ပန်းသီးရှာလကာရည်ရဲ့ ကျန်းမာရေးကောင်းကျိုးများ
♦ Apple Cider Vinegar ဆိုတာဘာလဲ
Apple Cider Vinegar ဆိုတာ ရှာလကာရည်မျိုးနွယ်ဝင်ပါ။ ဒါပေမယ့် အခြားရှာလကာရည်တွေနဲ့ မတူဘဲ ပန်းသီးမှအချဉ်ဖောက်ပြီး ရလာခြင်းကြောင့် Apple Cider Vinegar လို့ခေါ်ကြခြင်းဖြစ်ပါတယ်။ ဒီရှာလကာရည်ကို အသုပ်သုတ်ရာတွင်လည်းကောင်း၊ သားငါးပိုမိုနူးညံ့အောင် (သို့) အရသာကောင်းအောင် မချက်ပြုတ်မီ နှပ်ထားရာတွင်လည်းကောင်း၊ အစားအစာကို တာရှည်အထားခံအောင် ပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုပါတယ်။ ပန်းသီးကို အနှစ်သားဖြစ်အောင် ခြေပြီးနောက် အရည်ညှစ်ယူကာ အချဉ် ဖောက်ဖို့အတွက် ဘက်တီးရီးယားနှင့် တစေးကို ပန်းသီးအရည်ထဲကို ထည့်လိုက်ပြီးတဲ့အခါ ပန်းသီး မှာပါတဲ့သကြားဓာတ်ဟာ Alcohol အဖြစ်သို့ ပြောင်းသွားပါတယ်။ ဒါဟာပထမအဆင့် အချဉ်ဖောက်ခြင်း ဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ Acetobacter (အက်ဆီးတစ်အက်ဆစ်ဖြစ်စေတဲ့ ဘက်တီးရီး ယား) ကို အသုံးပြုကာ Alcohol မှ Vinegar (ရှာလကာရည်) အဖြစ်သို့ ပြောင်းသွားစေပါတယ်။ အချဉ်ဖောက်ခြင်း အဆင့် နှစ်ဆင့်လုပ်ပြီးမှ Apple Cider Vinegar ကိုရရှိမှာဖြစ်ပါတယ်။
♦ Apple Cider Vinegar ၏ အသုံးဝင်ပုံများ
ရှာလကာရည်ကို ချက်ပြုတ်ရေးတွင်သာမက ဆေးစွမ်းအာနိသင် ပေးစွမ်းနိုင်မှုအပေါ်မှာမူတည်ပြီး အမျိုးမျိုးသောရည်ရွယ်ချက်တို့ဖြင့် အသုံးပြုလာသည်မှာ ရာစုနှစ်ပေါင်းများစွာတိုင်ရှိခဲ့ပါပြီ။ များစွာသော ရှာလကာရည်တွေထဲကမှ Apple Cider Vinegar က ကျန်းမာရေးအတွက် ဆေးစွမ်းအာနိသင် ပေးနိုင်ဆုံးသော ရှာလကာရည်အဖြစ် ရပ်တည်နေပါတယ်။ ဒါကြောင့် Apple Cider Vinegar က ကျန်းမာရေးပိုင်းမှာ ဘယ်လိုအကျိုးပြုပေးနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာထားလို့ရအောင် ဖော်ပြ ပေးလိုက်ပါတယ်။
1. ဘက်တီးရီးယားပိုးပေါင်းများစွာကို သေစေပါတယ်
ရှာလကာရည်ဟာ ပိုးသတ်ပေးနိုင်တယ်၊ အစားအစာတွေကို သဘာ၀အလျောက် တာရှည်ခံ စေတယ်ဆိုတဲ့ အစဉ်အလာရှိတာနဲ့အညီ လက်သည်းမှိုစွဲတဲ့အခါ၊ ကြွက်နို့ထွက်တဲ့အခါ၊ နားအတွင်းသို့ ပိုးကောင်၊ မွှားကောင်များ၀င်တဲ့အခါ ကုသရာမှာ အသုံးပြုခဲ့ကြတယ်ဆိုတဲ့ အချက်တွေရှိခဲ့သလို မိမိရဲ့ အစားအစာတွေကို သဘာ၀နည်းအတိုင်း တာရှည်ခံအောင်ထားနိုင်ဖို့အတွက် ပန်းသီးအရက် ရှာလကာရည် က အကောင်းဆုံးလို့တောင် ဆိုစမှတ်ပြုကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၎င်းမှာ ပါဝင်တဲ့ အက်ဆီး တစ်အက်ဆစ်က ဘက်တီးရီးယားပိုးတွေကို သေစေနိုင်စွမ်းရှိသလို အစားအစာတွေမှာ ရှိနေနိုင်တဲ့ E.coli ကဲ့သို့သော ဘက်တီးရီးယားပိုးများကို ဖျက်စီးပေးပြီး ရောဂါပိုးကင်းအောင် လုပ်ပေးနိုင်စွမ်းရှိခြင်းကြောင့် ဖြစ်ပါတယ်။
