/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပေါင်ချိန်လိုက်တိုင်း-ကိုယ်အလေးချိန်-တက်နေလား

ပေါင်ချိန်လိုက်တိုင်း ကိုယ်အလေးချိန် တက်နေလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီနေ့ ချိန်ကြည့်တော့ ပေါင်ချိန်တစ်မျိုး၊ နောက်ရက်လည်းချိန်ရော ၃ ပေါင်လောက် တက်နေတယ်ဆိုတော့ မဟုတ်သေးဘူးပေါ့။ ငါ ဘာများစားမိလို့လဲလို့များ တွေးမိကြလား?

          ဒီလို ပေါင်ချိန် အတက်အကျဖြစ်စေတဲ့ အကြောင်းရင်းတွေကို ပြောပြမယ်နော်။

          တကယ်တော့ နေ့တိုင်း ပေါင်ချိန်ကြည့်နေတာဟာ မကောင်းဘူး။ ပေါင်ချိန် တက်တာ၊ ကျတာကို ကြည့်ကြည့်ပြီး စိတ်ညစ်ရတတ်တယ်။ တစ်ပတ်တစ်ခါ၊ ချိန်ချင်ရင် တစ်ရက်ခြား တစ်ခါလောက်ပဲ ချိန်တာ ကောင်းတယ်။

          နံပါတ်တွေကို စွဲလမ်းလာပြီး နံပါတ်အတက်အကျကိုပဲ ကြည့်ကြည့်ပြီးတော့ တစ်ရက်လုံး စိတ်မကြည်တော့တာမျိုးတွေ ဖြစ်တတ်တဲ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေလည်း ဖြစ်လာတတ်သေးတယ်။

          ဒီလို ကိုယ်အလေးချိန် တိုင်းတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုကို တိုးစေနိုင်သလို လျော့ကျစေနိုင်တယ်။

          ပေါင်ချိန်စက်တွေဟာ ကြွက်သားတွေ၊ အရည်ဓာတ်တွေ၊ ဟော်မုန်းတွေနဲ့ အမျိုးသမီး ဓမ္မတာစက်ဝန်းတွေကို ထည့်မတွက်တဲ့အတွက် တစ်ရက်နဲ့တစ်ရက်သာမက တစ်ရက်ထဲမှာတင် တစ်ချိန်နဲ့တစ်ချိန် မတူတာမျိုး ဖြစ်တတ်တယ်။

 

>>    ဘာကြောင့် ချိန်လိုက်တိုင်း ဝိတ်တိုးနေတာလဲ?

၁။     ကြွက်သားတွေ တိုးလာခြင်း

          Gym ကောင်းကောင်း ဆော့နေရဲ့သားနဲ့ ဝိတ်တိုးလာတယ်ဆိုရင် ဒါဟာ အဆီထက်စာရင် ကြွက်သားတွေ တိုးလာတာနေမှာပါ။ ကြွက်သား တစ်ကီလိုဟာ အဆီတစ်ကီလိုနဲ့ အလေးချိန် တူပေမယ့် ကြွက်သားက နေရာမယူဘူးလေ။

          ကြွက်သားတွေဟာ ပိုလေးပြီးတော့ အမျှင်ဓာတ် ပိုများတဲ့အတွက် ကိုယ်အလေးချိန်၊ အရပ်အမြင့် တူတဲ့လူချင်း ယှဉ်ကြည့်ရင်တောင် ပိုပိန်နေတာကို တွေ့ရမှာပါ။

          ဒါကြောင့် ကောင်းကောင်း လေ့ကျင့်ခန်း လုပ်နေရက်နဲ့ ဝိတ်တိုးလာတယ်ဆိုရင် ဝမ်းသာလိုက်ပါ။ ကြွက်သားတွေ တိုးလာတာ နေမှာပါ။

 

၂။     ဓမ္မတာ လာနေခြင်း

          တကယ်လို့ ဓမ္မတာ လာတဲ့ရက်တွေမှာ ကိုယ်အလေးချိန် တိုးတိုးလာတယ်လို့ထင်ရင် အမှန်ပါပဲ။ ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ကိုယ်အလေးချိန် ပြောင်းတတ်ပါသေးတယ်။

          သားဥကြွေချိန်တွေ၊ ဓမ္မတာ လာချိန်တွေမှာ အရည်တွေ စုပုံလာတတ်လို့ ကိုယ်အလေးချိန် တိုးလာတတ်တာပါ။

