ဖြစ်လေ့ဖြစ်ထရှိသော ခြေထောက်နှင့်ပတ်သက်သည့် ပြဿနာအချို့
1. ခြေသည်းခွံမှိုစွဲခြင်း
ခြေသည်းကျိုးခြင်း (သို့) ပဲ့ခြင်းမှတဆင့် မှိုရောဂါဝင်ရောက်နိုင်ပြီး ခြေသည်းခွံထူခြင်း၊ အရောင်ပြောင်းခြင်းနှင့် ကျွတ်ဆက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ မှိုတွေဟာ ပူနွေးစိုစွတ်တဲ့နေရာတွေမှာပေါက်ပွားလွယ်တာကြောင့် ရေကူးတဲ့သူတွေ၊ ခြေဖဝါးချေွးအလွန်ထွက်တဲ့သူတွေ မှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ မှိုရောဂါသည် အလိုအလျောက်ပျောက်ကင်းလေ့မရှိတဲ့အပြင် ကုသရန်လည်းအလွန်ပင်ခက်ခဲပါတယ်။ သိပ်ပြီးမဆိုးရွားတဲ့အခြေအနေတွေမှာတော့ ခြေသည်းခွံပေါ်မှာ လိမ်းဆေးလိမ်းနိုင်ပါတယ်။ မှိုသတ်ဆေး (သို့) ခွဲစိတ်ကုသခြင်းကတော့ ပိုမိုပြင်းထန်တဲ့ရောဂါတွေအတွက် လိုအပ်ပါတယ်။
2. ခြေမအရိုးငေါထွက်ခြင်း
ခြေမအောက်ခြေမှာရှိတဲ့ အရိုးငေါထွက်လာတာကြောင့် ခြေမကိုအခြားအခြေချောင်းတွေဘက်ကို ယိုင်စေပြီး အရိုးတွေရဲ့မျှခြေအနေအထားပျက်ယွင်းစေနိုင်ပါတယ်။ ထို့ပြင် ဖိအားဒဏ်တွေ အဆစ်ရောင်ရမ်းခြင်းတွေကြောင့် နာကျင်ခြင်းကိုခံစားရစေနိုင်ပြီး အသားမာတက်ခြင်းလည်းဖြစ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ အထူးပြုလုပ်ထားတဲ့ဖိနပ်တွေအပြင် ခွဲစိတ်ကုသခြင်းဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ကွင်းထိုးဖိနပ်၊ ဒေါက်မြင့်ဖိနပ်စီခြင်းတွေကိုတော့ ရှောင်ကြဉ်ရ မှာဖြစ်ပါတယ်။
3. အသားမာတက်ခြင်း
ပွတ်တိုက်ခြင်းနဲ့ ဖိအားဒဏ်တွေကြောင့် အရေပြားဟာထူပြီး မာလာနိုင်ပါတယ်။ အရိုးအတက်ထွက်တဲ့နေရာနဲ့ ခြေထောက်ရဲ့ဖိအားအများဆုံးခံရတဲ့နေရာတွေမှာဖြစ်လေ့အများဆုံးရှိပြီး ကတော့ချွန်ပုံသဏ္႑ာန်ရှိလေ့ရှိပါတယ်။ အသားမာအကြီးစားကတော့ အရေပြားကို ပွတ်တိုက်မိတဲ့နေရာတိုင်းမှာဖြစ်လေ့ရှိပါတယ်။ အသားမာတွေကိုခြစ်ထုတ်ခြင်း (သို့) ခွဲစိတ်ကုသခြင်းဖြင့်လည်း ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။
4. ဂေါက်အဆစ်နာရောဂါ
အဆစ်အမြစ်ရောဂါတစ်မျိုးဖြစ်ပြီး ရုတ်တရက်နာကျင်ခြင်း၊ နီရဲခြင်း၊ ရောင်ရမ်းခြင်းနဲ့ အဆစ်တောင့်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ ခြေမရဲ့အကြီးဆုံးအဆစ်တွင် ဖြစ်လေ့ရှိသော်လည်း တခါတရံတွင်မူ ခြေဖဝါး၊ ခြေကျင်းဝတ်နဲ့ ဒူးခေါင်းတွေမှာလည်းဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ uric acid လို့ခေါ်တဲ့ ဓာတ်တစ်မျိုးများလာတာကြောင့် အပ်ကဲ့သို့ချွန်ထက်သောဓာတ်များ အဆစ်အမြစ်များတွင် စုပုံလာရပြီး ဂေါက်ရောဂါဖြစ်လာစေပါတယ်။
