/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်ကာအောက်မှာ-အိပ်ရင်-အဆုတ်ရောင်နိုင်သလား

ပန်ကာအောက်မှာ အိပ်ရင် အဆုတ်ရောင်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကလေးဘဝတုန်းက လူကြီးသူမတွေဟာ ပန်ကာအောက်မှာ အိပ်ရင် ဖျားလိမ့်မယ်။ ဆံပင်အစိုကြီးနဲ့ အပြင်မထွက်နဲ့။ မိုးရေ မစိုစေနဲ့ ဖျားလိမ့်မယ် စသဖြင့် ပြောဆိုခဲ့ကြတယ်။ ဒါတွေ တကယ်ရော မှန်ရဲ့လား? ထိုင်းက မေမေတစ်ယောက်က သူ့ရဲ့ကြောက်စရာအတွေ့အကြုံတစ်ခုကို ဝေမျှပေထားပါတယ်။

 

>>    ကလေးတစ်ယောက်မှာ ပန်ကာအောက် အိပ်ရုံနဲ့ နမိုးနီးယား အဆုတ်ရောင်နိုင်သလား?

          ထိုင်းက မေမေတစ်ယောက်ကတော့ သူ့ကလေးဟာ ပန်ကာအောက်မှာ အိပ်လိုက်တာ အဆုတ်ရောင် နမိုးနီးယား ဖြစ်သွားတယ်လို့ ဆိုတယ်။

          အရင်တုန်းက ကလေးဟာ အရမ်းကျန်းမာပြီး ဖျားခဲပါသတဲ့။ ကလေးလေးဟာ ပန်ကာအောက် အိပ်ပြီး အအေးမိတာ အဆုတ်ကြီး ရောင်သွားတယ်လို့ ပြောတယ်။

          ကလေးဆေးရုံ ၃ ရက်တက်ပြီး ဆေးရုံမှာ သလိပ်တွေ စစ်ဆေးရတယ်။ ဆရာဝန်က နမိုးနီးယား အဆုတ်ရောင်ရောဂါ ဖြစ်တယ်လို့ ပြောသတဲ့။

          ကုသပြီးချိန်မှာ ကလေးရောဂါလက္ခဏာတွေ သက်သာလာတယ်။ ဒါပေမဲ့ ဆရာဝန်ကတော့ အိပ်ရာထဲပဲ နားနားနေနေ နေစေပါတယ်။ ပြီးတော့ ကလေးကို အကျႌမပါဘဲ မအိပ်ရ၊ ပန်ကာ အရမ်းဖွင့်ပြီး မအိပ်ရလို့ မှာလိုက်တယ်။ ဒီလို မှာလိုက်တာကြောင့် ပန်ကာဟာ ဒီလိုအခြေအနေတွေ ဖြစ်စေနိုင်တယ်လို့ ထင်သွားစေတတ်တယ်။ ဒါကြောင့် အမှန်ကို သေချာသိစေဖို့ ပြောပြပါမယ်နော်။ အရင်ဆုံး နမိုးနီးယား အဆုတ်ရောင်ရောဂါဆိုတာ အရင်သိဖို့လိုတယ်။

 

>>    နမိုးနီးယား အဆုတ်ရောင်ရောဂါဆိုတာ ဘာလဲ?

          နမိုးနီးယားဆိုတာ အဆုတ် ၁ ခြမ်း ဒါမှမဟုတ် ၂ ခြမ်းလုံးမှာ ပိုးဝင်တာပါ။ ပြည်တွေ စုလာတဲ့အခါ ကလေးတွေမှာ ဖြစ်နေကျ လက္ခဏာတွေဖြစ်တဲ့ ဖျားတာ၊ အသက်ရှူကြပ်တာ၊ ချမ်းတုန်တာတွေ ဖြစ်လာတတ်တယ်။ ကလေးတွေမှာ ဖြစ်တတ်ပေမယ့် လူကြီးတွေမှာလည်း ဆိုးဆိုးရွားရွား နောက်ဆက်တွဲတွေ ဖြစ်လာစေနိုင်တယ်။

          ဘက်တီးရီးယား၊ မှိုပိုး၊ ကပ်ပါးပိုး၊ ဗိုင်းရပ်စ်တွေက နမိုးနီးယားကို ဖြစ်စေနိုင်တယ်။ အသက်ကြီးသူ၊ ငယ်သူတင်မက ဘယ်သူတွေမဆိုမှာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ခုခံအားနည်းသူတွေ၊ တခြားရောဂါအခြေအနေရှိသူတွေမှာ အသက်ရှူလမ်းကြောင်း အလုပ်မလုပ်တော့တာ၊ ပိုးပြန့်တာ၊ အသက်ဆုံးရှုံးရတာတွေထိ ဖြစ်လာနိုင်တယ်။

