/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပခုံး-ဘာကြောင့်နာ

ပခုံး ဘာကြောင့်နာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ပခုံးနာတာ၊ တောင့်တင်းတာနဲ့ အားနည်းတာတွေကြောင့် အမြင့်မှာရှိတဲ့ပစ္စည်းတွေကို လှမ်းယူတဲ့အခါ၊ ကားမောင်းတဲ့အခါ၊ ဆံပင်ဖြီးတဲ့အခါမှာ လက်မြှောက်ရတာ အခက်တွေ့စေပါတယ်။ နာနေတာက ပျောက်မသွားဘူးဆိုရင် ဆရာဝန်ဆီ သွားပြဖို့ လိုပါတယ်။
ပခုံးနာရတဲ့အကြောင်းအရင်းတွေ ရှိတဲ့အထဲမှာမှာ ကြွက်သားထိခိုက်ဒဏ်ရာရခြင်း၊ ဆုတ်ပြဲခြင်းနဲ့ အရိုးအဆစ်တွေရောင်ခြင်းတို့က အဖြစ်များတဲ့အကြောင်းအရင်းတွေပါ။
ကြွက်သားထိခိုက်ဒဏ်ရာရခြင်း၊ Rotator cuff ဆိုတာက ကြွက်သားလေးခု အစုဖြစ်ပြီးတော့ သူတို့ရဲ့အရွတ်တွေက ပခုံးဆစ်ကို ဝန်းရံထားပြီးတော့ လက်ပျဉ်ရိုးနဲ့ လက်မောင်းရိုးကို တွယ်ဆက်ပေးထားပါတယ်။ ပခုံးအဆစ်တွေ လှုပ်ရှားတဲ့အခါမှာ အရိုးတွေ၊ အရွတ်တွေကြားမှာ ပွတ်တိုက်မှုတွေနည်းဖို့အတွက် ချောဆီလိုပါတယ်။ ပခုံးနဲ့လက်မောင်းတွေကို အသုံးလွန်တဲ့အခါမှာ ဒီကြွက်သားတွေကို ထိခိုက်စေပြီးတော့ အရွတ်တွေရောင်တာ၊ ဒဏ်ဖြစ်တာနဲ့ အရွတ်တွေ နည်းနည်း (သို့) လုံးဝပြဲသွားတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
အရွတ်တွေရောင်ရင်၊ ချောဆီထုတ်ပေးတဲ့အရာလေးတွေရောင်ရင် ပခုံးအရှေ့နဲ့ဘေးဘက်တွေမှာ နာကျင်စေပြီးတော့ တောင့်တင်းစေပါတယ်။ တင်းနစ်ကစားတာ၊ ရောဂကျင့်တာ၊ ဆေးသုတ်တာတွေ စတဲ့ လက်ကို အပေါ်ကိုမြှောက်ရတဲ့အခြေအနေတွေမှာ ဒီလိုတွေဖြစ်တတ်ပါတယ်။ ဒီနာကျင်မှုက အနားယူနေချိန်မှာ ပိုဆိုးပြီးတော့ လှုပ်ရှားမှုလုပ်ရင် သက်သာလာတတ်ပါတယ်။
ကုထုံးတွေကတော့ အနားယူ၊ ရေခဲကပ်၊ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာရင် သက်သာသွားတာ များပါတယ်။