နာကျင်ခြင်းဟာ ရက်အနည်းငယ်မှ ရက်သတ္တပတ်အထိကြာမြင့်တတ်ပြီး အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများအပြင် uric acid ကိုကျစေနိုင်သောဆေးများဖြင့် ကုသနိုင်ပါတယ်။ အချို့သော အစားအစာများကလည်း uric acid ပိုမိုဖြိုခွဲနိုင်ရန် အကူအညီပေးပါတယ်။
5. ခြေဖဝါးကြွက်နို့
ခြေဖဝါးတွင်ဖြစ်လေ့ရှိပြီး အရေပြားတွင်ထိခိုက်ရှနာဖြစ်ရာမှ ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်တွင်း ဝင်သွားခြင်းဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦးထိမိလျှင်သော်လည်းကောင်း၊ ရေကူးကန်၊ ရေချိုးကန်ကဲ့သို့သော မျက်နှာပြင်များမှလည်းကောင်း ကူးစက်နိုင်ပါတယ်။ ကြွက်နို့များသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိတာကြောင့် ကုသမှုခံယူစရာလည်းမလိုအပ်ပါ။ ဒါပေမယ့် တခါတရံမှာ အလွန်နာကျင်တတ်တာကြောင့် ၎င်းတို့ကိုပျောက်ကင်းစေရန် Salicylic acid လိမ်းဆေးများကိုလိမ်းနိုင်ပါတယ်။ ပိုမိုပြင်းထန်တဲ့သူတွေမှာတော့ အေးခဲစေခြင်း၊ လောင်ကျွမ်းစေခြင်း၊ လေဆာကုထုံးနဲ့ ခွဲစိတ်ခြင်းတွေဟာ ပိုမိုသင့်တော်ပါတယ်။
6. ခြေထောက်မှိုစွဲခြင်း (Athlete’s Foot)
မှိုရောဂါကြောင့် အရေပြားလန်ခြင်း၊ နီရဲခြင်း၊ ယားယံခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနှင့် တခါတရံတွင် အရေကြည်ဖုများဖြစ်ခြင်းထိ ဖြစ်နိုင်ပါတယ်။ ကူးစက်တတ်သောရောဂါတစ်မျိ်ုးဖြစ်ပြီး တိုက်ရိုက်ထိတွေ့ခြင်း (သို့) ရေကူးကန်အနီးတွင် ခြေဗလာဖြင့်လမ်းလျှောက်ခြင်း စသည့်နည်းများဖြင့်ကူးစက်နိုင်ပါတယ်။ ထိုသို့ကူးစက်ပြီးနောက် မှိုများသည် လေဝင်လေထွက်မကောင်းသောဖိနပ်များတွင် ပေါက်ပွားပါတော့တယ်။ ကုသမှုတွေအနေနဲ့ မှိုရောဂါလိမ်းဆေးတွေနဲ့ ပိုမိုဆိုးရွားရင်တော့သောက်ဆေးတွေအသုံးပြုနိုင်ပါတယ်။
7. ခြေစွယ်ငုတ်ခြင်း
အရေပြားအတွင်းနစ်ဝင်၍ ခြေသည်းတိုးထွက်နေခြင်းကြောင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ပိုးဝင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ခြေသည်းကိုအရမ်းတိုအောင် ညှပ်ခြင်းဖြင့်လည်းကောင်း၊ ညီညီညာညာမညှပ်၍လည်းကောင်း၊ ထိခိုက်ဒဏ်ရာရ၍လည်းကောင်း၊ ဖိနပ်အကြပ်များစီး၍ လည်းကောင်း ခြေစွယ်ငုတ်နိုင်ပါတယ်။ သိပ်မပြင်းထန်ပါက ခြေထောက်ကိုရေနွေးဖြင့်စိမ်၍ သန့်ရှင်းစွာထားပြီးနောက် ခြေစွယ်အောက်ကို ဂွမ်းစထည့်ပေးခြင်းဖြင့် အရေပြားထောက်နေခြင်းကို သက်သာစေပါတယ်။ ခွဲစိတ်မှုအသေးစားပြုလုပ်၍လည်း ခြေသည်းခွံအပိုင်းအစ (သို့) တစ်ခုလုံးကို ဖယ်ရှားနိုင်ပါတယ်။
Dr. Thinzar Wynn






























