/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖိနပ်ပေါက်ရင်-ဘာတွေလုပ်ရမလဲ

ဖိနပ်ပေါက်ရင် ဘာတွေလုပ်ရမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဖိနပ်အသစ်ကလေး ဝယ်လာခါစကတော့ ပြုံးပြုံးပြုံးပြုံးပေါ့။ ဒါပေမဲ့ စစီးတဲ့အချိန်မှာတေ့ာ အပျော်တွေ အကုန်ပျောက်ကုန်တာပါပဲ။ ဖိနပ်ပေါက်ရတဲ့ အများဆုံးအကြောင်းရင်းကတော့ ဖိနပ်နဲ့ခြေထောက်နဲ့ အဆင်မပြေလို့ပါ။ ဖိနပ်က ကောင်းကောင်း အဆင်မပြေတဲ့အခါ အသားနဲ့ ပွတ်တိုက်မိပြီးတော့ အရည်ကြည်ဖုတွေ၊ အနာတွေ ဖြစ်လာတော့တာပါပဲ။

          ဒီအရည်ကြည်ဖုတွေကို သက်သာစေဖို့အတွက် အိမ်တွင်းသုံး နည်းလမ်းကောင်းလေးတွေကို ပြောပြပေးမယ်နော်။

 

၁။ ရေခဲ

          အလွယ်ကူဆုံးနည်းလမ်းကတော့ ရေခဲကပ်တာပါပဲ။ ချက်ချင်းကို နာတာ သက်သာစေနိုင်တယ်။ အဝတ်သန့်သန့်လေးထဲမှာ ရေခဲတုံးနည်းနည်းထည့်ပြီး နာနေတဲ့နေရာကို ပွတ်ပေးကြည့်ပါ။ နာတာ သက်သာစေရုံတင်မကဘဲ ရောင်ရမ်းတာတွေကိုပါ ပျောက်စေနိုင်တယ်။

 

၂။ ရှားစောင်းလတ်ပတ်

          ရှားစောင်းလတ်ပတ်ဟာ အနာကျက်စေတဲ့ ဆေးစွမ်းတစ်လက် ဖြစ်တာကြောင့် နာတာ၊ ကျင်တာတွေကို ချက်ချင်းသက်သာစေနိုင်တယ်။ တောက်လျှောက်လိမ်းပေးရင် အမာရွတ်ကျန်တာကိုတောင် ပျောက်စေနိုင်တယ်။

 

၃။ အက်စ်ပရင် အကိုက်အခဲပျောက်ဆေးပြား

          သောက်စရာ မလိုပါဘူး။ ကြိတ်ပြီး ရေလေးနဲ့ ရောလိမ်းပေးရုံနဲ့ ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ခြောက်သွားရင် ရေလေးနဲ့ ဆေးချလိုက်ရုံပဲနော်။

 

၄။ သံလွင်ဆီနဲ့ သစ်ချသီးဆီ

          ဒီဆီ ၂ မျိုးကိုရောပြီး လိမ်းကျံနှိပ်နယ်ပေးတာက အရည်ကြည်ဖုတွေ၊ အနာတွေကို သက်သာစေနိုင်တယ်။

 

၅။ သွားတိုက်ဆေး

          သွားတိုက်ဆေးထဲမှာ အရည်ကြည်ဖုတွေကို သက်သာစေတဲ့ မန်သော menthol ၊ hydrogen peroxide, မုန့်ဖုတ်ဆိုဒါတွေ ပါတာကြောင့် အရည်ကြည်ဖုပေါ်မှာ သွားတိုက်ဆေးလေး နည်းနည်းလိမ်းပေးပြီး ခြောက်သွားရင် ရေလေးနဲ့ ဆေးချလိုက်တာက သက်သာစေနိုင်တယ်။ ဂျယ်သွားတိုက်ဆေးတွေတော့ သွားမလိမ်းနဲ့နော်။ ပိုဆိုးသွားလိမ့်မယ်။

