ပျို့အန်ခြင်း သက်သာအောင်
တစ်ခါတလေ အရမ်းပျို့အန်တာနေမျိုး ဖြစ်ဖူးကြမှာပါ။ ဒီအခါမျိုးမှာ သက်သာအောင် ဘာတွေလုပ်ရမလဲ။
အဓိက,က ဘာကြောင့် ပျို့အန်နေလဲဆိုတာ ရှာရမယ်။ အကြောင်းအရင်းကို ကုသရပါမယ်။ ဥပမာ - အစာအိမ်မှာ တစ်ခုခု ပိတ်ဆို့နေတာ ရှိလားဆိုတာ အရေးတကြီး ရှာဖွေရမယ်။ တကယ်လို့ ပိုးဝင်ပြီး ရောင်ရမ်းတာမျိုးဆို ပိုးသတ်ဆေး တိုက်ရမယ်။
အန်တာ လျော့သွားအောင် ရပ်သွားအောင် အအန်ပျောက်ဆေး သောက်ဖို့လိုပါမယ်။
ရေဓာတ်ခမ်းခြောက်တာ၊ ဓာတ်ဆားဓာတ် ဆုံးရှုံးတာမျိုး မဖြစ်အောင် ကာကွယ်ရမယ်။ အမြန်လည်း ပြန်ဖြည့်ရမယ်။ ဓာတ်ဆားရည်သောက်တာမျိုး လုပ်ပေးရပါမယ်။
ပျို့ချင်နေတာမျိုးကိုလည်း အအန်ပျောက်ဆေး သောက်ပြီး ပျောက်အောင် လုပ်ပေးလို့ ရပါတယ်။
အစာကို တတ်နိုင်သလောက် မြန်မြန် ပြန်စားရပါမယ်။
>>> ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆို -
ရေခဲ စားတာမျိုး၊ ရေခဲရည် သောက်ပေးတာမျိုးက ပျို့အန်တာကို သက်သာစေပါတယ်။ အထူးသဖြင့် ကားမူးတာမျိုး ဆိုရင်ပေါ့။
ပျို့အန်တဲ့အခါမျိုးမှာ အစားစားချင်စိတ်မရှိပေမယ့် အစားကို နည်းနည်းစီ စားပေးတာမျိုးက ပျို့ချင်တာကို သက်သာစေပါတယ်။ ဒါပေမဲ့ ချိုတာ၊ အီတာမျိုးတွေက ပျို့အန်တာကို ပိုဆိုးစေပါတယ်။
သံပုရာသီး၊ ချင်း စတာတွေကလည်း ပျို့အန်တာကို သက်သာစေပါတယ်။
အအန်ပျောက်ဆေးတွေဟာ အမျိုးမျိုး ရှိပါတယ်။
အူထဲက အစာတွေကို မြန်မြန်ရှင်းပေးပြီး ပျို့တာ အန်တာကို သက်သာအောင်၊ ဗိုက်ထဲမှာ အီလည်လည် မဖြစ်အောင် လုပ်ပေးတဲ့ဆေးမျိုးတွေ ရှိပါတယ်။
အအန်ပျောက်ဆေးကို နှစ်မျိုးပေါင်း သောက်တာမျိုး မလုပ်သင့်ပါဘူး။
လိုအပ်မှသာ ဆရာဝန်က ပေါင်းတိုက်ပါလိမ့်မယ်။
တကယ်လို့ ပါးစပ်က မသောက်နိုင်အောင် ပျို့အန်နေရင် ဆေးထိုးလို့ ရပါတယ်။
ကားမူးတာမျိုးကြောင့်ဖြစ်တဲ့ ပျို့အန်တာကို သက်သာစေတဲ့ အအန်ပျောက်ဆေးတွေက သပ်သပ်ရှိပါတယ်။
စိတ်လှုပ်ရှားတာမျိုးကြောင့်ဖြစ်တဲ့ ပျို့အန်တာမျိုးကို ဒိုင်ရာဇီဗင် အုပ်စုဝင်ဆေးမျိုးပေးပြီး သက်သာအောင် လုပ်လို့ရပါတယ်။
Dr. Htar (www.drmyanmar.com)






























