးတွေ၊ နှမ်းကြတ်ဆီ၊ ဘလက်ကာရန့်စေ့ဆီ၊ စပျစ်သီးနဲ့ ဖရုံသီးတွေ စားပေးပါ။
    အများကြီး စားရင်လည်း မကောင်းတာကြောင့် မျှမျှတတစားပေးဖို့ အင်မတန်အရေးကြီးပါတယ်။

>>    မကြာမကြာ နှုတ်ခမ်းသပ်နေခြင်း
    နှုတ်ခမ်းသပ်တာဟာ မကောင်းတဲ့အလေ့အထတစ်ခုပါပဲ။ နှုတ်ခမ်းကို တံတွေးနဲ့ သပ်လိုက်တိုင်းမှာ နှုတ်ခမ်းက ပိုခြောက်လေလေပါပဲ။

>>    ကုသနည်းနဲ့ ကာကွယ်နည်း
    နှုတ်ခမ်း သပ်ချင်စိတ်ပေါ်လာတိုင်း နှုတ်ခမ်းဆီ ဆိုးဆိုးပေးပါ။ ခြောက်သွေ့မှုကို ကာကွယ်ပေးပြီး အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။
    တခြားအကြောင်းရင်းတွေကတော့ : နှင်းခူ
    နှင်းခူဆိုရာမှာ အပျော့စားကနေ အပြင်းစားအထိကို အမျိုးမျိုးရှိနိုင်ပါတယ်။ နာတာရှည် နှုတ်ခမ်းခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။ နှင်းခူကိုတော့ စတီးရွိုက်‌ဆေးတွေ မှိုပိုးသတ်ဆေးတွေနဲ့ သေသေချာချာကုသဖို့ လိုပါတယ်။
    ဖြစ်လေ့မရှိတဲ့ အကြောင်းရင်းတွေကတော့ : နှုတ်ခမ်းရောင်ရမ်းခြင်း
    နှုတ်ခမ်းတွေ ရောင်ရမ်းပြီးခြောက်သွေ့အက်ကွဲတဲ့အခါ ဘတ်တီးရီးယားပိုးတွေ ဝင်လာတတ်ပါတယ်။  ရေနံအဆီဂျယ်လီ မကြာမကြာ လိမ်းပေးရင် သက်သာနိုင်သလို အရမ်းဆိုးလာရင်တော့ စတီးရွိုက်ဆေးတွေ၊ လိမ်းဆေးတွေ လိုနိုင်ပါတယ်။

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာပြသင့်သလဲ?
    ၂ ပတ်၊ ၃ ပတ်လောက် ကိုယ့်ဟာကိုယ် ကုကြည့်ပြီး မသက်သာရင်တော့ ဆရာဝန်နဲ့ သွားပြပါတော့။ အလွန်အမင်းခြောက်သွေ့ပြီး အက်ကွဲနေတဲ့နှုတ်ခမ်းဟာ ဓာတ်မတည့်တာ၊ မှိုပိုးဝင်တာ၊ ဆေးတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)