/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပျို့အန်ခြင်းကို-သက်သာစေဖို့

ပျို့အန်ခြင်းကို သက်သာစေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အရက်နာကျလို့ဖြစ်စေ၊ ကားမူး၊ လှိုင်းမူးလို့ဖြစ်စေ၊ ပိုးဝင်လို့ဖြစ်စေ ဘာကြောင့်ပဲအန်အန် အန်တာကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေကတော့ အတူတူပါပဲ။ ဒါကြောင့် ပျို့အန်ခြင်း ကင်းဝေးစေဖို့ အောက်ပါနည်းလမ်းတွေကို ကြိုးစားကြည့်နိုင်ပါတယ်။

 

1.      အသက်ကို ပြင်းပြင်းရှူကြည့်ပါ။

       အသက်ကို နှာခေါင်းကနေ အဆုတ်ထဲထိ ပြင်းပြင်းရှူသွင်းလိုက်ပါ။ အသက်ရှူသွင်းလိုက်တဲ့အချိန်မှာ ဗိုက်ဖောင်းနိုင်သမျှ ဖောင်းအောင် ရှူပါ။ ထို့နောက် နှာခေါင်းကဖြစ်စေ၊ ပါးစပ်ကဖြစ်စေ ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပါ။ ရှူထုတ်လိုက်ချိန်မှာ ဗိုက် ပြေလျော့သွားမှာပါ။ ဒီလို ရှူသွင်းရှူထုတ်ကို အကြိမ်များများ လုပ်ကြည့်ပါ။

          ဒီလို အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် ကားမူး၊ လှိုင်းမူးခြင်း မဖြစ်ရလေအောင် ကူညီပေးတဲ့အပြင် စိတ်လှုပ်ရှား ပူပန်မှုကိုလည်း သက်သာစေပါတယ်။

 

2.      အနံ့ အရသာမပါတဲ့ ခရက်ကာ စားပါ။

          အနံ့အရသာမရှိတဲ့ Saltine ခရက်ကာတွေဟာ  ကိုယ်ဝန်ကြောင့် မနက်ခင်း ပျို့အန်ခြင်းကို သက်သာစေပါတယ်။ အစာအိမ်အက်ဆစ်ဓာတ်တွေကို စုပ်ယူပေးနိုင်တာကြောင့်လို့ ယူဆရပါတယ်။ ဒါကြောင့် မနက်ခင်း ပျို့အန်ခြင်း မဖြစ်ရလေအောင် အိပ်ရာကမထခင် 15 မိနစ်ခန့်မှာ ခရက်ကာလေးစားပေးသင့်ပါတယ်။ အခြားအရသာမပါတဲ့ ပေါင်မုန့်ခြောက်တွေ၊ ထမင်းတွေ စားပေးခြင်းကလည်း ပိျု့အန်ခြင်း မဖြစ်ရအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

3.      လက်ကောက်ဝတ်ကို နှိပ်နယ်ပါ။

          လက်ကောက်ဝတ်ကို နှိပ်နယ်ခြင်းဟာ ရှေးဟောင်းတရုတ်ရိုးရာနည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းဟာ ရောဂါလက္ခဏာတွေ သက်သာဖို့အတွက် ခန္ဓာကိုယ်ကို နှိပ်နယ်ခြင်းပဲ ဖြစ်ပါတယ်။ လက်ဖဝါးဘက် လက်ကောက်ဝတ်နားကို နှိပ်နယ်ပေးခြင်းက ပျို့အန်ချင်စိတ်ကို သက်သာစေနိုင်ပါတယ်။

        နှိပ်နယ်နည်းမှာ -

(1)      လက်ကောက်ဝတ်မှာ လက် 3 ချောင်း ကန့်လန့်တင်လိုက်ပါ။

(2)      လက်မကို လက်ညှိုးအောက်မှာ ထားလိုက်ပါ။

(3)      ဒီနေရာကို 2 မိနစ်၊ 3 မိနစ်ခန့် အဝိုင်းပတ် နှိပ်နယ်ပေးပါ။

(4)      နောက်တစ်ဖက်ကိုလည်း အပေါ်နည်းအတိုင်း နှိပ်နယ်ပေးနိုင်ပါတယ်။

 

