ပိုးမွှားတွေကို ဖယ်ရှားဖို့ နည်းလမ်း (၈) သွယ်
သေချာ စဉ်းစားကြည့်လိုက်ရင် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ပိုးမွှားကူးစက်နိုင်ခြေဟာ နည်းတာ မဟုတ်ဘူးနော်။
ဒီလိုပိုးမွှားတွေကို ကာကွယ်ဖို့ လက်ဆေးခြင်းက အရေးကြီးတယ်ဆိုတာ အတော်များများလည်း သိနေကြပါပြီ။ နောက် ဘယ်နည်းလမ်းလေးတွေက အအေးမိတုပ်ကွေးကို ကာကွယ်နိုင်သလဲဆိုတာ ကြည့်ကြရအောင်ပါ။
၁။ တတ်နိုင်သလောက် လက်ဆေးပါ။
မကြာမကြာဆိုသလို လက်ဆေးပေးတဲ့အကျင့်ကို ပြုလုပ်ပေးပါ။ ဥပမာပြောရရင် တစ်နေရာရာ ရောက်တာနဲ့ (အိမ်၊ အလုပ်၊ ကျောင်း စသဖြင့်ပေါ့)၊ တစ်ခုခု လုပ်ပြီးတာနဲ့ (အစားအသောက် ချက်ပြုတ်တာ၊ စားတာသောက်တာ၊ အပြင်ထွက်ဆော့ကစားတာ၊ ကလေးသေးခံလဲတာ၊ ကွန်ပြူ တာသုံးတာ စသဖြင့်ပေါ့) လက်ဆေးတဲ့အကျင့်ကို ပြုလုပ်ပေးပါ။ အိမ်သာတက်ပြီး၊ နှာညှစ်ပြီး၊ နှာချေပြီး၊ တိရစာၦန်တွေ ကိုင်တွယ်ပြီး လက်ဆေးဖို့လည်း အရေးကြီးပါတယ်နော်။
၂။ လက်ဝတ်ရတနာတွေ ချွတ်ပါ။
လက်ဆေးတဲ့အခါလည်း လက်ဝတ်ရတနာတွေကို ချွတ်ဖို့ အရေးကြီးပါတယ်။ လက်စွပ်တွေ၊ လက်ကောက်တွေဟာ ပိုးမွှားတွေ၊ ဘက်တီးရီးယားတွေ ခိုအောင်းတဲ့နေရာတွေပါပဲ။
၃။ ပွတ်တိုက်ဆေးကြောပါ။
လက်ကို ဆပ်ပြာနဲ့ သာမန်ကာလျံကာ ဆေးကြောရုံနဲ့ မလုံလောက်ပါဘူးနော်။ သေချာ ပွတ်တိုက်ဆေးကြောဖို့က အရေးကြီးပါတယ်။
၄။ ၃၀အထိ ရေတွက်ပါ။
လက်ဆေးဖို့ စက္ကန့် ၃၀ လောက် အချိန်ယူသင့်ပါတယ်။ လက်ချောင်းကြားတွေ၊ လက်ကောက်ဝတ်၊ လက်ဖျံတွေကို ရေပိုက်ခေါင်းအောက်မှာ သေချာဆေးကြောဖို့ လိုပါတယ်။
၅။ လက်သည်းတွေကို သတိထားပါ။
လက်သည်းအောက်တွေကိုလည်း သေချာ ပွတ်တိုက်ဆေးကြောဖို့ မမေ့ပါနဲ့။ အထူးသဖြင့် လက်သည်းရှည်တဲ့လူတွေပေါ့။ ဖြစ်နိုင်ရင်တော့ လက်သည်းကို တိုတိုထားပေးဖို့ တိုက်တွန်းပါတယ်။
၆။ လက်ဆေးဆပ်ပြာကို ဆေးကြောပေးပါ။
ဆပ်ပြာတို့၊ ဆပ်ပြာရည်လက်ကိုင်တွေဟာလည်း လက်ညစ်ပတ်တွေနဲ့ ကိုင်တွယ်မှုကြောင့် ပိုးမွှားတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပြီးရင် စက္ကန့်ပိုင်းလောက် အချိန်ယူပြီး ဆပ်ပြာတို့၊ ဆပ်ပြာရည်ဘူး လက်ကိုင်တို့ကို သေချာဆေးကြောဖို့ လိုပါတယ်။
၇။ ပိုးမွှားတွေနဲ့ ကင်းကင်းနေပါ။
ရေပိုက်ခေါင်းကို တဘက်စနဲ့ပဲဖြစ်ဖြစ်၊ အကျႌလက်စနဲ့ပဲဖြစ်ဖြစ်ပိတ်ပြီး လက်ကို တဘက်စခြောက်ခြောက်တို့၊ လက်မှုတ်စက်တို့နဲ့ အခြောက်ခံပါ။
၈။ သတင်းစကား ဖြန့်ဝေပေးပါ။ ပိုးတွေ မဖြန့်ဝေပါနဲ့။
ပိုးမွှားတွေ၊ ဘတ်တီးရီးယားတွေ မပြန့်အောင် တားဆီးကာကွယ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒီလို လက်ဆေးနည်း အကျင့်ကောင်းတွေကို ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေနဲ့ ကလေးသူငယ်တွေကို မျှဝေပေးပြီး ငယ်ဘဝကတည်းက ပျိုးထောင်ဖို့ လိုအပ်ပါတယ်။
>> ဘက်တီးရီးယားသေ လက်ဆေးဂျယ်ရည်တွေကရော အကျိုးရှိသလား?
ယေဘုယျပြောရမယ်ဆိုရင် ဘတ်တီးရိးယားသေ လက်ဆေးဂျယ်ရည်တွေဟာ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်အများစုကို သေကြေစေနိုင်ပေမယ့် အရမ်းဆိုးတဲ့ ဘက်တီးရီးယားအမျိုးအစားတွေဖြစ်တဲ့ Salmonella, methicillin-resistant Staphylococcus aureus တို့ကိုတော့ ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ပါဘူး။ ရေနဲ့ အရက်ပြန်ကို ရောစပ်ထားတဲ့ Hydroalcoholic ဂျယ်လ်အမျိုးအစားကတော့ ပိုပြီးတော့ ထိရောက်မှု ရှိပါတယ်။
ဒါပေမဲ့ ချက်ပြုတ်ပြီး၊ သစ်ပင်ပန်းမန်စိုက်ပျိုး၊ ပေါင်းသင်အပြီးလိုမျိုး လက်တွေ အရမ်းညစ်ပတ်နေရင်တော့ ဘာမှအကျိုးမထူးပါဘူးနော်။ ဒီလိုဆိုရင်တော့ ဆပ်ပြာနဲ့ရေနဲ့ သေချာဆေးကြောမှ ရပါမယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