2. သွေးတွင်းသကြားဓာတ်ကိုကျစေပြီး ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်
ဆီးချိုသွေးချိုရောဂါဖြစ်ရတာဟာ သွေးတွင်းသကြားဓာတ်မြင့်ခြင်း၊ အင်ဆူလင်ကိုခံနိုင်ရည်ရှိ သွားခြင်း၊ ခန္ဓာကိုယ်မှအင်ဆူလင် မထုတ်နိုင်ခြင်းတို့ကြောင့်ဖြစ်ပါတယ်။ ဆီးချိုသွေးချိုမရှိသူတွေမှာလည်း သွေးတွင်း သကြားဓာတ်မြင့်ခြင်းကြောင့် အိုမင်းမြန်ခြင်း၊ နာတာရှည်ရောဂါများဖြစ်ခြင်းတို့ ဖြစ်စေတတ်ပါ တယ်။ ဒါကြောင့်လူတစ်ယောက်မှာ သွေးတွင်းသကြားဓာတ်ထိန်းနိုင်ဖို့ရာ အင်မတန်မှအရေးကြီးပါတယ်။ ဖြူစင်အောင်အလွန်အမင်းသန့်စင်ထားတဲ့ ဆန်၊ ဂျုံ စတဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှုမြင့်မားတဲ့ အစား အသောက်တွေ သကြားများများစားတာတွေကို ရှောင်ကျဉ်ပါက သွေးတွင်းသကြားဓာတ်ထိန်းနိုင်မှာ ဖြစ်သ လို ရှာလကာရည်ကလည်း သွေးတွင်းသကြားဓာတ်ကိုကျစေပြီး အင်ဆူလင် လုပ်ဆောင်ချက်ကို ကောင်းစေ တဲ့ အကျိုးအာနိသင်ကိုပေးနိုင်စွမ်းရှိတာကို ကြွက်များနှင့် လူသားများတွင် လေ့လာမှုများစွာပြုလုပ်ခဲ့ပြီး နောက် သိလာခြင်းဖြစ်ပါတယ်။ ပန်းသီးအရက်ရှာလကာရည်ကို အိပ်ရာမဝင်ခင် စားပွဲတင်ဇွန်း 2 ဇွန်း သောက်ပါက သွေးတွင်းသကြားဓာတ် (4) ရာခိုင်နှုန်းကျစေနိုင်တယ်ဆိုတဲ့ လေ့လာမှု အထောက်အထား များအရ ဆီးချိုသွေးချိုရောဂါဖြစ်နေသူတွေ၊ ဆီးချိုသွေးချိုရောဂါဖြစ်ချင်နေသူတွေနဲ့ သွေးတွင်းသကြား ဓာတ် ပုံမှန်ဖြစ်နေအောင် ထိန်းရမယ့်သူတွေအတွက် လွန်စွာအသုံးတည့်ပါတယ်။ ဆီးချိုဆေးသောက် နေသူတွေအနေနဲ့ ပန်းသီးရှာလကာရည်ကို သောက်မယ်ဆိုရင် ဆရာ၀န်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ သောက် သင့်တယ်လို့ သုတေသီတွေကအကြံပြုထားပါတယ်။
3. ကိုယ်အလးချိန်ကျစေပါတယ်
အဝလွန်သူတွေကို နေ့စဉ် ပန်းသီးအရက် ရှာလကာရည်သောက်စေပြီး လေ့လာချက်အရ ၄င်း ရှာလကာရည်က ဗိုက်ပြည့်အင့်ခြင်းကို ဖြစ်စေတဲ့ခံစားချက်ကိုဖြစ်စေကာ ကယ်လိုရီပါဝင်မှုနည်းတဲ့ အစားအစာတွေကိုပဲ စားဖြစ်စေတာကြောင့် ကိုယ်အလေးချိန်ကျစေရာမှာ အထောက်အကူဖြစ်စေကြောင်း သိရပါတယ်။
4. ကိုလက်စထရောကိုလျှော့ချပေးပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်
ပန်းသီးအရက်ရှာလကာရည်က နှလုံးသွေးကြောရောဂါကိုဖြစ်စေတဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကိုကျစေပြီး သွေးဖိအားမြင့်တက်ခြင်းမှ ကာကွယ်ပေးနိုင်တယ်ဆိုတာကို လူတွေမှာ လေ့လာခြင်းမရှိသေးပေမယ့် ကြွက်များမှာလေ့လာထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဟားဗတ်တက္ကသိုလ်မှ သုတေသီတွေဟာ ပန်းသီးရှာလကာရည်ကို အသုပ်သုတ်စားရာတွင် အမြဲထည့်ပြီးစားလေ့ရှိသူ အမျိုးသမီး များအား လေ့လာကြည့်ခဲ့ရာ ထိုအမျိုးသမီးများမှာ နှလုံးရောဂါဖြစ်နိုင်ခြေ တော်တော်လေးနည်းတယ်လို့ ဆိုပါတယ်။
