ပျော်ရွှင်မှုတွေကိုအပိုင်ရစေမယ့် နည်းလမ်းကောင်းများ
ပျော်ရွှင်စရာကောင်းတဲ့ဘ၀နဲ့ ကျန်းမာခြင်းက တိုက်ရိုက်ဆက်သွယ်ပတ်သက်လို့နေပါတယ်။ National Academy of Sciences ရဲ့ လေ့လာတွေ့ရှိချက်အရ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်ခြင်းက စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို လျှော့ချပေးကြောင်း သိရှိရပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ Stress ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲအရမ်းများ လာရင် သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ခုခံအားစနစ် တုံ့ပြန်မှုလွန်ကဲတဲ့ Autoimmune ရောဂါ အစရှိတဲ့ရောဂါတွေ ကိုခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မိမိကိုယ်မိမိ ဘယ်လိုပျော်ရွှင်စွာနေထိုင်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေနဲ့အတူ နေ့သစ်များကို လျှောက်လှမ်း လိုက်ကြရအောင်။
1. နေ့သစ်တစ်နေ့ကိုပျော်ရွှင်မှုနဲ့ စတင်ပါ
နံနက်တိုင်းမှန်ကြည့်တဲ့အခါမှာ မိမိဖြစ်လိုတဲ့ဆန္ဒတွေကိုတွေးတောပါ။ ကိုယ်ပိုင်ဆိုင်ချင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ ပြီးရင် နံနက်ခင်းမှာတီဗွီကြည့်မယ့်အစား သီချင်းနားထောင်ခြင်းဟာ သင့်စိတ်ကိုပိုပြီးနိုးကြားစေပါတယ်။ တကယ်လို့ အချိန်မရှိဘူးဆိုရင်တောင်မှ သီချင်း 1 ပုဒ် (သို့) 2 ပုဒ်လောက်နားထောင်ခြင်း (သို့) တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။ 25 မိနစ်လောက်ယောဂကျင့်ခြင်း (သို့) တရားထိုင်ခြင်းဖြင့် မိမိတစ်နေ့တာလုပ်ရမယ့် လုပ်ငန်းတွေကို အောင်မြင်စေပြီး စိတ်ကိုကြည်လင်နေစေပါတယ်။
2. မကောင်းတဲ့အတွေးအခေါ်များကိုတိုက်ထုတ်ပါ။
လူတစ်ယောက်ရဲ့အတွေးအာရုံထဲကို မကောင်းတဲ့အတွေးတွေက တဒင်္ဂအတွင်း ၀င်ရောက်လာနိုင်သလို အကောင်းမြင်တတ်တဲ့စိတ်ဟာလည်း အမြဲရှင်သန်လျက်ရှိနေပါတယ်။ ဒီလိုမိမိနဲ့ပတ်သက်ပြီး စိတ်အလိုမကျခြင်း၊ သူတစ်ပါးကို ထိခိုက်ပျက်စီးစေလိုခြင်းစတဲ့ မကောင်းတဲ့အတွေးအခေါ်တွေက မိမိစိတ်ကိုမိမိပြန်လည် ဒုက္ခပေးနေတာပါ။ ဒါကြောင့် ဒီလိုအတွေးမျိုးတွေ ခိုအောင်းလာပြီဆိုပါက ကိုယ့်ကိုကိုယ်ဆွဲစိတ်လိုက်တာပဲဖြစ်ဖြစ်၊ မိမိရဲ့လက်မှာ သားရေကွင်းစွပ်ပြီးဆတ်ခနဲဆွဲကာ နာကျင်အောင်ပြုလုပ်ပြီး အသိစိတ်ပြန်လည်နိုးကြားအောင်ပြုလုပ်ပါ။ အကောင်းမြင်တတ်တဲ့စိတ်က အမြဲတမ်းပျော်ရွှင်နေတဲ့ သူတစ်ယောက်ဖြစ်စေပါတယ်။
3. ကလေးငယ်တစ်ယောက်လို ပြုမူဆောင်ရွက်ပါ
သင်တာ၀န်ယူထားတဲ့လုပ်ငန်း (သို့) ကိစ္စတစ်စုံတစ်ရာနဲ့ပတ်သက်ပြီး ဖိစီးမှုတွေရှိလာပြီဆိုရင် ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနဲ့ မိမိရဲ့စိတ်အာရုံကို ရှုပ်ထွေးစေမယ့်ပစ္စည်းတွေကို ခေတ္တခဏဖယ်ထားလိုက်ပြီး ကလေးငယ်တစ်ယောက်လို တွေးခေါ်ကြည့်ပါ။ ဉာဏ်ရည်ဖွံ့ဖြိုးစ ကလေးငယ်တစ်ဦးအနေနဲ့ စူးစမ်းလိုစိတ်၊ ဖန်တီးလိုစိတ်တွေ ကိန်းအောင်းနေတာကြောင့် သင်လည်းကလေးငယ်တစ်ယောက်ကဲ့သို့ စူးစမ်းလေ့လာကြည့်ပါက စိုးရိမ်ပူပန်မှုတွေကင်းေ၀းပြီး အရာရာကိုအောင်မြင်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ နေ့လည်နေ့ခင်းဘက်မှာ 5 မိနစ် (သို့) 10 မိနစ်လောက် အချိန်ပေးပြီး ပျော်ရွှင်ကြည်နူးခဲ့တဲ့အချိန်တွေကို ပြန်လည်တွေးတောပါ။
4. အိပ်စက်အနားယူခြင်းဖြင့် စိတ်ဖိစီးမှုလျော့ချပါ
အိပ်ရေးမ၀ခြင်း၊ အိပ်ချိန်လျော့နည်းခြင်းတို့ကြောင့် စိတ်မကြည်လင်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ စွမ်းဆောင်ရည်လျော့ကျခြင်းတို့ကိုဖြစ်စေပြီး လုပ်ငန်းကိုထိခိုက်စေပါတယ်။ ဒါကြောင့် အိပ်ချိန်ကို 7 နာရီ (သို့) 8 နာရီထားပြီး ပြည့်ပြည့်၀၀အနားယူပါ။ ဒါမှသာဉာဏ်ရည်များပွင့်လန်းပြီး စိတ်ဖိစီးမှုများလျော့ကျကာ တစ်နေ့တာကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။ ပြီးတော့ လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ရှူလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ။
Mg Hlaing Thwin






























