/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပျော်ရွှင်စရာ-ခရစ္စမတ်-ဖြစ်ပါစေ

ပျော်ရွှင်စရာ ခရစ္စမတ် ဖြစ်ပါစေ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဒီနေ့ကတော့ ခရစ္စမတ် ရုံးပိတ်ရက်လေးပါ။

          ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အထိမ်းအမှတ်နေ့လေး ဖြစ်သလို အားလပ်ရက် မျှော်နေသူတိုင်းအတွက် ပျော်ရွှင်စရာနေ့လေးလည်း ဖြစ်ပါတယ်။

          ကျမတို့ အများစုအတွက် ဒီလိုခရစ္စမတ်နဲ့ နှစ်သစ်ကူးရာသီက အားလပ်ရက်တွေရပြီး မိသားစု၊ မိတ်ဆွေတွေနဲ့အတူ ပျော်ရွှင်စရာအချိန်ဖြစ်ပေမယ့်  တချို့သောသူတွေ အတွက်ကတော့ အထီးကျန်မှုကို အမြင့်ဆုံးခံစားရတဲ့အချိန် ဖြစ်နေပါတယ်။

 

>>    အထီးကျန်မှုကို ဘယ်လိုကျော်ဖြတ်ကြမလဲ?

          မိတ်ဆွေ သူငယ်ချင်းတွေ ဘယ်လောက်ပဲရှိရှိ တချို့သူတွေအတွက် ဒီအားလပ်ရက်ရှည်မှာ ကမ်ဘာကြီးနဲ့ အဆက်အသွယ် ပြတ်သလိုဖြစ်ပြီး အထီးကျန်နေတတ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းလေးတွေကို အကြံပြုချင်ပါတယ်။

•        ကိုယ့်ရဲ့ အသိမိ်ဆွေတွေကို အဆက်အသွယ်လုပ်ပါ။ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ဖုန်းပြောခြင်း၊ စာအပြန်အလှန်ပို့ခြင်း၊ Viber, Facebook မှ စာပို့ခြင်းများက ကိုယ့်မှာ မိတ်ဆွေသူငယ်ချင်းတွေ ရှိသေးတယ်လို့ ခံစားရစေပါတယ်။

•        လမ်းလျှောက်ထွက်ပါ။ တစ်ခါတစ်ရံမှာ ကိုယ်မသိတဲ့သူတွေပဲ ဖြစ်ပါစေ အနားပတ်ဝန်းကျင်မှာ ရှိနေတာက ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်မပြတ်သလို ခံစားရစေနိုင်ပါတယ်။

•        သူများတွေနဲ့ ရှိနေချိန်မှာ ကိုယ်တစ်ယောက်တည်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတာတို့၊ စကားဝိုင်းအပြင်ထွက်ပြီး မပြောဘဲနေတာတို့ လုပ်မယ့်အစား စကားဝိုင်းထဲမှာ ဝင်ပြောခြင်းဖြင့် အထီးကျန်မှုကို လျော့နည်းစေနိုင်ပါတယ်။

 

          လူမှုပတ်ဝန်းကျင်နဲ့ ဆက်သွယ်မှုမရှိလို့ ပိုပြီးအထီးကျန်နေတဲ့သူတွေအတွက် -

•        ပတ်ဝန်းကျင်နဲ့ ပိုပြီးအဆက်အသွယ်ရှိအောင် ကြိုးစားကြည့်ပါ။ အိမ်နီးနားချင်းနဲ့ စကားပြောပါ။ ဥပမာ - ကလေး ကျောင်းသွားကြိုတဲ့အခါမှာ တခြားအမေတွေနဲ့ စကားပြောပါ။

•        စကားစပြီးပြောဖို့ စကားစ ရှာရခက်နေတယ်ဆိုရင် သူတို့အကြောင်းမေး၊ ဘာကို စိတ်ဝင်စားလဲဆိုတ ာမေးပါ။

•        စာအုပ်ကလပ်၊ လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့စတဲ့ ကိုယ်စိတ်ဝင်စားတဲ့ လူမှုအဖွဲ့အစည်းတွေမှာ ဝင်ခြင်းအားဖြင့် မိတ်ဆွေတိုးပြီး ကိုယ်စိတ်ဝင်စားတာတွေကိုလည်း လုပ်နိုင်ပါတယ်။

•        တချို့ကတော့ အင်တာနက် လူမှုကွန်ရက်တွေကနေတစ်ဆင့် မိတ်ဆွေဖွဲ့ပြီး စကားပြောခြင်းအားဖြင့် အထီးကျန်မှုကို ဖြေဖျောက်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဘဏ်စာရင်းတွေကိုတော့ အင်တာနက်ဝက်ဘ်ဆိုက်တွေပေါ်မှာ ဘယ်တော့မှ မမျှဝေသင့်ပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)