4.      အရည်များများ သောက်ပါ။

          အလွန်အကျွံ အန်နေပါက ရေဓာတ် ပြန်လည်ဖြည့်တင်းနိုင်ရန် အရည်များများ သောက်ပေးပါ။ အရည်ကို ဖြည်းဖြည်းချင်း စုပ်သောက်ပါ။ ဗိုက်မကောင်းချိန်မှာ မြန်မြန်သောက်ခြင်းက ပိုပျို့အန်စေနိုင်ပါတယ်။

       ရေဓာတ် ပြည့်စေနိုင်ပြီး ပျို့အန်ခြင်းကို သက်သာစေနိုင်တဲ့ အရည်တွေကတော့ -

•        ချင်း (ဂျင်း) ပြုတ်ရည်

•        ပူစီနံရေနွေးကြမ်း

•        လိမေ္မာ်ရည်

•        ရေ

          ရေဓာတ်ပြည့်စေရန် ရေခဲတုံးများ စုပ်ပေးနိုင်ပါတယ်။

 

5.      ချင်း (ဂျင်း)၊ စမုံနက်နဲ့ လေးညှင်း

•        ချင်း (ဂျင်း)

          ချင်း (ဂျင်း) လက်ဖက်ရည်ကြမ်းနွေးနွေးလေး သောက်ခြင်းက ပျို့အန်ချင်စိတ်ကို သက်သာစေနိုင်ပါတယ်။ ဒါမှမဟုတ် ချင်း (ဂျင်း) မြစ်တို့ ချင်း (ဂျင်း) သကြားလုံးတို့ ဖြည်းဖြည်းချင်း စုပ်စားပေးနိုင်ပါတယ်။ ချင်း (ဂျင်း) ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကင်ဆာဆေး သွင်းနေသူတွေအတွက်လည်း သင့်တော်ပါတယ်။

          လတ်လတ်ဆတ်ဆတ် ကြိတ်ထားတဲ့ ချင်း (ဂျင်း) တက်ကို ရေနွေးနွေးထဲထည့်ပြီး 10 မိနစ်ခန့် နှပ်ပြီး သောက်ပေးနိုင်ပါတယ်။

 

•        စမုံနက်

          စမုံနက်ဟာ အစာအိမ်လမ်းကြောင်းကို အထောက်အကူပြုပါတယ်။ ရေနွေးခွက်ထဲကို စမုံနက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး 10 မိနစ်ခန့်နှပ်ကာ သောက်ပေးနိုင်ပါတယ်။

 

•        လေးညှင်း

          လေးညှင်းပွင့်ဟာ လှိုင်းမူး၊ ကားမူးတာကြောင့်ဖြစ်တဲ့ ပျို့ချင်အန်ချင်စိတ်ကို သက်သာစေနိုင်ပါတယ်။ လေးညှင်းပွင့်ကို ရေနွေးထဲထည့်နှပ်ပြီး ဆယ်သောက်နိုင်ပါတယ်။

 

6.      ရနံ့ကုထုံး

          ရနံ့ကုထုံးဟာလည်း ပျို့အန်ခြင်းကို သက်သာစေနိုင်တယ်လု့ိ ဆိုကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မနက်ခင်း ပျို့အန်ပါက လိမေ္မာ်ဆီရနံ့ကို ရှူရှိုက်ပေးနိုင်ပါတယ်။

          အဆီပုလင်းကို ရှူရှိုက်ပေးခြင်း၊ အဆီကို ဂွမ်းလုံးမှာ သုတ်လိမ်းပေးပြီး ရှူပေးခြင်း၊ အခန်းဖြန်းဆေးထဲ ဆီခတ်ပြီး ဖြန်းပေးခြင်းတို့ လုပ်ပေးနိုင်ပါတယ်။ အကယ်၍ လိမေ္မာ်ဆီ မရှိရင်တောင် လိမေ္မာ်သီးခွံကို လှီးပြီး ရှူပေးပါ။

