ပင့်ကူ ကိုက်ခံရတဲ့အခါ ...
Redback spider အနီစင်းကြားပင့်ကူ၊ Funnel-web spider ပင့်ကူမည်း စတဲ့ ပင့်ကူအမျိုးအစားတွေဟာ လူကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ တချို့ပင့်ကူကိုက်ရာတွေကတော့ ကုစရာမလိုဘဲ ရေခဲလေး ကပ်ပေးရုံနဲ့ရတယ်။
အိမ်တွေ၊ ပန်းခြံတွေမှာ တွေ့ရတတ်တဲ့ ပင့်ကူတွေကတော့ ကိုက်တတ်ပေမယ့် ဘာအန္တရာယ်မှတော့ မပေးတတ်ဘူး။ တကယ်လို့ စိုးရိမ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။ ပင့်ကူကို ယူလာနိုင်ရင် ပိုကောင်းပါတယ်။
>> ပင့်ကူမည်း (Funnel-web spider)
ပင့်ကူမည်း ကိုက်ရာတွေဟာ ၁၀ မိနစ်လောက်အတွင်းမှာတောင် အသက်အန္တရာယ် ရှိစေနိုင်ပါတယ်။ ဒါကြောင့် ပင့်ကူမည်း ကိုက်မိပြီဆိုရင် -
● အသက်ရှူပုံနဲ့ သွေးလှည့်ပတ်မှုကို စစ်ဆေးပါ။
● လူနာကို သေချာငြိမ်အောင် ထိန်းထားပါ။
● လူနာတင်ယာဉ်ခေါ်ပြီး ချက်ချင်း ဆေးရုံကို ပြေးပါ။ အသက်ကယ်ပစ္စည်းတွေ အပြည့်အစုံပါတဲ့ လူနာတင်ယာဉ်ဖြစ်ရင် ပိုကောင်းတယ်။
● ခြေထောက်တစ်လျှောက်၊ လက်တစ်လျှောက်ကို ငြိမ်နေအောင် ကျပ်စည်းပတ်တီး စည်းပေးပါ။
● သွေးထဲ အဆိပ်မဝင်အောင် ပတ်တီးကို မဖြုတ်ပါနဲ့။
● ရောဂါလက္ခဏာတွေ ပေါ်လာခဲ့ရင် အဆိပ်ဖြေဆေးပေးပါ။
** သူ့ရဲ့လက္ခဏာတွေကတော့ -
အကိုက်ခံရတဲ့နေရာမှာ နာနေတာ၊ နီနေတာ၊ ရောင်နေတာတွေ ရှိတယ်။
သွားရည်တွေ၊ ချွေးတွေလည်း အများကြီး ထွက်နေတတ်တယ်။ ပါးစပ်နားတစ်ဝိုက်မှာ ထုံတာ၊ ကျဉ်တာတွေလည်း ရှိတတ်တယ်။ ကယောင်ကတမ်းတွေဖြစ်ပြီး အသက်ရှူကြပ်တတ်တယ်။ ကြွက်လည်း တက်တတ်ပါသေးတယ်။
>> အနီစင်းကြားပင့်ကူ (Redback spider)
အနီစင်းကြားပင့်ကူ အကိုက်ခံရရင် ရုတ်တရက် အရမ်းနာတတ်တယ်။ ဒါပေမဲ့ အသက်အန္တရာယ် ဖြစ်တာတော့ နည်းပါတယ်။ အကိုက်ခံရပြီဆိုရင် -
● နာတာ သက်သာအောင် ရေခဲအုပ်ပေးပါ။
● ကလေး အကိုက်ခံရတာ၊ ရောဂါလက္ခဏာတွေ ဆိုးဝါးရင်တော့ ဆေးရုံကို ချက်ချင်းခေါ်သွားပါ။
● အဆိပ်ဖြေဆေး ပေးလေ့တော့မရှိပေမယ့် နာတာနဲ့ တခြားလက္ခဏာတွေ သက်သာစေဖို့တော့ ပေးလို့ရပါတယ်။
** သူ့ရဲ့လက္ခဏာတွေကတော့ -
အကိုက်ခံရရင် ချက်ချင်းနာသွားပြီး တဖြည်းဖြည်းချင်း ပိုပိုနာလာတတ်တယ်။ ပြီးတော့ နောက်နေရာတွေကိုပါ ပြန့်လာတတ်တယ်။ ကိုက်ရာနေရာမှာ နီရဲပြီး ရောင်လာတာ၊ ပူလာတာမျိုးတွေ ဖြစ်တတ်ပြီး ကိုက်ထားတဲ့နေရာနားက အမွေးလေးတွေ ထောင်နေတတ်တယ်။
နောက် ပျို့ချင် အန်ချင်တာ၊ ဗိုက်နာတာမျိုးတွေ ဖြစ်တတ်တယ်။ ကိုက်ထားတဲ့ တစ်ဝိုက်မှာလည်း ချွေးစေးတွေ ပြန်နေတတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)




























