ဗိုက်ကယ်ခြင်း၊ ဗိုက်ပွခြင်း
ဗိုက်ကယ်ခြင်း၊ ဗိုက်ပွခြင်းဆိုတာ အစာအိမ်နဲ့ အူတွေထဲမှာ လေတွေစုနေခြင်းကြောင့် ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ပုံမှန်အတိုင်း လေမတက်ဘူး၊ လေမလည်ဘူးဆိုရင် အစာအိမ်နဲ့ အူတွေထဲမှာ လေတွေစုပြီး ဗိုက်ပွတတ်ပါတယ်။ ဗိုက်ပွတာနဲ့အတူရောပြီး ဗိုက်အောင့်တတ်ပါတယ်။ အစပိုင်းမှာနည်းနည်းပဲအောင့်ရာကနေ နောက်ပိုင်း စူးစူးပြီး ပြင်းပြင်းထန်ထန် အောင့်တတ်ပါတယ်။ တစ်နည်းနည်းနဲ့ လေထွက်သွားမယ် ဒါမှမဟုတ် အူလှုပ်ရှားမှုရှိမယ်ဆိုရင် သက်သာသွားပါလိမ့်မယ်။
ဗိုက်ပွခြင်းဖြစ်ရတဲ့အကြောင်းတွေကတော့
- အစာခြေမှုကိုနှောင့်နှေးစေတဲ့ အဆီများသော အစားအစာများ အစားများခြင်း
- ဆိုဒါပါတဲ့ အအေးများသောက်ခြင်း၊ ဂက်စ်များသော အစားအစာများစားခြင်း
- အလောတကြီးစားခြင်း၊ ပိုက်မှစုပ်သောက်ခြင်း၊ ပီကေဝါးခြင်း၊ သကြားလုံးစုပ်ခြင်း တို့ကြောင့် လေများကိုမျိုချမိခြင်း
- စိတ်ဖိစီးမှုနှင့် စိတ်ပူပန်မှုများခြင်း
- ဆေးလိပ်သောက်ခြင်း
- အစာအိမ်နှင့်အူလမ်းကြောင်းတစ်နေရာရာတွင် ပိတ်နေခြင်းနှင့် ရောဂါများဖြစ်ခြင်း
- Irritable Bowel Syndrome ဟုခေါ်သော အူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာစုရှိခြင်း (အဆိုပါ အခြေအနေတွင် ဗိုက်အောင့်ခြင်း၊ ဗိုက်ရစ်ရစ်ပြီးနာခြင်းနှင့် ၀မ်းလျှောခြင်း (သို့) ၀မ်းချုပ်ခြင်း တို့ကို ကြုံတွေ့ရနိုင်သည်။ )
- အူမှ အစာအချို့ကို မချေဖျက်နိုင် မစုပ်ယူနိုင်သောရောဂါများဖြစ်သည့် Celiac disease နှင့် lactose ဟူသော နို့ထဲတွင်ပါဝင်သည့် ဓာတ်တစ်မျိုးမတည့်သောရောဂါရှိခြင်း။
ဗိုက်ပွခြင်းကို သက်သာအောင် ဘယ်လိုလုပ်မလဲ
ဗိုက်ပွခြင်းသက်သာဖို့ဆိုရင် ဂက််စ်ဖြစ်စေနိုင်တဲ့အစားအစာတွေကို လျှော့စားရပါမယ်။ ဆိုဒါအများအပြားပါဝင်တဲ့ အောက်ပါအစားအစာတွေက ဂတ်စ်ဖြစ်ပေါ်မှုကိုအားပေးပါတယ်။
၁။ ပဲအမျိုးမျိုး
၂။ ပန်းမုန်လာဥ
၃။ မုန်လာဖူး
၄။ ဂေါ်ဖီထုပ်
၅။ ဂက်စ်ပါသော အချိုရည်များ
၆။ ပန်းဂေါ်ဖီ
၇။ ပီကေ
၈။ ပန်းသီး၊ မက်မွန်သီး၊ သစ်တော်သီးကဲ့သို့သော သစ်သီးများ
၉။ သကြားလုံးများ
၁၀။ ဆလပ်ရွက်
၁၁။ နို့နှင့် နို့ထွက်ပစ္စည်းများ
၁၂။ ကြက်သွန်နီ
၁၃။ သကြားမပါသောမုန့်များတွင်ပါသော အချိုဓာတ်များ
၁၄။ ဂျုံဖြင့်ပြုလုပ်ထားသောအစားအစာများ
Dr. Mya Myo Myo Swe






