        သက်သာစေနိုင်သော အခြားရနံ့များမှာ -

•        လေးညှင်းပွင့်

•        လာဗင်ဒါ

•        Chammomile

•        နှင်းဆီ

•        ပူစီနံ

 

7.      အ,အန်ပျောက်ဆေး

          ဆေးဆိုင်မှာ အလွယ်တကူ မေးမြန်းဝယ်ယူနိုင်တဲ့  အ,အန်ပျောက်ဆေးများဟာ အစာအိမ်နံရံကို ကာကွယ်ပေးပြီး အစာ မတည့်ခြင်းကြောင့်ဖြစ်တဲ့ ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။

 

>>    ကလေးတွေမှာ ပျို့အန်မှုကို ပျောက်ကင်းစေရန်

          ပျို့အန်နေတဲ့ကလေးတွေကို အန်ဖတ်စို့ခြင်း မဖြစ်စေရန် ဘေးတစောင်း လှဲသိပ်ပါ။ ကလေးတွေမှာ ရေဓာတ် ခန်းခြောက်မှုမဖြစ်စေရန် ရေများများ တိုက်ပေးပါ။ 8 နာရီတိုင်အောင် ရေမသောက်နိုင်ဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

          ခရက်ကာ၊ နှိပ်နယ်ခြင်းနဲ့ အရည်များများ သောက်ခြင်းတို့ဖြင့်လည်း ပျို့အန်ခြင်း သက်သာအောင် ကုသနိုင်ပါတယ်။

 

>>    ဆရာဝန်နဲ့ ပြသသင့်တဲ့အချိန်

          အောက်ပါတို့ ဖြစ်ပေါ်လာပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

•        2 ရက်ဆက်တိုက် အန်နေခြင်း

•        ကလေးတွေမှာ 1 ရက်လုံး အန်နေခြင်း

•        1 လလုံး အန်လိုက် ပျောက်လိုက်ဖြစ်နေခြင်း

•        ကိုယ်အလေးချိန် ကျနေခြင်း

 

          အန်တာအပြင် အောက်ပါလက္ခဏာများ တွဲနေပါက အရေးပေါ်သို့ ပြေးသင့်ပါတယ်။

•        ရင်ဘတ်အောင့်ခြင်း

•        ဗိုက် မခံမရပ်နိုင်အောင် အောင့်ခြင်း

•        အမြင်ဝေဝါးခြင်း

•        မူးဝေခြင်း

•        အဖျားကြီးခြင်း

•        လည်ပင်းတောင့်နေခြင်း

•        ခြေလက်တွေ အေးစက်တုန်ရီပြီး ဖြူရော်ရော်ဖြစ်နေခြင်း

•        ခေါင်း တအားကိုက်ခြင်း

•        12 နာရီလုံးလုံး အစာရော၊ ရေရော မဝင်ခြင်း

 

          ကိုယ်ဝန်ကြောင့်၊ လှိုင်းမူး ကားမူးခြင်းတို့ကြောင့် ပျို့အန်ခြင်းကို အထက်ပါ အိမ်တွင်းနည်းလမ်းများဖြင့် ကုသနိုင်ပေမယ့် အစာအိမ် ပိုးဝင်ခြင်း၊ အစာ အဆိပ်သင့်ခြင်းတို့ကြောင့် ပျို့အန်ပါက ကျန်းမာရေးဌာနတွင် ပြသသင့်ပါတယ်။ ရေဓာတ် ဆုံးရှုံးမှု နည်းပါးစေရန် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ပျို့အန်နေခြင်းဟာ ကသိကအောင့် မသက်မသာဖြစ်ရပေမယ့် 1 ရက်လောက်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းနိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)