/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းနာရင်ကြပ်ရှိသူတွေ-သိကိုသိထားရမယ့်အချက်တွေ

ပန်းနာရင်ကြပ်ရှိသူတွေ သိကိုသိထားရမယ့်အချက်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         အသက် ဆယ့်သုံးနှစ်အရွယ် ဖိုးတုတ်လေးဟာ အိပ်နေရင်းနဲ့ တရွှီရွှီမြည်နေပါတယ်။ အဲဒီမြည်သံဟာ သူ့ရဲ့ ကိုယ်ထဲကနေ လာနေတာပါ။ သူဟာ အနေရခက်စွာပဲ ဟိုဘက်ဒီဘက် စောင်းလှည့်နေပါတယ်။ အနားက အစ်မလုပ်သူက သူ့ကိုနှိုးလိုက်ပါတယ်။ အလွန်အိပ်ချင်နေပေမယ့်လညိး သူလေး မျက်လုံးပွင့်လာပါတယ်။ အစ်မလုပ်သူက ပြီးတော့ ခေါင်းအုံးနှစ်လုံးဆင့်ပြီး မှီခိုင်းလိုက်ပါတယ်။ သူ့မောင်လေး ကောင်းကောင်းနိုးမနိုး အသာစောင့်ကြည့်ပြီး အာဖြန်းဆေး၊ ရှူဆေးဘူးလေးကို နှုတ်ခမ်းမှာ တေ့လိုက်ပါတယ်။

          ခဏကြာတော့ တရွှွီရွီမြည်သံတွေ စငြိမ်လာပါတယ်။ အခုနက မောပြီး မသက်မသာဖြစ်နေတဲ့  သူလေးဟာ အရင်ကထက် ပိုပြီးနေလို့ကောင်းသွားပုံလည်း ရပါတယ်။

          ပန်းနာရင်ကြပ်ရှိတဲ့ မိသားစုဝင်တစ်ဦးရှိတဲ့အခါ အတူနေမိသားစုတွေဟာ ပန်းနာရင်ကြပ်ရောဂါသည် မိသားစုဝင်ကို အန္တရာယ်ကနေ ကာကွယ်ပြီးသားဖြစ်အောင် အရေးအပါဆုံး အချက်အလက်လေးတွေ သိထားဖို့ လိုပါတယ်။

          အခုနက ကလေးက ရှူဆေး အာဖြန်းဆေးလေးနဲ့ သက်သာသွားပေမယ့် တကယ်လို့ အာဖြန်းဆေး ရှူဆေးမရှိတဲ့ အခြေအနေမှာဆို ဘာလုပ်ကြမလဲ။

●        မတ်မတ်ဆန့်ဆန့် ထိုင်လိုက်ပါ။ ရှေ့ကိုကိုင်းနေတာ လှဲနေတာတွေက ရင်ကြပ်ရောဂါကို ပိုဆိုးစေပါတယ်။

●        အသက်တစ်ခါရှူတိုင်း ပြင်းပြင်းနဲ့ ကြာကြာရှူပါ။ နှာခေါင်းနဲ့ ရှူသွင်းလိုက်ပြီး ပါးစပ်ကနေ လေပြန်ထုတ်ပါ။

●        စိတ်အေးအေးထားပါ။ ရင်ခေါင်းကြွက်သားတွေ ပြေလျော့ပြီး လေအဝင်ကောင်းစေဖို့ ဖြစ်ပါတယ်။

●        အိမ်အပြင် သို့မဟုတ် ပြတင်းပေါက်ကို ဖွင့်လိုက်ပါ။ ဟင်းနံ့ သို့မဟုတ် မီးခိုးငွေ့၊ ညော်နံ့၊ ပန်းနံ့၊ ရေမွှေးနံ့ စသည် မိမိကို ရင်ကြပ်စေတဲ့အရာကနေ ဝေးဝေးသွားလိုက်ပါ။

●        ရေနွေးပူပူတစ်ခွက် မှုတ်သောက်လိုက်ပါ။ လေပြွန်ကြွက်သားတွေကို ပြေလျော့သွားစေလို့ အနည်းဆုံး နေရသက်သာသွားစေမှာပါ။

●        ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပါ။

          တကယ်တော့ ကာကွယ်ခြင်းဖြင့် ပန်းနာရင်ကြပ်ကို အတတ်နိုင်ဆုံး ဝေးဝေးထားနိုင်ပါတယ်။

 

>>    ရင်မကြပ်ရအောင် ဘာတွေရှောင်ကြမလဲ?

●        ဖုန်၊ အမှုန်တွေ၊ မွေးပွစောင်၊ တဘက်

●        အိမ်မွေးတိရစာၦန်များ

●        ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ခြင်း

●        လေအေးခံခြင်း

●        ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ညော်နံ့

●        ပင်လယ်စာ

●        အာလူး

●        ဘီယာ

●        ဝိုင်

          ပန်းနာရင်ကြပ်ကြောင့် အသက်အန္တရာယ် မဖြစ်စေချင်ရင် သွားလေရာ အာဖြန်းဆေး ရှူဆေး ဆောင်သွားတာ အမှန်ဆုံး ဆုံးဖြတ်ချက်ပါလို့ ပညာရှင်များက အကြံပြုထားပါတယ်။

 

>>    ရင်ကြပ်ရောဂါဖြစ်ဖို့ တွန်းပို့နေတဲ့အရာတွေကတော့ -

●        မိသားစု၊ ဆွေမျိုးနီးစပ်ထဲမှာ ပန်းနာရင်ကြပ် ရှိသူရှိခြင်း

●        အဝလွန်ခြင်း

●        ဆေးလိပ်သောက်ခြင်း

●        ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း

●        မီးခိုးငွေ့၊ ညော်နံ့များနှင့် ရေရှည်ထိတွေ့နေရခြင်း

●        အရေပြား ဓာတ်မတည့်ရောဂါ၊ နှာစေးနှာပိတ်ရောဂါ မကြာခံစားနေရသူများ

●        ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဆံပင်ဖြန်းဆေး၊ စက်ရုံများနှင့် နီးစပ်စွာ နေထိုင်အလုပ်လုပ်ရသူများ

          ဒီလိုအခြေအနေ ဒီလိုလူတွေမှာ ပန်းနာရင်ကြပ်ရောဂါ ခံစားရဖို့ အလားအလာ အလွန်များပါတယ်။ ရင်ကြပ်ရောဂါဆိုတာ တကယ်တော့ ဆင်ခြင်သတိထားစရာတွေကို ပြည့်ပြည့်စုံစုံ သိရှိပြီး ရှောင်သင့်တာတွေ ရှောင်၊ ဆောင်သင့်တာတွေ ဆောင်ခြင်းဖြင့် အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေနိုင်ပါကြောင်း အသိပေး ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)