/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပိုးသတ်ဆေး-အဆိပ်သင့်ခြင်းအတွက်-ရှေးဦးသူနာပြုစုနည်း

ပိုးသတ်ဆေး အဆိပ်သင့်ခြင်းအတွက် ရှေးဦးသူနာပြုစုနည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ပိုးသတ်ဆေးအဆိပ်သင့်ခြင်းမှာ ယာယီအဆိပ်သင့်ခြင်းနဲ့ နာတာရှည်အဆိပ်သင့်ခြင်းဆိုပြီး ၂ မျိုး ရှိပါတယ်။

1.    ယာယီအဆိပ်သင့်ခြင်း
    ဒါကတော့ ပိုးသတ်ဆေးတွေ အများကြီးကို ရုတ်တရက် တစ်ကြိမ်တည်း ထိတွေ့တာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ပိုးသတ်ဆေးတွေကို မတော်တဆ မျိုချမိတာမျိုး ဖြစ်နိုင်ပါတယ်။

2.    နာတာရှည်အဆိပ်သင့်ခြင်း
    ဒါကတော့ ပိုးသတ်ဆေးနည်းနည်းစီနဲ့ အချိန်အကြာကြီး ထိတွေ့မိနေတဲ့ အခြေအနေပါနော်။ ပိုးသတ်ဆေးတွေကို နည်းမမှန်လမ်းမမှန်နဲ့ ထပ်ခါတလဲလဲ သုံးစွဲတာ အထူးသဖြင့်တော့ အကာအကွယ်ဖြစ်မယ့် အဝတ်အစားတွေ မဝတ်ဘဲနဲ့ (သို့) ပေါက်ပြဲနေတဲ့ အကာအကွယ်တွေဝတ်ပြီး ဆေးဖြန်းတောတွေ၊ ပြဲနေတဲ့၊ စုတ်နေတဲ့ လက်အိတ်တွေဝတ်ပြီး ဆေးဖြန်းတာတွေကြောင့်ပါ။

>>    ပိုးသတ်ဆေးအဆိပ်သင့်ခြင်း၏ လက္ခဏာများ
    အောက်ပါလက္ခဏာတွေက ပိုးသတ်ဆေး အဆိပ်သင့်တာလို့ တစ်ထစ်ချ မပြောနိုင်ပေမယ့်လည်း ပိုးသတ်ဆေးနဲ့ ထိတွေ့မှုရှိတယ်ဆိုရင် ထည့်စဉ်းစားသင့်ပါတယ်။
    သာမန်လက္ခဏာများ -
●    ခေါင်းကိုက်ခြင်း
●    ချွေးထွက်ခြင်း
●    ဝမ်းပျက်ဝမ်းလျှောခြင်း
●    နှာခေါင်းနှင့် လည်ချောင်းများ ထိခိုက်ခြင်း
●    မျက်လုံးကိုထိခြင်း
●    ပျို့ခြင်း
●    ပင်ပန်းနွမ်းနယ်ခြင်း
●    စိတ်ခံစားချက်များ ပြောင်းလဲခြင်း
●    အရေပြားကို ထိခိုက်ခြင်း
●    အိပ်မပျော်ခြင်း
●    အစာစားချင်စိတ်မရှိခြင်း
●    ရေငတ်ခြင်း
●    အားနည်းခြင်း
●    ဂဏှာမငြိမ်ဖြစ်ခြင်း
●    မူးဝေထိုင်းမှိုင်းခြင်း
●    အဆစ်များနာခြင်း
●    စိတ်မတည်မငြိမ်ဖြစ်ခြင်း တို့ဖြစ်ကြပါတယ်။

    ပြင်းထန်အဆိပ်သင့်ခြင်း လက္ခဏာများ -
●    အော့အန်ခြင်း
●    တက်ခြင်း
●    ကြွက်သားတုန့်ပြန်မှုမရှိခြင်း
●    သတိလစ်ခြင်း
●    အသက်မရှူနိုင်ခြင်း
●    ဖျားခြင်း
●    ကြွက်တက်ခြင်း
●    ရေငတ်ခြင်း
●    သူငယ်အိမ်ကျဉ်းခြင်း
●    အသက်ရှူနှုန်းမြန်ခြင်းတို့ ဖြစ်ကြပါတယ်။

>>    ရှေးဦးပြုစုနည်း
    ပိုးသတ်ဆေးနဲ့ ထိတွေ့ပြီးတော့ ဒီလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ -
a.    အရေးပေါ်အကူအညီခေါ်ပါ။
    ရုတ်တရက် ပိုးသတ်ဆေးအများကြီးနဲ့ ထိတွေ့ပြီးတော့ အဆိပ်သင့်ပါက -
    ပိုးသတ်ဆေးခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်တဲ့ နည်းလမ်းတွေကို ရှာပါ။ ပါးစပ်၊ နှာခေါင်း၊ အရေပြားနဲ့ မျက်လုံးတွေကနေပြီးတော့ ဝင်ရောက်နိုင်ပါတယ်။
●    ပိုးသတ်ဆေးကို ရှူရှိုက်မိတာဆိုရင် လူနာကို လတ်ဆတ်တဲ့လေ ရနိုင်တဲ့နေရာကိုရွှေ့ပါ။
●    ပိုးသတ်ဆေးမျက်လုံးထဲဝင်ရင် မျက်လုံးကို ဖြည်းဖြည်းကျနေတဲ့ ရေပိုက်အောက်မှာ သန့်ရှင်းတဲ့ရေနဲ့ ၁၅ မိနစ် ဆေးကြောပေးပါ။ ရေပိုက်ရေမရှိဘူးဆိုရင် မျက်လုံးကို ရေခွက်ထဲနှစ်ပြီး ဆေးပြီးတော့ ရေကို အမြန်လဲထည့်ပေးပါ။
●    ပိုးသတ်ဆေးတွေက အရေပြားပေါ်မှာဆိုရင်     ပိုးသတ်ဆေး ထိထားတဲ့အဝတ်တွေအားလုံးကို ချွတ်ပြီးတော့ ပိုးသတ်ဆေးထိထားတဲ့အသားကို ရေ၊ ဆပ်ပြာတို့နဲ့ သေချာဆေးပေးပါ။
b.    လူနာ အသက်မရှူဘူးဆိုရင် အသက်ရှူ ကူပေးပါ။
c.    ပိုးသတ်ဆေးဘူးပေါ်မှာ အဆိပ်သင့်ရင် ဘယ်လိုရှေးဦးပြုစုရတယ်လို့ ရေးထားတာကို ဖတ်ပါ။ ပြီးရင် ဆရာဝန်ဆီရောက်ရင်ပြဖို့ ဒီအညွှန်းလေးကို သိမ်းထားပါ။ ဆရာဝန်ကို ပိုးသတ်ဆေးနာမည်ပြောပြဖို့ အရမ်းအရေးကြီးပါတယ်။
d.    ပိုးသတ်ဆေး မျိုချမိပြီးတော့ လူနာ သတိရှိသေးတယ်ဆိုရင် ပါးစပ်ထဲကို ရေအများကြီးနဲ့ ဆေးပြီးတော့ ဆေးဘူးပေါ်မှာ တခြားညွှန်ကြားချက်တွေ ရှိ၊ မရှိ သေချာဖတ်ပါ။
e.    လူနာကို နီးစပ်ရာ ဆေးရုံ၊ဆေးခန်း၊ ကျန်းမာရေးဌာနဆီ အမြန်ခေါ်သွားပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)