ဖိနပ်မှာ ကပ်ပါသွားနိုင်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုး
နောက်ဆုံးတွေ့ရှိထားတဲ့ လေ့လာချက်အရ Covid-19 ဗိုင်းရပ်စ်ပိုးဟာ ချောင်ဆိုး၊ အသက်ရှူလိုက်တိုင်း လေထုထဲမှာ ၁၃ ပေအကွာထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ ဒီဗိုင်းရပ်စ်ဟာ ဖိနပ်တွေ အပေါ်မှာ တွယ်ကပ်ပြီး နေနိုင်ပါတယ်။
ဒါပေမဲ့ တော်သေးတာတစ်ခုက ခွဲခန်းသုံးနှာခေါင်းစည်းတွေနဲ့ တခြားအကာအကွယ်ပစ္စည်းတွေ၊ နောက်ဆုံး အဝတ်နှာခေါင်းစည်းကအစ ဒီလိုပျံ့နှံ့တာကို လျော့နည်းသွားအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။
အဓိက ပြောချင်တာကတော့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ပါပဲလို့ New York မြို့က အရေးပေါ်အထူးကုဆရာဝန်တစ်ဦးက ဆိုပါတယ်။ ၆ ပေခွာတာ ၅ ပေထက် ပိုကောင်းတယ်။ ခွာနိုင်သမျှ ခွာခွာနေကြပါလို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးကူးစက်ပြန့်ပွားရာ ဝူဟန်ကဆေးရုံမှာ ဒီကိုရိုနာဗိုင်းရပ်စ်က လေထုထဲမှာ ပျံ့နှံ့နေနိုင်လားဆိုပြီး လေ့လာချက်တွေ လုပ်ထားတာ ရှိပါတယ်။ လေထုကိုရော၊ ကြမ်းပြင်၊ ပစ္စည်း စတာတွေကိုပါ စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအခါ ထုထည်ကြီးမားတဲ့ပိုးတွေဟာ ကြမ်းပြင်ပေါ်ကျပြီး သေးငယ်တဲ့ပိုးတွေကတော့ လေထုထဲမှာ ရှိနေတာ တွေ့ရပါတယ်။
ကြမ်းပြင်က တို့ဖတ်ယူပြီး စစ်ဆေးတဲ့အခါမှာ 70% လောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရပါတယ်။ ဒါ့အပြင် လူနာတွေမရှိတဲ့ ဆေးစတိုကြမ်းပြင်လို နေရာမျိုးမှာတောင် ဗိုင်းရပ်စ်တွေ ရှိနေတဲ့အတွက် ဒါဟာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဖိနပ်တွေကနေ ပိုးကို သယ်ဆောင်သွားတာကြောင့် ဖြစ်နေနိုင်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။
လေထုထဲက ပိုးတွေ့ရှိရမှုကတော့ လူနာတွေနားက လေထုထဲမှာပဲ ပိုးတွေ့ရှိမှု များတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခု ကြေငြာချက်တွေ ထုတ်ထားသလို ပိုးဟာ ၆ ပေတင်မက ၁၃ ပေ လောက်အထိ သွားနိုင်တာ တွေ့ရပါတယ်။
ဒါပေမဲ့ သတင်းကောင်းကတော့ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားတာက ဒီပျံ့နှံ့မှုကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူထူထပ်တဲ့နေရာမှာ နှာခေါင်းစည်းတပ်တာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။
နောက်တစ်ခုက နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ ထွက်လာတဲ့နှာရည်တွေကလည်း လူတွေအပေါ်မှာ ကပ်ငြိပြီး ပါသွားနိုင်တဲ့အတွက် ပိုးကို ဖြန့်ဖြူးပေးသလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်ကိုလည်း ခဏခဏ ဆေးပေးကြဖို့ လိုအပ်ပါတယ်။
တစ်ဆက်တည်းမှာပဲ ကျွမ်းကျင်သူဆရာဝန်တွေက ကျွန်တော်တို့ဟာ ဒီပိုးအကြောင်းကို သေချာမသိကြသေးပါဘူး၊ အသစ်ဖြစ်တဲ့အတွက် ဆက်ပြီး လေ့လာစရာတွေ၊ သုတေသနပြုစရာတွေ အများကြီး ကျန်ပါသေးတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ လူတစ်ယောက်ချင်းအနေနဲ့ တပ်နိုင်သလောက် ခပ်ခွာခွာနေကြပြီး ကျန်းမာရေးဌာနက ချမှတ်ထားတာတွေ လိုက်နာဖို့ လိုပါတယ်။
Dr. Htar (www.drmyanmar.com)






























