ပါးစပ်နဲ့ လိင်ဆက်ဆံရင် ကာလသားရောဂါ ရနိုင်လား?
ပါးစပ်နဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးဆိုတာတော့ အားလုံးသိကြပါတယ်။ ဒါပေမဲ့လည်း ပါးစပ်နဲ့ ဆက်ဆံတာက အန္တရာယ်ကင်းတဲ့ နည်းလမ်းတော့လည်း မဟုတ်ပါဘူး။ ပါးစပ်နဲ့ ဆက်ဆံရင် ကာလသားရောဂါလို့ခေါ်တဲ့ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ရနိုင်ပါသေးတယ်။ အဖြစ်များဆုံးကတော့ လိင်အင်္ဂါ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပြီးတော့ သားအိမ်ခေါင်း၊ အမျိုးသားလိင်တံ၊ စအို၊ ခေါင်းနဲ့ လည်ပင်းကင်ဆာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ပါးစပ်နဲ့ ဆက်ဆံရင် ကူးနိုင်တဲ့ တခြားရောဂါပိုးတွေကတော့ ရေယုံ၊ HIV, trichomoniasis, အသည်းရောင်အသားဝါ A, B နဲ့ C တွေ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါ ကြွက်နို့နဲ့ ဆီးစပ်အမွေးက သန်းတွေလည်း ကူးနိုင်ပါသေးတယ်။
လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေက မမြင်သာပါဘူး။
လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေက လက္ခဏာမပြဘဲလည်း ရှိတတ်တဲ့အတွက် သူ့ဆီမှာ ဒီရောဂါရှိနေတယ်ဆိုတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ဒီလိုမျိုး မမြင်သာတဲ့အတွက်ကြောင့်လည်း စစ်ဆေးမှု ခံယူသင့်တာပါ။ မိမိ (သို့) မိမိရဲ့လိင်ဆက်ဆံဖက်မှာ မျိုးပွားအင်္ဂါမှာ အနာ တွေ့တယ်၊ နာကျင်တယ်၊ ဆီးသွားတာမှာ အပြောင်းအလဲတွေ ဖြစ်တယ် (သို့) တခြားပုံမှန်မဟုတ်တဲ့လက္ခဏာတွေ တွေ့ရင် ဆေးခန်းသွားပြီး စစ်ဆေးမှုခံယူပါ။ လက္ခဏာမပြပေမယ့်လည်း လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို စစ်ဆေးဖို့သင့်ပါတယ်။
ဒီရောဂါပိုးတွေ မကူးအောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်းကတော့ လိင်မဆက်ဆံဘဲ ရှောင်ကြဉ်ဖို့ပါ။ တခြားကူးစက်နိုင်ခြေကို လျော့ကျစေတဲ့နည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ အဓိက,ကတော့ ပုံမှန်စစ်ဆေးမှု ခံယူသင့်ပါတယ်။
>> ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ ရောဂါပိုးမကူးအောင် ဘယ်လိုကာကွယ်နိုင်သလဲ?
အရင်ဆုံးအနေနဲ့ မဆက်ဆံခင်မှာ ၂ ယောက်စလုံး ဆေးစစ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ဆက်ဆံဖက်ရဲ့ မျိုးပွားအင်္ဂါမှာ တစ်ခုခု ပုံမမှန်တာတွေ့ရင် ပါးစပ်နဲ့လည်း မဆက်ဆံပါနဲ့။ ရောဂါဖြစ်ပြီးဆိုရင် ဆေးခန်းပြပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာဖို့ လိုပါတယ်။
ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ ရောဂါပိုးကူးနိုင်ခြေကို ကာကွယ်နိုင်ဖို့အတွက် ကွန်ဒုံးသုံးလို့ ရပါတယ်။ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းတွေလည်း ရှိပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်နိုင်ခြေနည်းတဲ့ ဆက်ဆံနည်းတွေကတော့ နမ်းရှုံ့ခြင်း၊ ဖက်ခြင်း၊ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ လက်နဲ့ အပြန်အလှန် အာသာဖြေပေးခြင်းတို့ပဲ ဖြစ်ပါတယ်။
တကယ်တမ်းတော့ 100% အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်းရယ်လို့တော့ မရှိပါဘူး။ ဒါပေမဲ့လည်း ပုံမှန်စစ်ဆေးမှုတွေ လုပ်ပြီးတော့ အန္တရာယ်ကင်းတဲ့နည်းတွေ သုံးတာကတော့ ဖြစ်နိုင်ခြေတွေကို အနည်းဆုံး လျော့ကျစေပါတယ်။ ကျန်းမာရေး ဗဟုသုတများလေ ကိုယ့်အတွက် ကောင်းလေပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























