/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပါးစပ်သန့်စင်ဆေးတွေရဲ့-ကောင်းကျိုးဆိုးကျိုးများ

ပါးစပ်သန့်စင်ဆေးတွေရဲ့ ကောင်းကျိုးဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အခုနောက်ပိုင်းမှာ ပါးစပ်သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုတာ များလာပါတယ်။ ဒါပေမဲ့ တကယ်ရော အကျိုးရှိရဲ့လား။ အသုံးပြုသင့်၊ မပြုသင့် ဘယ်လိုဆုံးဖြတ်သင့်လဲ။ အရင်ဆုံး သူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေကို ကြည့်လိုက်ရအောင်။

>>  ကောင်းကျိုးတွေကတော့ -
●  သွားပေါက်မဖြစ်အောင် ကာကွယ်ပေးတယ်
ဖလိုရိုက်ပါဝင်တဲ့ သန့်စင်ဆေးရည်တွေဟာ သွားအပေါက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ထုတ်ပေးပါတယ်။ ဖလိုရိုက်က သွားတွေကို ကြံ့ခိုင်စေပြီး သွားအပေါ်ယံကြွေလွှာကို ကာကွယ်ပေးပါတယ်။

●  သွားဖုံးကို ကျန်းမာစေပါတယ်
ဘက်တီးရီးယားပိုးတွေဟာ သွားရဲ့အမြစ်၊ သွားဖုံးတွေမှာ တွယ်ကပ်နေတတ်ပါတယ်။ မကုသဘဲထားရင် သွားဖုံးရောင်ရမ်းတာ၊ ပိဝင်တာတွေကို ဖြစ်စေပါတယ်။ သန့်စင်ဆေးရည်က ဒီဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။

●  ခံတွင်းနံ့ကို ကောင်းမွန်စေပါတယ်
ဒါက ဒီလိုဆေးရည်တွေကို သုံးကြတဲ့ အဓိကအကြောင်းအရင်းပါ။ ခံတွင်းနံ့ ကောင်းမွန်နေရင် ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိစေပါတယ်။

●  ခံတွင်းအနာတွေကို သက်သာစေပါတယ်
လျှာ၊ ပါးစောင်၊ သွားဖုံး စတဲ့နေရာတွေမှာ ပေါက်တဲ့ အနာတွေက တော်တော် နာတတ်ပါတယ်။ ခံတွင်းသန့်စင်ဆေးရည်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး နာတာကို သက်သာစေသလို အနာကျက် မြန်စေပါတယ်။

>>  ဆိုးကျိုးဆိုတာထက် ခံတွင်းသန့်ဆေးရည်သုံးတဲ့အခါ သတိထားရမယ့်အချက်တွေကတော့ -
သူတို့မှာ အယ်ကိုဟောပမာဏ ပါတာများတာကြောင့် ပါးစပ်ထဲက တစ်သျှူးတွေကို ထိခိုက်စေပါတယ်။ ပလုတ်ကျင်းတဲ့အချိန်မှာ ပူသွားတဲ့ ခံစားချက်ရရင် ဒါက အယ်ကိုဟော များတယ်ဆိုတာ ပြနေတာပါ။

●  အနံ့ဆိုးတွေကို ဖုံးထားတယ်
အနံ့ဆိုးတွေကို ပျောက်စေတိုင်း အဲ့ဒီအနံ့ဆိုးကို ဖြစ်စေတဲ့ အကြောင်းအရင်းက ပျောက်သွားတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခံတွင်းနံ့က ဆိုးရွားနေရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

●  မျိုချမိရင် အန္တရာယ် ရှိပါတယ်
ဒီအကြောင်းအရင်းကြောင့် အသက် ၆ လအောက် ကလေးတွေ၊ ကလေးငယ်တွေကို သန့်စင်ဆေးရည် မသုံးခိုင်းတာပါ။ သူ့မှာပါတဲ့ ဓာတ်ပစ္စည်းတွေက မျိုချမိရင် အန္တရာယ်ရှိနိုင်ပါတယ်။

●  သွားကျင်စေတတ်တယ်
အသုံးပြုတာများရင် ပါးစပ်ကို ခြောက်သွေ့စေပါတယ်။ ခံတွင်းထဲက တံတွေးကို နည်းသွားစေလို့ သွားတွေကို အကာအကွယ်မဲ့စေပြီး အပူ၊ အအေး စတာတွေကို မခံနိုင်ဘဲ ဖြစ်တတ်ပါတယ်။

●  ကင်ဆာနဲ့ ဆက်စပ်နေတတ်တယ်
အတိအကျရလဒ်တွေတော့ ထွက်မလာသေးပေမယ့် သန့်စင်ဆေးရည်တွေ အသုံးပြုတာနဲ့ ခံတွင်းကင်ဆာ ဖြစ်ပွားတာနဲ့ ဆက်စပ်မှု ရှိတယ်လို့တော့ ဆိုကြပါတယ်။ ဒါပေမဲ့ တိကျတဲ့ သက်သေပြချက်တော့ မရှိသေးပါဘူး။
ဒီတော့ အသုံးပြုမယ်၊ မပြုဘူးဆိုတာ မိမိဘာသာ သေချာချင့်ချိန်သင့်ပါတယ်။ အဓိက အရေးကြီးတာက သွားကို တစ်နေ့ နှစ်ကြိမ်တိုက်ပြီး သွားကျန်းမာရေးကို ဂရုစိုက်ဖို့ပါပဲ။

Dr. Htar (www.drmyanmar.com)