/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းနာရင်ကြပ်ဝေဒနာရှင်များနှင့်-ကိုဗစ်အန္တရာယ်

ပန်းနာရင်ကြပ်ဝေဒနာရှင်များနှင့် ကိုဗစ်အန္တရာယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်ခံရတဲ့လူနာများ နေ့စဉ်များပြားနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ဖို့ အလားအလာများသောသူများတွင် ပင်ကိုယ် အဆုတ်ရောဂါအခံရှိသူများလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်ရောဂါရှိသူတွေအနေနှင့် ကူးစက်ဖို့ အလားအလာများတာ အသေအချာပါပဲ။ ပန်းနာရင်ကြပ်ရောဂါရှိသူတွေအပြင် အခြားသော ကိုဗစ်ကူးစက်ခံရနိုင်ချေများတဲ့ အုပ်စုတွေကတော့ -
●  နှလုံးရောဂါရှိသူများ
●  နာတာရှည်အဆုတ်ရောဂါရှိသူများ
●  အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
●  ဆီးချိုရောဂါရှိသူများ
●  ကိုယ်ခံအားနည်းနေသူများ ဖြစ်ကြပါတယ်။

ဒါကြောင့်
●  အိမ်မှာပဲနေပါ။ မလိုအပ်ဘဲ အပြင်မသွားပါနှင့်။
●  ဆေးဝါးနှင့် စားသောက်ကုန်များကို အနည်းဆုံး (၂) ပတ်စာခန့် ကြိုတင်စုဆောင်းထားပါ။
●  အိမ်ပြင်ထွက်ရသည့်အခါတိုင်း အခြားလူများနှင့် ခြောက်ပေအကွာတွင်နေပါ။
●  လက်ကို ဆပ်ပြာနှင့်ရေဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ လက်ဆေးဖို့မလွယ်ပါက လက်သန့်ဆေးရည် အသုံးပြုနိုင်ပါတယ်။
●  မိမိကို ပန်းနာရင်ကြပ်ထပြီး အမောဖောက်စေအောင် လှုံ့ဆော်သောအရာများ (အနံ့၊ အစားအစာ၊ ဖုန်မှုန့် စသည်) ကို တတ်နိုင်သမျှ ရှောင်ပါ။
●  အိမ်ရှိ တံခါးလက်ကိုင်ဘုများ၊ ရေချိုးခန်း၊ အိမ်သာ၊ လူ ထိတွေ့မှုများတဲ့ပစ္စည်းများကို အရက်ပြန်ဖြင့် မကြာခဏ သန့်ရှင်းပါ။

ပန်းနာရင်ကြပ်ရောဂါရှိသူများအနေနှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း စသော ကိုဗစ်လက္ခဏာများ စတင်ခံစားရပါက မိမိပြသနေကျ ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပါ။
●  လိုတာထက်ပိုပြီး အစိုးရိမ်လွန်တာမျိုး မဖြစ်ပါစေနှင့်။
●  အလွန်အမင်းစိုးရိမ်နေခြင်းဖြင့် ရောဂါကို ကာကွယ်နိုင်မှာ မဟုတ်တဲ့အပြင် စိတ်ဖိစီးခြင်းကြောင့် ရင်ကြပ်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
●  ဒါကြောင့် ပန်းနာရင်ကြပ်အတွက် သောက်သုံးနေရသောဆေးများ ရှိပါက ပုံမှန်သောက်ခြင်း၊ ကိုယ်ခံအားကောင်းမွန်စေဖို့ အာဟာရပြည့်ဝအောင်စားသုံးခြင်း၊ အိပ်ရေးဝအောင် အိပ်စက်ခြင်း၊ ဗီတာမင်စီဆေးပြား သောက်ခြင်း၊ social distancing နည်းစဉ်များအတိုင်း လိုက်နာနေထိုင်ခြင်း၊ လက်ကို မကြာခဏဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းတို့ကို လိုက်နာပါ။
●  အလွန်အမင်း စိတ်ပူပန်နေပါက တီဗီကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သူငယ်ချင်းများနှင့် စကားပြောခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း စသော မိမိစိတ်ကို ပြေလျော့စေမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)