ပထမဆုံး ကိုဗစ်ကာကွယ်ဆေး Pfizer
Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်လို့ ယူကေမှာ တရားဝင် တင်သွင်းအသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယူကေဟာ ကာကွယ်ဆေးကို စတင်အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါပြီ။ ကမ္ဘာ့ကပ်ရောဂါဟာ နိုင်ငံတိုင်းလိုလိုမှာ ကူးစက်မှု များပြားနေသလို၊ သေဆုံးမှုတွေလည်း အမြောက်အများရှိခဲ့လို့ တစ်ကမ္ဘာလုံးဟာ ကာကွယ်ဆေးရဖို့ မျှော်လင့်နေကြတဲ့အပြင် United Kingdom မှာ စတင်အသုံးပြုနေပြီဖြစ်တဲ့ ဒီကာကွယ်ဆေးရဲ့ရလဒ်ကိုလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြပါတယ်။
United Kingdom ဟာ Pfizer က မှာယူထားတဲ့ ကာကွယ်ဆေး အလုံးပေါင်းများစွာကို ပြီးခဲ့တဲ့အပတ်က လက်ခံရရှိခဲ့ပြီး သက်ကြီးရွယ်အိုတွေကို ဦးစားပေးအနေနဲ့ ထိုးပေးနေတာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကို အသက် (၉၀) အရွယ်ရှိ Margaret Keenan ဆိုသူ အမျိုးသမီးကို ပထမဆုံး စတင်ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ဦးစားပေးထိုးပေးမယ့်အုပ်စုမှာ အသက် (၈၀) ကျော် သက်ကြီးရွယ်အိုများအပြင် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။
United kingdom အနေနဲ့ အခုတစ်ခေါက် ပထမအသုတ်မှာ ကာကွယ်ဆေးအလုံးပေါင်း (၈) သိန်းဝန်းကျင် မှာယူခဲ့တာဖြစ်ပြီး ဒီနှစ်အကုန်မှာ နောက်ထပ်အလုံးပေါင်း (၄)သန်းလောက် မှာယူပြီး ပြည်သူတွေကို ထိုးပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။
Pfizer က ထုတ်တဲ့ ဒီကာကွယ်ဆေးဟာ (၂၁) ရက်ခြားပြီး (၂) ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။ လေ့လာစမ်းသပ်မှုအရ ဒီကာကွယ်ဆေးဟာ (၉၅) ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်မှုပေးနိုင်တယ်လို့ ဆိုထားပါတယ်။
>> ဘေးထွက်ဆိုးကျိုးအနေနဲ့ကလည်း -
● ဆေးထိုးတဲ့နေရာ နာကျင်ရောင်ရမ်းခြင်း
● ဖျားခြင်း၊ ချမ်းတုန်ခြင်း
● နုံးချိခြင်း
● ခေါင်းကိုက်ခြင်း
● ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း စတဲ့ အသေးအဖွဲ ဘေးထွက်ဆိုးကျိုးတွေလောက်ပဲ ရှိတာကို တွေ့ရပါတယ်။
ကာကွယ်ဆေး စမ်းသပ်မှုရလဒ်တွေအရတော့ အသက် (၅၅) နှစ်အောက်တွေမှာ ဘေးထွက်ဆိုးကျိုး ပိုဖြစ်တာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးစထိုးတဲ့နေ့မှာ ကာကွယ်ဆေးကို ခန္ဓာကိုယ်က တုံ့ပြန်မှုလွန်ကဲတဲ့ အခြေအနေရှိခဲ့သည့်အတွက် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဓာတ်မတည့်မှုဖြစ်နိုင်တာကိုတော့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ Medicines and Healthcare Products Agency (MJRA) မှ တာဝန်ရှိသူတစ်ဦးက ပြင်းပြင်းထန်းထန် ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ (ဥပမာ - ကာကွယ်ဆေးတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်သူများ အစားအသောက်နဲ့ ဓာတ်မတည့်သူများ ဆေးဝါးနဲ့ဓာတ်မတည့်သူများ) ဟာ Pfizer ရဲ့ ကိုဗစ်ကာကွယ်ဆေးကို မထိုးသင့်ဘူးလို့ အကြံပြုထားပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























