ဖျားနာချိန်မှာ အမြန်ဆုံးသက်သာစေနိုင်ဖို့ အကြမ်းရည် သောက်ကြစို့
နှာချေ၊ ချောင်းဆိုး၊ တစ်ကိုယ်လုံး ကိုက်ခဲပြီး အအေးမိဖျားနာတဲ့အခါ ဆိုဖာပေါ် စောင်ခြုံကွေးပြီး တီဗီလေး ကြည့်တာကလွဲလို့ ခြေလေးလက်လေးတောင် မလှုပ်ချင်ကြဘူးမလား။ ဒီအခြေအနေမှာ အကြမ်းရည်ပူပူလေးတစ်ခွက်ပါ ထည့်လိုက်ပါ။ ငယ်ငယ်က အဘွားလက်ရာ လက်ဖက်ရည်ကြမ်း ပူနွေးနွေးလေးက တကယ်ပဲ နှစ်ပေါင်းများစွာတိုင်အောင် အအေးမိတုပ်ကွေးတွေကို သက်သာစေတဲ့ အိမ်တွင်းနည်းလမ်းလေးတစ်ခု ဖြစ်လို့နေပါတယ်။ ပထမဆုံးအနေနဲ့ အရည်ပူပူက လည်ချောင်းကို ရှင်းသွားစေပြီး ချွဲသလိပ်တွေကို ပျော်ဝင်စေနိုင်ပါတယ်။ ဒီထဲကိုမှ ပျားရည်လေး နည်းနည်းထည့်သောက်မယ်ဆိုရင် ချောင်းဆိုးတောင် ပျောက်စေနိုင်ပါသေးတယ်။ ဒါမှမဟုတ် သံပရာသီးလေးတစ်လုံး ညှစ်ထည့်လိုက်တဲ့အခါ ဗီတာမင်စီဓာတ်ပြည့်ဝပြီး အအေးမိတဲ့အချိန်ကို တိုသွားစေနိုင်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ အကြမ်းရည်သောက်ခြင်းအားဖြင့် ရေဓာတ်ပြည့်ဝစေနိုင်တာပါပဲ။ ဖျားနာနေတဲ့အချိန်မှာ အရည်ရွှန်းတဲ့အသီးအရွက်တွေ စားပေးပြီး အရည်တွေ အများကြီးသောက်ပေးဖို့ လိုပါတယ်။ အကြမ်းရည်အပါအဝင် အချိုမပါတဲ့အရည် တစ်နေ့ ၁ဝ ခွက်လောက် သောက်ပေးသင့်ပါတယ်တဲ့။
>> ဒီတော့ သောက်သင့်တဲ့အကြမ်းရည် ၃ မျိုးကတော့ -
၁။ ပူစီနံအကြမ်းရည်
ပူစီနံအကြမ်းရည်လေး တစ်ငုံ၊ နှစ်ငုံလောက်က လူကို နေကောင်းသွားစေနိုင်ပါတယ်။ ပူစီနံမှာပါတဲ့ မန်သောက လည်ချောင်းကို ထုံသွားစေနိုင်တဲ့ အစွမ်းရှိတာကြောင့် ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် USDA သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုအရ ပူစီနံမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး သေစေနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါပေမဲ့ ဒီအစွမ်းက လူတွေမှာရော ရှိသလားဆိုတာတော့ သေချာမသိနိုင်ပေမယ့် ပူစီနံအကြမ်းရည်လေးတစ်ခွက်လောက် သောက်တာကတော့ အကျိုးမယုတ်ပါဘူး။
၂။ ချန်မိုမိုင်းအကြမ်းရည်
ချန်မိုမိုင်းအရွက်ခြောက်ဟာ နှစ်ပေါင်းများစွာတိုင်အောင် အိပ်ချင်စိတ်ကို နှိုးဆွပေးတယ်လို့ သိခဲ့ကြတယ်။ ဒီအရွက်မှာပါတဲ့ flavonoids မှာ စိတ်ကိုငြိမ်သက်စေနိုင်စွမ်းရှိလို့ပါ။ ညဘက်ကို ကောင်းကောင်း အိပ်စက်အနားယူဖို့က အအေးမိတုပ်ကွေးကို သက်သာစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုလည်းဖြစ်တာမို့ ချန်မိုမိုင်းအကြမ်းရည်ကို သောက်ပေးပါ။ အရောင်ကျစေနိုင်စွမ်းရှိတယ်လည်း ဆိုကြတာမို့ ဘာလိုသေးလဲပေါ့နော်။
၃။ ချင်းပြုတ်ရည်
ချင်းပြုတ်ရည်ပူပူလေးဟာ အဆိုတော်တွေအတွက်တော့ လည်ချောင်းရှင်းစေတဲ့ လက်စွဲတစ်ခုပါ။ အရောင်ကျစေတဲ့အပြင် ရောဂါပိုးမွှားတွေကိုလည်း တားဆီးကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် ဖျားတာ နာတာအပြင် ဗိုက်ပါအောင့်နေတယ်ဆိုရင် ပျို့ချင်အန်ချင်စိတ်ကိုလည်း သက်သာစေနိုင်ပါသေးတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