5. ကင်ဆာရောဂါအန္တရာယ်မှကာကွယ်ပေးပါတယ်
ရှာလကာရည်က ကင်ဆာဆဲလ်တွေကို သေစေနိုင်ပြီး ကင်ဆာကျိတ်ကို ကျုံ့သွားစေနိုင်တယ် ဆိုတာနဲ့ပတ်သက်ပြီး ကင်ဆာဆဲလ်တွေကို Test Tube တွေထဲမှာထည့်ပြီးသော်လည်းကောင်း၊ ကြွက်များ တွင်လည်းကောင်း လေ့လာမှုတွေပြုထားပြီးဖြစ်ပါတယ်။ လေ့လာမှုပြုလုပ်ရာမှာ Rice vinegar နဲ့သာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး Apple Cider Vinegar နဲ့တော့ စမ်းသပ်ခဲ့ခြင်းမဟုတ်ပါဘူး။ ဒါပေမယ့် Apple Cider Vinegar မှာပါဝင်တဲ့ ဓာတ်များ၏အစွမ်းကြောင့် ကင်ဆာကို ပိုလို့ကာကွယ်နိုင်စွမ်းရှိနိုင်ကြောင်း သုတေသီ တွေကဆိုထားပါတယ်။
6. ဗိုက်မကောင်းခြင်းကိုလျော့ပါးသက်သာစေပါတယ်
ဝမ်းပျက်ဝမ်းလျှောဖြစ်ရခြင်းရဲ့ အခြေခံဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရတာပါ။ ပန်းသီးအရက် ရှာလကာရည်မှာ ပဋိဇီဝဆေးအာနိသင်ရှိတာကြောင့် ဝမ်းဗိုက်ပြဿနာကို သက်သာစေနိုင်ပါတယ်။ ပန်းသီး ရှာလကာရည်မှာပါ၀င်တဲ့ Pectin ဓာတ်ကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးအရက်ရှာလကာရည်စားပွဲတင်ဇွန်း 1-2 ဇွန်းစာကို ရေနဲ့ဖျော်ပြီးသောက်ပေးပါ။
7. ကြို့ထိုးခြင်းကိုရပ်စေပါတယ်
ပန်းသီးအရက်ရှာလကာရည်မှာပါတဲ့ အချဉ်ဓာတ်ကြောင့် ကြို့ထိုးခြင်းကိုရပ်တန့်စေပါတယ်။ ဒါကြောင့် ကြို့ထိုးချိန်မှာ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်သောက်လိုက်ပါ။
8. လည်ချောင်းယားခြင်းမှကာကွယ်ပေးပါတယ်
လည်ချောင်းယားလွန်းရင် အားပါပါချောင်းဆိုးရခြင်းကြောင့်လည် ချောင်းနာသွားတတ်ပါတယ်။ ဒါကြောင့်လည်း ချောင်းယားရင် ပန်းသီးအရက်ရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးနဲ့ရော ကာ အာခေါင်ထိရောက်အောင် နာရီခြားပြီး ပလုတ်ကျင်းပေးပါ။
9. အစာကြေစေပါတယ်
အစာမကြေဖြစ်နေပါက ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနွေး တစ်ဖန်ခွက်ထဲကိုထည့်ပြီး ညစာမစားမီ မိနစ် 30 အလိုလောက်မှာသောက်ပေးပါ။
10. နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်
ပန်းသီးအရက်ရှာလကာရည်မှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ချွဲတွေကိုပျော်စေနိုင်စွမ်းရှိပြီး အက်ဆီးတစ်အက်ဆစ်က နှာခေါင်းပိတ်ဆို့ခြင်းကိုဖြစ်စေတဲ့ ပိုးမွှားရှင်သန်မှုကိုတားဆီးပေးပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်နေချိန်မှာ လက်ဖက်ရည်တစ်ဇွန်းစာ ပန်းသီးအရက်ရှာလကာရည် ကို ရေနဲ့ရောပြီး သောက်ပေးပါ။