          တချို့အမျိုးသမီးတွေဟာ ရာသီ မလာခင်နဲ့ သားဥကြွေချိန်တွေမှာ ၄ ကီလိုဂရမ်လောက် တိုးတတ်တယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုလာပြီ။

 

၃။     သောက်လိုက်တဲ့အရည်တွေ၊ စားလိုက်တဲ့ အစားအသောက်တွေ

          မချိန်ခင်မှာ သောက်လိုက်တဲ့ အစားအသောက်နဲ့ အရည်တွေကလည်း ၁ ကီလိုဂရမ်လောက် ကိုယ်အလေးချိန် တိုးစေတယ်။

 

၄။     ဝတ်ထားတဲ့ အဝတ်အစားတွေ

          ရေချိုးခန်းထဲ ကိုယ်ဗလာနဲ့ တိုင်းတာနဲ့ အဝတ်အစားဝတ်ပြီး တိုင်းတာကတော့ ဘယ်တူမလဲနော်။ ကိုယ်ဗလာ တိုင်းတာကတော့ အတိကျဆုံးပေါ့။ ဒါကိုလည်း တစ်ပတ်တစ်ခါ၊ တစ်ရက်ခြား တစ်ခါလောက်ပဲ တိုင်းသင့်ပါတယ်။

 

၅။     ဆိုဒီယမ် များခြင်း

          စားတဲ့ အစားအသောက်မှာ ဆိုဒီယမ်တွေ များရင် ရေဆွဲတတ်တဲ့အတွက် ကိုယ်အလေးချိန် အတက်၊ အကျ ဖြစ်စေနိုင်တယ်။

 

၆။     ချွေးတွေ အရမ်းထွက်သွားခြင်း

          Gym မှာ ချွဲရွှဲသန်ရွှဲ လေ့ကျင့်ခန်းတွေလုပ်ပြီး တိုင်းကြည့်ရင် ကိုယ်အလေးချိန် ကျနေမှာပါ။ ချွေးတွေ ထွက်သွားတော့ အရည်ဓာတ်တွေ နည်းသွားလို့ပါပဲ။

 

          ကြွက်သားတွေ တကယ် တက်၊ မတက်ကို သိချင်ရင် အကောင်းဆုံးက DEXA scan လို့ခေါ်တဲ့ ခန္ဓာကိုယ် အဆီဓာတ်တိုင်းတဲ့ scan ကို တစ်လတစ်ခါလောက် သုံးသင့်ပါတယ်။

          ကိုယ်အလေးချိန် အတက်အကျကို တိတိကျကျသိချင်ရင် တစ်ပတ်တစ်ခါ ပုံမှန်အချိန်မှာ ဝတ်နေကျအဝတ်တွေ (ဖြစ်နိုင်ရင် ဘာမှမဝတ်ဘဲ) တိုင်းနေကျပေါင်ချိန်စက်မှာ တိုင်းပေးနိုင်ပါတယ်။

          ပြိီးတော့ ဝိတ်ကျသွားတိုင်းလည်း ကောင်းတာ မဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဝိတ်ကျနည်းမှာ တစ်ပတ်ကို ၀.၅ ကီလိုဂရမ်ကနေ ၁ ကီလိုဂရမ်လောက်ပဲ ကျသွားရမယ်။

          နောက်ထပ် သတိထားဖို့က ပေါင်ချိန်စက်က နံပါတ်တွေက ဘဝကြီးကို မပြဋ္ဌာန်းပါဘူးနော်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သွေးပေါင်ချိန်၊ သွေးတွင်းကိုလက်စထရော၊ အင်ဆူလင်နဲ့ ရောင်ရမ်းစေတဲ့အမှတ်တွေက အရေးကြီးတာကို မမေ့ပါနဲ့။

          ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုဘဝပုံစံကို နေထိုင်ပြီးတော့ ကျန်းမာစွာ စားသုံးဖို့၊ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖိုက အရေးကြီးပါတယ်။

          အင်အား သန်မာဖို့၊ အိပ်ရေးဝဖို့၊ အသားအရေ ကြည်လင်လှပဖို့၊ ဆီးမှန်ဝမ်းမှန်ဖု့ိ၊ အိမ်ထောင်မှုဘဝ သာယာဖို့၊ ပိုပြီးကျန်းမာဖို့ ဒီလိုအရေးတွေက အရေးအပါဆုံးပါပဲနော်။

 

Dr. Mya Phoo Ngon (www.drmyanmar.com)