●        အသက်ရှူကြပ်တာ

●        ၃၈.၅°C နဲ့အောက် အပူချိန်ရှိတာ

●        မအီမသာဖြစ်တာ၊ နုံးနေတာ

●        တုပ်ကွေး၊ အအေးမိတာလိုမျိုး လည်ချောင်းနာ၊ ချမ်းတုန်၊ ခေါင်းကိုက်တဲ့လက္ခဏာတွေ ဖြစ်လာတာ

●        ချောင်းခြောက်ဆိုးတာ၊ တစ်ခါတလေ သလိပ်ထွက်တာ

●        အသက်ရှူမြန်ပြီး တရွှီရွှီ မြည်တာ

●        ဗိုက်နဲ့ရင်ဘတ်မှာ နာကျင်တာ

●        အန်တာ

●        သလိပ် စိမ်းဝါဝါ၊ သွေးစ လွှမ်းတာ ဒါမှမဟုတ် သံချေးရောင် ထွက်တာ

●        မွေးကင်းစတွေမှာ နို့မစို့တာ၊ ကလေးကြီးတွေမှာ အစာမစားချင်တာ စတဲ့ လက္ခဏာတွေနဲ့လည်း လာနိုင်တယ်။

          သူ့ရဲ့လက္ခဏာတွေက ဖြစ်တဲ့နေရာပေါ်လည်း မူတည်နေသေးတယ်။ အဆုတ်အလယ်ပိုင်း၊ အပေါ်ပိုင်းမှာ ပိုးဝင်ခဲ့ရင် အသက်ရှူရ ခက်တတ်တယ်။ အောက်ပိုင်း ထိရင်တော့ အန်တာ၊ ပျိူ့တာ၊ ဗိုက်အောင့်တာမျိုးနဲ့ လာတတ်တယ်။

 

>>    ဒီတော့ တကယ်ပဲ ပန်ကာအောက်အိပ်ရင် နမိုးနီးယားဖြစ်နိုင်သလား? အအေးမိတတ်သလား?

          ပန်ကာအောက် အိပ်ခြင်းကြောင့် နှာခေါင်းပိတ်တာ၊ နှာရည်ကျတာတွေ ဖြစ်နိ်ုင်ပေမယ့်လည်း တကယ်အအေးမိတာတော့ မဟုတ်ပါဘူး။ အအေးမိတာဟာ လေထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ နှာရည်ကျတိုင်း အအေးမိတာ မဟုတ်ဘူး။

          အခန်းထဲမှာရှိတဲ့၊ ပန်ကာမှာရှိတဲ့ ဖုန်မှုန့်တွေကို ဓာတ်မတည့်လို့လည်း ဖြစ်တတ်တယ်။

          ပန်ကာ ဖွင့်အိပ်လို့တော့ အအေးမမိတတ်ဘူးလို့ Dr Anay က ဆိုတယ်။

          လေထု မကောင်းတာ၊ လူထူထပ်တာ၊ ဖုန်မှုန့်တွေကြောင့် ကလေးမှာ နှာရည်ကျတတ်တယ်။ ပန်ကာက မှုတ်ထုတ်လိုက်တဲ့လေက ဒါကိုပိုဆိုးစေနိုင်တယ်။ တကယ် နမိုးနီးယားဖြစ်တာ မဟုတ်ဘူး။

          နမိုးနီးယားတို့၊ တုပ်ကွေးတို့ဆိုတာ ပိုးကြောင့်ဖြစ်တာပါ။ ဒီပိုးတွေဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တယ်။ ကလေး ဒီပိုးတွေနဲ့ မထိတွေ့မချင်း၊ ခုခံအားမကျမချင်း မဖြစ်တတ်ဘူး။

          ကလေးမှာ နှာရည်ကျနေပြီဆိုရင် အခန်းရှင်းတာ၊ လေဝင်လေထွက်ကောင်းအောင် လုပ်တာ၊ ကလေး မကိုင်မီ၊ ကိုင်အပြီး လက်ကို သေချာဆေးတာတွေ လုပ်ပေးသင့်တယ်။ အဖျားဝင်ပြီ ဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုလာပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)