11. ဗောက်ပျောက်စေပါတယ်
ပန်းသီးအရက်ရှာလကာရည်မှာပါတဲ့ အက်ဆစ်ဓာတ်က ဦးရေပြားရှိ pH ကိုပြောင်းစေပြီး မှိုပိုး ရှင်သန်ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနဲ့ရောပြီး ဦးရေပြားကိုဆွတ်ပေးပါ။ ပြီးနောက် တဘက်နဲ့ 15 မိနစ်ခန့် ပေါင်းထားပြီး ရေဆေးချပါ။ ဗောက်များနေသူတွေအနေနဲ့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် လုပ်ပေးသင့်ပါတယ်။
12. ဝက်ခြံကင်းစေပါတယ်
ဘက်တီးရီးယားပိုးသေစေတဲ့ အာနိသင်ရှိခြင်းကြောင့်အဆီ၊ ဖုန်၊ ဘက်တီးရီးယားပိုးလေးတွေ ကြောင့်ဖြစ်စေတဲ့ ဝက်ခြံထွက်ခြင်းကို သက်သာစေပါတယ်။ ပန်းသီးအရက်ရှာလကာရည်မှာပါတဲ့ Malic acid နဲ့ Lactic ကြောင့် အသားရေကိုနူးညံ့စေပြီး အနီအစက်အပြောက်တွေဖြစ်ခြင်းမှ ကာကွယ်ပေးကာ အရေပြားရှိ pH ကိုညီမျှစေပါတယ်။ ပန်းသီးအရက်ရှာလကာရည်ကို တိုနာအဖြစ်သုံးပေးနိုင်ပါတယ်။
13. ပင်ပန်းမှုကိုပြေပျောက်စေပါတယ်
လေ့ကျင့်ခန်းလုပ်ခြင်း၊ တခါတရံဖိစီးမှုများခြင်းတို့ကြောင့် ခန္ဓာကိုယ်မှာလက်တစ်အက်ဆစ်ကို စုပုံ စေတဲ့အတွက် ပင်ပန်းနွမ်းလျခြင်းကိုဖြစ်စေပါတယ်။ ပန်းသီးအရက်ရှာလကာရည်မှာပါဝင်တဲ့ ပိုတက်ဆီ ယမ်နဲ့အင်ဇိုင်းဟာ ပင်ပန်းမှုတွေကို လျော့ပါးစေနိုင်စွမ်းရှိတာကြောင့် ပင်ပန်းလာတဲ့အချိန်မှာ ပန်းသီး အရက်ရှာလကာရည် စားပွဲဇွန်း 1-2 ဇွန်းစာကို ရေနဲ့ရောပြီးသောက်ပေးပါ။
14. ကြွက်တက်ခြင်းကိုသက်သာစေပါတယ်
ကြွက်တက်တယ်ဆိုတာ ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်ဓာတ်နည်းနေကြောင်းပြတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်ပိုတက်ဆီယမ်ဓာတ်မြင့်မားစွာပါရှိတဲ့ ပန်းသီးအရက်ရှာလကာရည်ကို စားပွဲတင်ဇွန်း နှစ်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရေနွေးထဲထည့်ပြီးသောက်ပါက ကြွက်တက်ခြင်းမှ သက်သာစေနိုင်ပါတယ်။
15. ခံတွင်းအနံ့ဆိုးများကို ပျောက်စေပါတယ်
ပန်းသီးအရက်ရှာလကာရည်က ခံတွင်းနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးကို သေစေနိုင်စွမ်း ရှိတာကြောင့် ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနဲ့ရောပြီး ပလုတ်ကျင်းပေး လိုက်ပါ။
16. သွားဖြူစေပါတယ်
သွားပေါ်မှာကပ်ငြိနေတဲ့ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်ပြီး ခံတွင်းထဲမှာခိုအောင်းနေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ သွားဖြူစင်စေဖို့သွားတိုက်ပြီးနောက် ပန်းသီးအရက်ရှာလကာ ရည်ဖြင့် မနက်တိုင်းပလုတ်ကျင်းပေးပါ။
17. ပွန်းပဲ့ဒဏ်ရာတွေကို လျော့ပါးစေပါတယ်