 

၆။ ပျားရည်

          ပျားရည်စစ်စစ်ကို နည်းနည်းလောက်ယူပြီး နာနေတဲ့ အရည်ကြည်ဖုနေရာကို တို့တို့ပေးတာက တော်တော်သက်သာစေနိုင်တယ်။

 

၇။ ဆန်မှုန့်

          ဆန်မှုန့်ဟာ ဖိနပ်ပေါက်တာကို သက်သာစေတဲ့အပြင် ချေးချွတ်ဆေးအနေနဲ့လည်း သုံးလို့ရတယ်။ ဆန်မှုန့်ကို ရေနဲ့ရောပြီး လိမ်းပေးပါ။ ခြောက်သွားရင် ရေနွေးနွေးနဲ့ ဆေးချလိုက်ပါ။ ကျန်ခဲ့တဲ့အမာရွတ်ကို သက်သာစေဖို့ တစ်နေ့နှစ်ကြိမ် လုပ်ပေးပါ။

 

၈။ အုန်းဆီနံ့ပရုတ်

          အုန်းဆီစစ်စစ်နဲ့ ပရုတ်ဟာ ဖိနပ်ပေါက်တာတွေအတွက် နောက်ထပ်ဆေးစွမ်းတစ်လက်ပါပဲ။ အုန်းဆီ ၂ စက်၊ ၃ စက်ကို ပရုတ်မှုန့် လက်ဖက်ရည်တစ်ဇွန်းလောက်နဲ့ရောပြီး လိမ်းပေးလို့ရတယ်။

 

၉။ တမာနဲ့ နံနွင်း

          တမာနဲ့ နံနွင်းအရောဟာ ပိုးသေစေတဲ့၊ အရောင်ကျစေတဲ့ အစွမ်းသတ္တိတွေရှိတယ်။ တမာရွက်နည်းနည်းကို နံနွင်းလေး၊ ရေလေးနဲ့ရောပြီး ပျစ်ပျစ်ကလေးဖြစ်အောင် ဖျော်လိုက်ပါ။ ပြီးတော့ ဖိနပ်ပေါက်ရာပေါ်မှာ လိမ်းပေးလိုက်ရုံပဲ။ ခဏလောက်ထားပြီး ဆေးချလိုက်ပါ။ တစ်နေ့ နှစ်ကြိမ်လောက် လိမ်းပေးရင် ကောင်းတယ်။

 

၁၀။ Petroleum jelly အလှဆီ

          ဖိနပ်ပေါက်ရာတွေ နူးညံ့သွားပြီး နာတာသက်သာဖို့ petroleum jelly အလှဆီလည်း လိမ်းပေးလို့ရတယ်။ တစ်ညလောက် လိမ်းပေးပြီး အိပ်ရာခင်းတွေ မစွန်းပေအောင် ခြေအိတ်လေး စွပ်ပေးထားပါ။ နာတာကို သက်သာစေပြီး အမာရွတ်တွေကိုလည်း မှေးမှိန်စေနိုင်တယ်။

          အထက်ဖော်ပြပါအချက်တွေက အရည်ကြည်ဖုအတွက်ပဲဖြစ်ပြီး ပေါက်ပြဲဒဏ်ရာတွေအတွက်တော့ ပိုးသတ်ဆေး လိမ်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

          ဖိနပ်ပေါက်တာဟာ အင်မတန် နာကျင်ခံခက်တဲ့ ပြဿနာတစ်ခုပါပဲ။ လမ်းတောင် လျှောက်မရအောင် ဖြစ်တတ်တယ်။ အဲဒါကြောင့် ဖိနပ်ကိုမဝယ်ခင် သေချာ စမ်းစီးကြည့်ပါ။ ဒါတောင်မှ ဖိနပ်ပေါက်သေးရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်လို့ရတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)