>> ကြွက်သား စုတ်ပြဲခြင်း
ညဘက်မှာ ပခုံးနာပြီးတော့ အိပ်ရခက်တယ်၊ အိပ်နေရင်း နာလွန်းလို့ နိုးလာတာဟာ ပခုံးအရွတ်ပြဲလို့ ဖြစ်နိုင်ပါတယ်။ လက်ကို ခေါင်းအပေါ်ကို မြှောက်တဲ့အခါတွေမှာလည်း နာကျင်မှုကို ခံစားရပြီးတော့ တစ်ခုခုကို ပခုံးထက်မြင့်အောင် မြှောက်တဲ့အခါမှာ မြှောက်လို့မရဘဲ အားနည်းနေတတ်ပါတယ်။ လက်ထောက်ပြီး လဲတာလိုမျိုး တစ်ကြိမ်တည်း ထိခိုက်ဒဏ်ရာရရုံနဲ့ ပခုံးအရွတ်ပြဲတတ်သလို အချိန်အတော်ကြာအောင် ထပ်ခါထပ်ခါ အပြုအမူတွေကြောင့်လည်း ပြဲနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ပခုံးကြွက်သားတွေ အားနည်းလာပါတယ်။
ကုထုံးတွေကတော့ အနားယူမယ်၊ ပခုံးနာတာကို ပိုဆိုးစေတဲ့လှုပ်ရှားမှုတွေ မလုပ်ရဘူး၊ လေ့ကျင့်ခန်းကုထုံးတွေ ယူရမယ်၊ ရေခဲကပ်၊ အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ အရမ်းဆိုးဆိုးရွားရွား နာတဲ့သူတွေမှာတော့ အဆစ်ထဲကို corticosteroids ထိုးဆေးထိုးခြင်းအားဖြင့် အနာသက်သာစေနိုင်ပါတယ်။ ဒါက အရမ်းလိုလာမှလုပ်တာ ကောင်းပါတယ်။ ဒီနည်းတွေနဲ့မှ မသက်သာဘူးဆိုရင်တော့ ခွဲစိတ်ပြီး အရွတ်ကို ပြုပြင်ဖို့ လိုပါတယ်။

>> အရိုးအဆစ်များ ရောင်ရမ်းခြင်း
အရိုးတွေရဲ့ထိပ်ဘက်တွေမှာ ကာပေးထားတဲ့ အရိုးနုလေးတွေ ပျက်စီးတဲ့အခါမှာ အရိုးအဆစ်တွေ ရောင်ရမ်းပြီးတော့ နာကျင်မှုနဲ့ တောင့်တင်းမှုတွေကို ခံစားရစေပါတယ်။
အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့် ပခုံးအနောက်ဘက်မှာ အရမ်းနာတတ်ပါတယ်။ ရောင်တာ ပိုဆိုးလာရင် ပခုံးတောင့်တာလည်း ပိုဆိုးလာပါတယ်။ အများအားဖြင့် လူနာတွေက နောက်ကျောဘက်ကို ကိုယ့်လက်နဲ့ကိုယ် မကုတ်နိုင်တော့တာ၊ ကိုယ့်ဟာကိုယ် ခါးပတ်မပတ်နိုင်တော့ဘူးလို့ ပြောတတ်ပါတယ်။
အရိုးအဆစ်ရောင်တဲ့လက္ခဏာတွေက အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပါတယ်။ တချို့လူတွေမှာဆိုရင် အားကစားတစ်ခုခု လုပ်ရာကနေ (သို့) လှုပ်ရှားမှုတစ်ခုခုကြောင့် ပခုံးထိခိုက်ဒဏ်ရာရထားတဲ့ အနာဟောင်းက နောက်ပိုင်း အသက်တွေကြီးလာတဲ့အခါမှာ အရိုးအဆစ်ရောင်ရမ်းတာကို ဖြစ်စေပါတယ်။ အများအားဖြင့်တော့ ဒါက အသက်ကြီးလာတဲ့ဖြစ်စဉ် ဖြစ်ပါတယ်။
ကုထုံးတွေကတော့ အရွတ်ပြဲတာကိုကုနည်းနဲ့ အတူတူပါပဲ။ လေ့ကျင့်ခန်းကုထုံးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ရေခဲကပ်တာတွေ လုပ်ပေးရပါမယ်။ အခြေအနေဆိုးရင် ပခုံးအဆစ် အစားထိုးတဲ့ခွဲစိတ်မှု လုပ်လို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)