ပန်းနာရင်ကြပ် ဖြစ်နေတာလား
တစ်ယောက်ယောက် ချောင်းဆိုးပြီး တရွှီရွှီ မြည်နေတယ်ဆိုပါတော့။ တကယ်ပဲ ပန်းနာရင်ကြပ် ဟုတ်ပါ့မလား? ဓာတ်မတည့်တာမျိုးရော ဖြစ်နိုင်မလား? လေပြွန်ရောင်တာပဲလား? တစ်ခါတလေကျတော့ ခွဲရခက်ပြန်ပါတယ်။ ဘယ်လိုခွဲကြမလဲဆိုတာ ပြောပြပေးမယ်နော်။
ပန်းနာရင်ကြပ်ဆိုတာ လေပြွန်တွေရောင်ရမ်းပြီး ကျဉ်းသွားတတ်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ ဒီလို လေပြွန်တွေရောင်ရမ်း၊ တင်းဆို့လာတဲ့အခါ၊ ချွဲသလိပ်တွေနဲ့ ပြည့်နှက်လာတဲ့အခါ ပန်းနာရင်ကြပ်လက္ခဏာတွေကို ခံစားရတော့တာပေါ့။
တစ်ယောက်နဲ့ တစ်ယောက်တော့ လက္ခဏာတွေက ကွဲပြားနိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်ပန်းနာရင်ကြပ် ဟုတ်၊ မဟုတ်ဆိုတာ ခွဲရခက်တာပေါ့။
>> ဖြစ်လေ့ရှိတဲ့ ပန်းနာရင်ကြပ်လက္ခဏာတွေကတော့ -
ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ၊ အသက်ရှူကြပ်တာ၊ ရင်ဘတ်အောင့်တာ၊ တင်းတာတွေနဲ့ လာလေ့ရှိပါတယ်။ လူတိုင်းမှာတော့ ဒီလိုလက္ခဏာတွေနဲ့ မလာနိုင်သလို ပန်းနာရင်ကြပ်လက္ခဏာ အများစုကလည်း တခြားရောဂါလက္ခဏာတွေနဲ့ တူနေတတ်ကြပါသေးတယ်။
ပန်းနာရင်ကြပ်နဲ့ ဓာတ်မတည့်လက္ခဏာတွေဟာ တူနေတတ်ပေမယ့် ဓာတ်မတည့်တာဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာ ဖြစ်တတ်ပြီး နှာခေါင်းပိတ်၊ နှာရည်ယို၊ နှာခေါင်းတွင်း လေလမ်းကြောင်းတွေ နာကျင်ပြီး လာတတ်ပါတယ်။
ပန်းနာရင်ကြပ်ကတော့ အဆုတ်ထဲ လေဝင်တဲ့ လမ်းကြောင်းတစ်လျှောက်မှာ ဖြစ်တာ များပါတယ်။
>> ပန်းနာရင်ကြပ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
အမေအဖေတွေ၊ ဆွေမျိုးသားချင်းတွေထဲမှာ ပန်းနာရင်ကြပ် ဒါမှမဟုတ် ဓာတ်မတည့်ဖြစ်တတ်ရင်နဲ့ မဖျားနာပါဘဲ တရွှီရွှီကြပ်တတ်၊ ဓာတ်မတည့် နှာရည်ယို နှာပိတ်တတ်၊ နှင်းခူဖြစ်တတ်ရင် ပိုသတိထားဖို့ လိုပါတယ်။
>> ဒီလက္ခဏာတွေ ဖြစ်ဖူးပါသလား?
● အအေးပိုက်ကလေးကနေ အသက်ရှူနေရသလို ခံစားနေရပါသလား?
● အသက်ရှူလိုက်တိုင်း ရင်ဘတ်ထဲက တစ်ရွှီရွှီ မြည်တတ်ပါသလား?
● ရင်ဘတ် တအားတင်းကြပ်နေပြီး အသက်ရှူမဝ ဖြစ်နေပါသလား?
ဒီလက္ခဏာတွေ ဖြစ်ဖူးရင်တော့ ပန်းနာရင်ကြပ်ဖြစ်ဖို့များပြီး ဆရာဝန်နဲ့ပြဖို့လိုပါပြီ။
>> ပန်းနာရင်ကြပ် ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့ -
● အမှုန်အမွှားတွေ၊ တိရစာၦန်အမွေးတွေ
● ဆေးလိပ်ငွေ့၊ ရေမွေးနံ့လိုမျိုး အနံ့တွေ
● အအေးမိ၊ အသက်ရှူလမ်းကြောင်းပိုးတွေ
● အစားအသောက် ဓာတ်မတည့်တာတွေ
● လေ့ကျင့်ခန်းတွေ
● ရာသီဥတုတွေ
● စိတ်ဖိစီးမှုတွေကြောင့် ပန်းနာရင်ကြပ် ထဖြစ်တတ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























