ပွေ့ဖက်ပြီး နှစ်သိမ့်ပါ
ဦးနှောက်နဲ့ အာရုံကြောပညာရှင်တွေက ခန္ဓာကိုယ်ချင်း ထိတွေ့ခြင်းဖြင့် စိတ်ကြည်နူး လန်းဆန်းစေတဲ့ ဟော်မုန်းပမာဏတွေကို သိသိသာသာ မြင့်တက်စေပြီး နေထိုင်ကောင်းစေပါသတဲ့။
မိခင်က သားသမီးကို ပွေ့ဖက်တာ၊ အဖေက စာမေးပွဲကျတဲ့သားကို ပခုံးဖက် နှစ်သိမ့်တာ၊ အသက်ကြီးတဲ့ အဘိုးအဘွားတွေကို ယုယုယယ ဖက်ပေးတာတွေဟာ မြတ်နိုးကြင်နာမှုကို ပြသရာရောက်သလို စိတ်ကျန်းမာရေးကို သိသိသာသာ ကောင်းလာစေပါတယ်။
● မြတ်နိုးရတဲ့ ချစ်သူလေး စိတ်မကြည်လင်တဲ့အခါ ဖက်ပြီး ချော့တာဟာ စကားလုံး အလုံးတစ်ရာထက် သာသွားပါတယ်။
● အရေပြားချင်း ထိတွေ့ပေးတာဟာ ဇနီးခင်ပွန်းကြားမှာလည်း အရေးကြီးပါတယ်။ မကြာခဏ လိင်ဆက်ဆံပြီး ထိတွေ့မှု ပြုပေးကြသူစုံတွဲတွေ၊ အမြဲဖက်ရမ်း နမ်းရှုံ့တတ်ကြတဲ့ စုံတွဲတွေဟာ စိတ်ကျေနပ်မှု ပိုရရှိပြီး ဆက်ဆံရေး ခိုင်မြဲလာကြပါတယ်။
● မိခင်ဖြစ်သူ၊ ဖခင်ဖြစ်သူရဲ့ ပွေ့ဖက်အားပေးတာကို အမြဲခံယူရတဲ့ကလေးတွေဟာ ဉာဏ် ပိုထက်မြက်ပြီး လောကရေးရာတွေကို ပိုမိုရင်ဆိုင် သတ္တိရှိတဲ့ လူငယ်တွေအဖြစ် ကြီးပြင်းလာကြပါတယ်။
● မိခင်ရဲ့ နှိပ်နယ်ပေးတာ၊ ပွေ့ဖက်ယုယတာ၊ အသားချင်း ထိတွေ့တာကို ခံယူရတဲ့ မွေးကင်းစလေးတွေဟာ စိတ်ဖိစီးမှုတွေ လျော့ပါးလာပြီး ကြီးထွားနှုန်း ပိုမိုမြန်ဆန်လာကြပါတယ်။
● အဘိုးအဘွားတွေဟာ မကြာခဏ ဖက်တာ၊ ပွေ့ဖက်ပေးတာ ခံရတဲ့အခါ စိတ်လုံခြုံမှုရရှိပြီး ကျန်းမာရေး ပိုကောင်းလာကြပါတယ်။
အခုခေတ်မှာ တစ်ဦးနဲ့တစ်ဦး ထိတွေ့နှုတ်ဆက်တာတွေ ရှားပါးလာပါတယ်။ လက်ဆွဲနှုတ်ဆက်တာ၊ ပခုံးကို ကြင်ကြင်နာနာဖက်တာ၊ လက်ဖဝါးကို အသာဆုပ်ကိုင်အားပေးတာတွေဟာ အလွန်ထိရောက်တဲ့ စိတ်ဖိအား လျော့ပါးစေတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ လူတွေဟာ အချင်းချင်း ပွေ့ဖက် ထိတွေ့မှုတွေ တစ်နေ့တခြား ရှားပါးလာတဲ့တစ်နေ့မှာ အေးစက်ကြမ်းတမ်းတဲ့ လူတွေအဖြစ် ဖြစ်တည်လာနိုင်ပါတယ်။ ဒါကြောင့် မိသားစုဝင်၊ အဘိုးအဘွားတွေ၊ ချစ်သူမောင်နှမ၊ သူငယ်ချင်းတွေကို ထိတွေ့မှုလို့ခေါ်တဲ့ Physical touch များများ လုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုတွေ သက်သာလာအောင် ကြိုးစားပေးကြရအောင်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























