/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပိုးသတ်ဆေးအကြောင်း-သောင်းပြောင်းထွေလာ

ပိုးသတ်ဆေးအကြောင်း သောင်းပြောင်းထွေလာ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပိုးသတ်ဆေးဆိုတာ ကိုယ်ခန္ဓာထဲ ဝင်ရောက်လာတဲ့ ပိုးမွှားတွေကို တိုက်ထုတ်ပြီး ဆက်မပွားနိုင်အောင် တားဆီးပေးတဲ့ဆေးတစ်မျိုးပေါ့။ ပိုးသတ်ဆေးကို လိုအပ်မှပဲသုံးတာ ကောင်းပါတယ်။ မလိုအပ်ဘဲသုံးရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

 

၁။     ပိုးသတ်ဆေးတွေဟာ ဗိုင်းရပ်စ်ပိုးတွေကိုတော့ မသတ်ပါဘူးနော်။

          တချို့ဖျားနာမှုတွေက ဘတ်တီးရီးယားကြောင့်ဖြစ်ပြီး တချို့ကတော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ ပိုးသတ်ဆေးဟာ ဘက်တီးရီးယားပိုးကိုပဲ သတ်တယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတွေကိုတော့ သက်သာစေမှာ မဟုတ်ပါဘူး။

 

>>    ဗိုင်းရပ်စ်ပိုးကြောင့်လား၊ ဘက်တီးရီးယားပိုးကြောင့်လား ဘယ်လိုသိနိုင်မှာလဲ?

          ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ခွဲရတာ ခက်တတ်တယ်။ မသေချာရင် ဆရာဝန်နဲ့ပဲပြပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဖြစ်များတဲ့ရောဂါတွေကတော့ -

●        အအေးမိခြင်း

●        နှာရည်တောက်တောက်ကျခြင်း

●        လည်ချောင်းနာခြင်း

●        တုပ်ကွေးမိခြင်းတွေဖြစ်ပြီး

 

>>    ပိုးသတ်ဆေးနဲ့ ကုဖို့လိုတဲ့ ဘက်တီးရီးယားပိုးရောဂါတွေကတော့ -

●        လည်ချောင်းနာခြင်း

●        ကြက်ညှာချောင်းဆိုး

●        ဆီးပိုးဝင်ခြင်း စတာတွေ ဖြစ်တယ်။

 

          နားနဲ့ ခေါင်းတွင်းဂလိုင်ပေါက် ပိုးဝင်ခြင်းတွေ၊ လေပြွန်ရောင်ခြင်းတွေလိုမျိုး တချို့ရောဂါတွေကတော့ ဘက်တီးရီးယားကြောင့်ရော၊ ဗိုင်းရပ်စ်ကြောင့်ပါ ဖြစ်နိုင်ပါတယ်။ အတော်များများကတော့ သူ့အလိုလို ပျောက်သွားတတ်တာမို့ ပိုးသတ်ဆေးသောက်စရာ မလိုတတ်ပါဘူး။ တကယ်လို့ ၁၀ ရက်ကြာလို့မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

၂။     မလိုအပ်ဘဲ ပိုးသတ်ဆေးသောက်ခြင်းကြောင့် ဆေးယဉ်ပါးမှုတွေ ဖြစ်လာနိုင်တယ်။

          ပိုးသတ်ဆေးက ဘတ်တီးရီးယားတချို့ကို သတ်နိုင်ပေမယ့် အားလုံးတော့ မသတ်နိုင်ဘူးပေါ့။ မသတ်နိုင်ဘဲ ကျန်ခဲ့တဲ့ ဘက်တီးရီးယားပိုးတွေဟာ ပွားလာပြီး ဆေးယဉ်ပါးပိုးတွေ ဖြစ်လာတတ်တယ်။

          ဒီလိုဆေးယဉ်ပါးခြင်းဟာ အင်မတန်ကြောက်ရပြီး လည်ချောင်းနာတာလိုမျိုး ရိုးရိုးရောဂါတွေကိုတောင် ကုရ ခက်သွားစေနိုင်တယ်။ ဒီလိုဆေးယဉ်ပါးပိုးတွေကြောင့် ပိုးသတ်ဆေးတောင် မနိုင်တော့တဲ့အခါ ပိုးတာရှည်နေပြီး နောက်ဆက်တွဲေတွေ ဆိုးဆိုးရွားရွား ဖြစ်သွားစေနိုင်တယ်။

          ဒါကြောင့် ဆရာဝန်ကို ပိုးသတ်ဆေးပေးဖို့ ဇွတ်မတိုက်တွန်းနဲ့နော်။ သက်သာစေဖို့ ဘာတွေလုပ်လို့ရမလဲ ဆိုတာလေးပဲ မေးကြည့်ပါ။

 

၃။     ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း သောက်ရင် စိတ်ချရပါတယ်။

          အပေါ်မှာ ပြောခဲ့တာတွေ ဖတ်ပြီး ပိုးသတ်ဆေးကို အရမ်းကြီးလည်း ကြောက်မသွားနဲ့ဦးနော်။ ဘက်တီးရီးယားကြောင့်ဖြစ်တာ သေချာလို့ ဆရာဝန်က ညွှန်ကြားတဲ့အတိုင်းသာ သောက်ရင် အကျိုးရှိပါတယ်။

●        သက်သာသွားပြီဆိုပြီး ဆေးကို ရပ်ပစ်တာမျိုး မလုပ်သင့်ဘူးနော်။ ဆေးပတ်လည်အောင် ပြောထားတဲ့အတိုင်း ရက်အပြည့်သောက်ပေးဖို့ လိုတယ်။ မသောက်ရင် ဘက်တီးရီးယားတွေ လုံးလုံးသေမသွားဘဲ ပြန်ဖြစ်ပြီး ဆေးယဉ်ပါးသွားနိုင်တယ်။

●        သူများကို ပေးထားတဲ့ ပိုးသတ်ဆေးကို သွားမသောက်ပါနဲ့။ သူများနဲ့ အဆင်ပြေပေမယ့် ကိုယ့်အတွက် မကောင်းတာမျိုးလည်း ဖြစ်တတ်တယ်။

          ပိုးသတ်ဆေးဆိုတာ အသက်ကယ်ဆေးတစ်မျိုးပဲ ဖြစ်ပေမယ့် သေသေချာချာ မသုံးတတ်ရင် နောက်ဆက်တွဲပြဿနာတွေ များတတ်တယ်။ ဘယ်လိုသောက်ရမယ်ဆိုတာ မသေချာရင် ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)