ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အသင့်တော်ဆုံးအစားအစာများနှင့် ရှောင်သင့်သောအစားအစာများ
ပန်းနာရင်ကျပ်ရောဂါဟာ လေပြွန်များအကြောင်းတစ်ခုခုကြောင့် ကျဉ်းမြောင်းသွားပြီး အသက်ရှူရခက်ခဲသောရောဂါဖြစ်ပါတယ်။ ထိုရောဂါဟာမျိုးရိုးလိုက်ပြီး အရာ၀တၳုတစ်ခုခုကိုတုန့်ပြန်မှု မူမမှန်ခြင်းကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ ထိုအရာ၀တၳုထဲမှာအစားအစာတွေလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အသင့်တော်ဆုံးအစားအစာများနှင့် ရှောင်ရှားရမယ့် အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
1. ပန်းသီး
ပန်းသီးမှာပါ၀င်တဲ့ flavonaid ဟာ အသက်ရှူလမ်းကြောင်းကိုရှင်းလင်းပေးတာကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသူများအတွက် အကောင်းဆုံးသစ်သီးဖြစ်ပါတယ်။ တစ်ပတ်လျှင် ပန်းသီးကို 2 လုံးမှ 5 လုံးအထိ စားသုံးသူတွေမှာပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနှုန်း 32% ထိလျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုမှာဖော်ပြထားပါတယ်။
2. သခွားမွှေး
ဗီတာမင် C ဟာ ဖရီးရယ်ဒီကယ် (Free Radicals) များကိုတိုက်ထုတ်ခြင်းဖြင့် အဆုတ်ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါကြောင့် ဗီတာမင် C ဓာတ်ကြွယ်၀စွာပါ၀င်တဲ့ သခွားမွှေးသီးကို ပန်းနာရင်ကျပ်ေ၀ဒနာရှိသူတိုင်း သုံးဆောင်သင့်ပါတယ်။
3. မုန်လာဥနီ
ဘီတာကယ်ရိုတင်း (B – Carotene) ဓါတ်ကြွယ်၀စွာပါ၀င်တဲ့ မုန်လာဥနီက ပန်းနာရင်ကျပ်ရောဂါအတွက်သာမက နှလုံးရောဂါ၊ ကင်ဆာနဲ့ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက်ပါ ကောင်းမွန်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။
4. ကော်ဖီ
ကော်ဖီမှာပါ၀င်တဲ့ ကဖင်းဓါတ် ကလေပြွန်ကျယ်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အသက်ရှုခြင်းကိုပိုမိုကောင်းမွန်စေပါတယ်။
5. ဂုန်လျှော်စေ့
ဂုန်လျှော်စေ့မှာမဂ္ဂနီဆီယမ်ဓါတ်တွေ ကြွယ်၀စွာပါ၀င်ပါတယ်။ မဂ္ဂနီဆီယမ်ရဲ့ အာနိသင်မှာလေပြွန်နဲ့ အသက်ရှူလမ်းကြောင်းတ၀ိုက်ရှိ ကြွက်သားများကိုပျော့ပြောင်းစေတာကြောင့် အသက်ရှူလမ်းကြောင်းကိုပွင့်နေစေပါတယ်။
6. ကြက်သွန်ဖြူ
အနံ့ပြင်းပေမယ့် ဆေးဖက်၀င်တဲ့ ကြက်သွန်ဖြူမှာပါ၀င်တဲ့ ဗီတာမင် C ဓာတ်က ခရမ်းချဉ်သီးမှာပါ၀င်တဲ့ ပမာဏထက် 2 ဆပိုပါတယ်။ ဗီတာမင် C ကအသက်ရှူလမ်းကြောင်းရှိ ကြွက်သားတွေကိုပျော့ပျောင်းစေသလို Histamine ဓာတ် ထွက်ရှိမှုနည်းအောင် လုပ်ပေးနိုင်တာကြောင့် အသက်ရှူလမ်းကြောင်းတလျှောက် ရောင်ရမ်းမှုကိုသက်သာစေပါတယ်။
7. ထောပတ်သီး
ထောပတ်သီးမှာအရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း glutathione ပါ၀င်ပါတယ်။ glutathione က အဆုတ်ဆဲလ်များကို free radical များတိုက်ခိုက်တဲ့ရန်မှ ကာကွယ်ပေးမှာဖြစ်ပါတယ်။
အရှောင်သင့်ဆုံးအစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
1. ကြက်ဥ၊ မြေပဲ
မြေပဲ၊ ကြက်ဥ စတာတွေနဲ့ဓာတ်မတည့်သူတွေက ၎င်းအစားအစာတွေစားမိတဲ့အချိန်တိုင်း အင်ပြင်ထတာအပြင် ပန်းနာရင်ကျပ်ေ၀ဒနာကိုပါခံစားရလေ့ရှိပါတယ်။ ဒါကြောင့် မြေပဲ၊ ကြက်ဥ စတာတွေနဲ့ဓာတ်မတည့်သူတွေက စားသောက်ကုန်တွေထဲမှာ ၎င်းပစ္စည်းတွေ ပါ၀င်ခြင်းရှိ/မရှိအညွှန်းကိုသေချာစွာဖတ်ပါ။
2. ဆား
ဆားဟာခန္ဓာကိုယ်တွင်း၌ရေကိုစုပုံစေခြင်းဖြင့် ရောင်ရမ်းမှုကို ဖြစ်စေတာကြောင့် ပန်းနာရင်ကျပ်ရောဂါရှင်တွေဟာ အငန်ဓာတ်လွန်ကဲတဲ့ အစားအစာတွေကိုရှောင်ရှားသင့်ပါတယ်။
3. ခရု၊ ကမာများ
ဓာတ်မတည့်ခြင်းကိုဖြစ်စေတဲ့ အစားအစာတွေထဲမှာ ကမာ ကတတိယနေရာမှာရှိပါတယ်။ ဒါကြောင့် ပင်လယ်စာတွေစားမယ်ဆိုသတိထားသင့်ပါတယ်။
အောက်ပါအစားအစာတွေကတော့ ပန်းနာရင်ကျပ်ရောဂါရှင်တွေအတွက် ကောင်းကျိုးရော ဆိုးကျိုးပါ ပေးနိုင်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။
1. နွားနို့
နွားနို့မှာပါ၀င်တဲ့ ဗီတာမင် D ဓာတ်ကပန်းနာရင်ကျပ်ရောဂါတွေကိုသက်သာစေပေမယ့် နွားနို့နဲ့ ဓာတ်မတည့်သူတွေမှာတော့ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေကိုခံစားရနိုင်ပါတယ်။
2. ၀ိုင်
၀ိုင်နီသောက်သုံးခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါကိုသက်သာစေတဲ့ အထောက်အထားတွေရှိပေမဲ့ ၀ိုင်ကို တာရှည်ခံအောင်ပြုလုပ်ရာမှာအသုံးပြုတဲ့ပစ္စည်း Sulfites က ပန်းနာထစေပါတယ်။
Dr. Htet Htet Aung






