ပန်းသီးအရက်ရှာလကာရည်မှာ ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ပွန်းပဲ့ ဒဏ်ရာအပေါ်မှာ ပန်းသီးအရက်ရှာလကာရည်ကို တို့ပေးပါကအရောင်ကျစေပြီး သက်သာစေပါတယ်။
18. ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကို ချေဖျက်ပေးပါတယ်
ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း 2 ဇွန်းကို ရေ 250 ml နှင့် သမအောင်မွှေပြီး နေ့စဉ် သောက်ပေး ပါက ကျောက်ကြေနိုင်ပါတယ်။ ဒါမှမဟုတ် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း 1 ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း 1 ဇွန်း နဲ့ ရေ 250 ml ကို သေချာရောမွှေပြီး နေ့စဉ်သောက်ပေးရင်လည်း ကျောက်ကပ် အတွင်းရှိ ကျောက်များကိုကြေစေပါတယ်။ (ဒါပေမယ့် ဒါတွေက အိမ်တွင်းကုထုံးတွေဖြစ်ပြီး လုံးဝပျောက် မယ်လို့ အာမခံချက်ပေးထားတာတော့ မတွေ့ရပါဘူး)
19. သည်းခြေကျောက်များကို ချေဖျက်ပေးပါတယ်
ပန်းသီးလတ်လတ်ဆတ်ဆတ်ဖျော်ရည် 250 ml၊ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို သမအောင်ရောမွှေပြီး တစ်လလောက် နေ့စဉ်သောက်ပေးပါက သည်းခြေကျောက်များကြေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ တစ်လနောက်ပိုင်းမှာလည်း ပန်းသီးကို နေ့စဉ်စားပေးသွားဖို့လိုတယ် လို့လည်း အကြံပြုထားပါတယ်။ ဒါပေမယ့် လုံးဝပျောက်ကင်းမယ်လို့ အာမခံထားတာတော့ မရှိသေးပါဘူး။
♦ Apple Cider Vinegar က ဘေးထွက်ဆိုးကျိုးရောဖြစ်စေနိုင်သလား၊ ဘယ်လိုအသုံးပြုရမလဲ
မည်သည့်အစားအစာ၊ ဆေးဝါးမဆို တန်ဆေးလွန်ဘေးဆိုတာရှိတာကြောင့် လွန်လွန်ကဲကဲမစားဘူး၊ လိုအပ်တဲ့ပမာဏလောက်ပဲ ပုံမှန်စားပေးမယ်ဆိုပါက မည့်သည့်ဆိုးကျိုးမှ မဖြစ်စေနိုင်တာကြောင့် စိတ်ချ လက်ချစားလို့ရပါတယ်။ အသုပ်သုတ်ရာမှာဖြစ်စေ၊ ချက်ပြုတ်ရာမှာဖြစ်စေ ထည့်တာက ပန်းသီးအရက် ရှာလကာရည်ကို စားသုံးတဲ့အကောင်းဆုံးသော နည်းမှန်လမ်းမှန်ဖြစ်ပေမယ့် တချို့သူတွေကရေနဲ့ရောပြီး အဖျော်ယမကာအဖြစ်သောက်ချင်ကြပါတယ်။ ဒီလိုရေနဲ့ရောသောက်ရာမှာ ပန်းသီးအရက်ရှာလကာရည်ကို တစ်နေ့တာပမာဏဖြစ်တဲ့ လက်ဖက်ရည်ဇွန်း 1-2 ဇွန်းစာ (5-10ml)၊ စားပွဲတင်ဇွန်း 1-2 ဇွန်းစာ(15-30ml) ထက်မပိုအောင်တော့ ဂရုစိုက်သင့်တယ်လို့အကြံပြုပါရစေ။ Apple Cider Vinegar ကို ဆေးတောင့်ပုံစံနဲ့ ထုတ်တာတွေလည်းရှိပါတယ်။ ဒါပေမယ့် ၎င်းဆေးတွေထဲမှာ true vinegar ပါဝင်မှုဟာ မြင့်လွန်းခြင်း ကြောင့်ဖြစ်ပါတယ်။ နောက်ပြီး Apple Cider Vinegar ပါဝင်တဲ့ ဆေးသောက်သူ အမျိုးသမီးတစ်ယောက်မှာ အစာမျိုပြွန်လောင်သွားတယ်ဆိုတဲ့ အဖြစ်ရှိထားတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သင့်ပါ တယ်။
CMS (www.drmyanmar.com)





























