ပါးစပ်ထဲတွင် သံဓာတ်( Metallic Taste) ဖြစ်ရခြင်းအကြောင်းများ
ပါးစပ်ထဲမှာ အကြွေစေ့ဟောင်းလိုမျိုး အရသာ ခံစားနေရပါသလား?
ဒီလို သံဓာတ်ရနေတာက ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါနဲ့ အချို့သောကင်ဆာရောဂါတွေကဲ့သို့သော ပြင်းထန်သော ရောဂါတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေကြောင့်လို့တော့ အတိအကျပြောလို့မရပါဘူး။ အခြားရောဂါလက္ခဏာတွေနဲ့လည်းတွဲ ဖြစ်တတ်ပါတယ်။
ကျန်းမာရေးကောင်းနေတယ်ဆိုရင်တော့ ဒီလိုသံဓာတ်စူးစူးရနေရတဲ့ အကြောင်းအရင်းက benign ( မသေနိုင်သော ကင်ဆာရောဂါ) ကြောင့်ဖြစ်နိုင်ပါတယ်။
အထက်ပါအခြေအနေတွေကြောင့်မဟုတ်ရင်တော့ သောက်နေတဲ့ဆေးတွေကြောင့် (သို့) ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အောက်ပါ အချက် ၈ ချက်ကတော့ ပါးစပ်ထဲမှာသံဓာတ်ရစေတဲ့ အချက်တွေပဲဖြစ်ပါတယ်။
၁။ ခံတွင်းသန့်ရှင်းမှုမရှိခြင်း - သွားပုံမှန်မတိုက်လျှင် သွားနှင့် သွားဖုံးပြသနာများဖြစ်သော သွားဖုံးရောင်ခြင်း၊ သွားပိုးစားခြင်းများ ဖြစ်တတ်ပါတယ်။ သွားဆရာဝန်နဲ့ပြပြီး ညွှန်ကြားတဲ့အတိုင်းလိုက်နာရပါမယ်။ သွားရောဂါတွေ ပျောက်ကင်းသွားရင် ပါးစပ်ထဲမှာ သံဓာတ်ရနေတာလည်း ကင်းစင်သွားပါလိမ့်မယ်။
၂။ ဆေးများ - tetracycline ကဲ့သို့သော ပိုးသတ်ဆေးများ၊ allopurinol (ဂေါက်ဟုခေါ်သော အဆစ်ရောင်ရောဂါကုဆေး) ၊ lithium (စိတ်ရောဂါများကို ကုသသည့်ဆေး) နှင့် အခြား နှလုံးဆေးများကြောင့်လည်း ပါးစပ်ထဲမှာ သံဓာတ် ရတတ်ပါတယ်။ ခန္ဓာကိုယ်က ဆေးကို စုပ်ယူလိုက်ပြီး တံတွေးထဲကို ပြန်ထွက်လာပါတယ်။ ပါးစပ်ခြောက်စေသည့် စိတ်ကျရောဂါကုဆေးဝါးကဲ့သို့သော ဆေးတွေကြောင့်ပိုဆိုးစေပါတယ်။ ဒီဆေးတွေက အရသာခံတဲ့ အဖုလေးတွေကို ပိတ်လိုက်ခြင်းဖြင့် ပါးစပ်ထဲမှာ သံဓာတ်ကိုရစေပါတယ်။
၃။ အားဆေးများ - သတၴုဓာတ်များ (ကြေးနီ၊ သွပ်၊ ခရိုမီယမ်) ပါဝင်သော ဗီတာမင်အားဆေးများ၊ အအေးမိပျောက်ဆေး (သွပ်ဓာတ်ပါသော ငုံဆေးပြားများ)၊ ကိုယ်ဝန်ဆောင်အားဆေးများ၊ သံဓာတ်နှင့် ကယ်လ်ဆီယမ် အားဖြည့်ဆေးများက လည်း ပါးစပ်ထဲမှာ သံဓာတ်ရစေပါတယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓာကိုယ်ကဆေးတွေကို ချေဖျက်လိုက်ပြီဆိုတာနဲ့ ဒီအန့ံတွေပျောက်သွားတတ်ပါတယ်။ မပျောက်သွားဘူးဆိုရင်တော့ အများကြီးသောက်မိနေလား ဆိုတာကို ပြန်စစ်ကြည့်ပါ။
၄။ ရောဂါပိုးဝင်ခြင်း - အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းပိုးဝင်ခြင်း၊ အအေးမိခြင်း၊ နှာခေါင်းပိတ်ပြီးရောင်ခြင်း စသည်တို့ကြောင့် အရသာခံတဲ့ အာရုံတွေပြောင်းလဲသွားနိုင်ပါတယ်။ ဒါက ရောဂါပျောက်တာနဲ့ ပြန်ပြီး သက်သာသွားမယ့် ခဏတာဖြစ်စဉ်ပါ။
၅။ ကင်ဆာရောဂါကုထုံးများ - ကင်ဆာဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ကင်ပြီး ကုသခံနေရတဲ့သူတွေမှာလည်း ပါးစပ်ထဲမှာ သံဓာတ်ရတတ်ပါတယ်။
၆။ ကိုယ်ဝန်ဆောင်များ - အချို့သောအမျိုးသမီးတွေက ကိုယ်ဝန်ဆောင် အစပိုင်းမှာအရသာခံနိုင်မှု အပြောင်းအလဲတွေဖြစ်လေ့ရှိပါတယ်။ ပါးစပ်မှာသံဓာတ်ရခြင်းကတော့ ဒီအပြောင်းအလဲတွေထဲက တစ်ခုပါပဲ။
၇။ သတိမေ့ရောဂါ (မှတ်ဉာဏ်ကျဆင်းခြင်း) - အရသာခံတဲ့အဖုလေးတွေနဲ့ ဦးနှောက်ကို အာရုံကြောတွေနဲ့ ဆက်သွယ်ပေးထားပါတယ်။ အရသာခံခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်ထဲရှိအစိတ်အပိုင်းတစ်ခု ကောင်းကောင်း အလုပ်မလုပ်တော့ရင်လည်း ပုံမှန်အရသာခံနိုင်မှာမဟုတ်ပါဘူး။
၈။ ဓာတုပစ္စည်းများနှင့်ထိတွေ့မှု - ပြဒါး (သို့) ခဲ တို့နဲ့ အလွန်အကျွံထိတွေ့မှုရှိရင်လည်း ပါးစပ်ထဲမှာ သံဓာတ်ရတတ်ပါတယ်။
ဒါကြောင့် တကယ်လို့ ဒီလို ပါးစပ်ထဲမှာသံဓာတ်ရနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ဆရာဝန်က ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်လား အခြားအကြောင်းကြောင့်လားဆိုတာ ကို ရှာဖွေပြီး ကုသပေးပါလိမ့်မယ်။
Dr. Mya Myo Myo Swe






























