ဗိုက်ကြောပြတ်ရာများအတွက် နည်းလမ်းကောင်းများ
အမျိုးသမီးအများစုအနေနဲ့ ကိုယ်၀န်ဆောင်ချိန်၊ အပျိုဖော်၀င်ချိန် ဒါမှမဟုတ် ကိုယ်အလေးချိန်တိုးလာချိန်မှာ ဗိုက်ကြောပြတ်ရာများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အထူးသဖြင့် ကိုယ်၀န်ဆောင်မိခင် 90 ရာခိုင်နှုန်းလောက်ဟာ ၎င်းတို့ရဲ့ ၀မ်းဗိုက်၊ တင်ပါးနဲ့ ပေါင်မှာအကြောပြတ်ရာများ ကြုံ့တွေ့ရတတ်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇကြောင့်လည်း အကြောပြတ်ရာများ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ဗိုက်ကြောပြတ်ရာများဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ဖို့နဲ့ ဖြစ်ပေါ်လာတဲ့ဗိုက်ကြောပြတ်ရာ များကို လျော့ချနိုင်ဖို့ရည်ရွယ်ပြီး အသုံးပြုသင့်တဲ့ ပစ္စည်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
1. အလှဆီလိမ်းပါ။ အရေပြားကျုံ့ဆန့်မှုကို အားကောင်းစေတဲ့ ခရင်မ်လိမ်းပါ။
ဆေးဘက်၀င်အစိုဓာတ်ထိန်းအလှဆီတွေဟာ အရေပြားကျုံ့ဆန့်နိုင်မှုကို အားပေးပါတယ်။ ဂျုံစေ့ အဆန်ဆီ၊ သံလွင်ဆီနဲ့ ရှားစောင်းလက်ပတ်အစရှိတဲ့ ဆေးဖက်၀င်အစိုဓာတ်ထိန်းအလှဆီကို ဗိုက်ကြောပြတ်ရာ ဒါမှမဟုတ် အကြောပြတ်ရာပေါ်မှာ နေ့စဉ်လိမ်းပေးပါက အရေပြားအလွန်အမင်း တင်းရင်းမှုကြောင့်ဖြစ်လာတဲ့ အရေပြားပျက်စီးမှုကို သိသိသာသာလျော့ပါးစေနိုင်ပါတယ်။
ဈေးကွက်ထဲမှာ အရေပြားကျုံ့ဆန့်မှုကို ပိုကောင်းစေတဲ့ ခရင်မ်တွေရှိပါတယ်။ ဒီခရင်မ်တွေကို အကြောပြတ်ရာတွေပေါ်မှာ နေ့စဉ်လိမ်းပေးသွားရင်လည်း တဖြည်းဖြည်းမှိန်လာပါလိမ့်မယ်။
2. Retin A ခရင်မ်လိမ်းပါ။ (ဆရာ၀န်နဲ့ ပြပြီးမှ အသုံးပြုပါ)
ရက်တီနောခရင်မ်တွေဟာ အရေပြားအသစ်ဖြစ်စေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတာကြောင့် အကြောပြတ်ရာများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်၀န်ဆောင်ချိန်မှာ လိမ်းပါက မွေးရာပါချို့ယွင်းချက်ပါတဲ့ ကလေးကိုမွေးဖွားနိုင်တာကြောင့် အသုံးပြုခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့ကြောင့် Retin-A၊ Renova၊ Tazorac နဲ့ Differin အစရှိတဲ့ အညွှန်းစာသားပါ၀င်တဲ့ ကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
3. Glycolic acid ပါ၀င်တဲ့ ပစ္စည်းသုံးပါ။(ဆရာ၀န်ညွှန်ကြားမှသာအသုံးပြုပါ)
Glycolic acid ဟာ အရေပြားအသစ်ဖြစ်စေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု အားကောင်းစေပြီး အရေပြားကျုံ့ဆန့်နိုင်စွမ်းကို ကူညီပေးပါတယ်။ ကိုယ်၀န်ဆောင်နေချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် glycolic acid ပါ၀င်တဲ့ခရင်မ်ကို လိမ်းပြီးရင်တော့ နေရောင်အောက်မှာ မနေသင့်ပါဘူး။
4. VitaminE အဆီ ကို အသုံးပြုပါ။
အရေပြားကိုပျော့ပြောင်းစေတဲ့ Vitamin E oil ဟာ ဗိုက်ကြောပြတ်ရာများကို ကုသရာမှာ အစွမ်းထက်လှပါတယ်။ သားဦးကိုယ်၀န်ဆောင်ဖူးသူ အမျိုးသမီးတွေအသုံးပြုပါက ပိုပြီးထိရောက်မှုရှိပါတယ်။ Vitamin E oil ကို အခြားအမွှေးနံ့မပါတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေနဲ့ ပေါင်းစပ်အသုံးပြုပါက ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။ ကိုယ်၀န်ဆောင်ချိန် 8 ပတ်မှစ၍ မွေးဖွားပြီးချိန် 6 လကြာတဲ့အထိ တစ်နေ့နှစ်ကြိမ် နေ့စဉ်လိမ်းပေးပါက ဗိုက်ကြောပြတ်ရာများဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
5. ရနံ့ဆီသုံးပါ။
Lavender၊ Rose၊ Frankincense၊ Geranium၊ Helichrysum၊ Myrrh အစရှိတဲ့ (ရေမွှေးသုံး) ရနံ့အဆီကို အုန်းဆီ ဒါမှမဟုတ် သင်းရန့ံမပါ၀င်တဲ့ အစိုဓာတ်ထိန်းခရင်မ်နဲ့ တွဲဖက်အသုံးပြုပါက ဗိုက်ကြောပြတ်ရာများကို ကုသရာမှာ ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။
6. Vitamin C မှီဝဲပါ။
Ascorbic acid လို့လည်း ခေါ်ဝေါ်ကြတဲ့ Vitamin C ဟာ အရေပြားအသစ်ဖြစ်စေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကိုအားပေးပြီး ဆဲလ်တွေတည်ဆောက်ရာမှာ လိုအပ်တဲ့ဓာတ်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ဒါကြောင့် Vitamin C ကြွယ်၀တဲ့ဖြည့်စွက်အားဖြည့်ဆေးကို တစ်နေ့လျှင် 500 မီလီဂရမ်သောက်သုံးခြင်း၊ လိမ္မော်သီးး၊ စတော်ဘယ်ရီသီး၊ သံပရာသီးတို့ကို စားသုံးပေးခြင်းဖြင့်လည်း ဗိုက်ကြောပြတ်ရာများ ကို လျော့ပါးစေနိုင်ပါတယ်။
7. နုနယ်သော ဗိုက်ကြောပြတ်ရာများကို pulsed dye laser ဖြင့်ကုသခြင်း
ကိုရီးယားအမျိုးသမီးတွေအနေနဲ့ မွေးဖွားပြီးနောက်မှာ ဗိုက်ကြောပြတ်ရာများကို ပျောက်ကင်းစေဖို့ pulsed dye laser နဲ့ ကုသမှုခံယူကြပါတယ်။ ယင်းဆေးကုသမှုကုထုံးဟာ အမေရိကန်ဒေါ်လာ 450 ၀န်းကျင် ကျသင့်နိုင်တယ်လို့သိရပြီး အချိန်ကာလကြာနေပြီဖြစ်တဲ့ အမာရွတ်ဟောင်း ဗိုက်ကြောပြတ်ရာများကိုတော့ ကုသပေးနိုင်စွမ်းမရှိပါဘူး။
8. အမာရွတ်ဟောင်းဗိုက်ကြောပြတ်ရာများကို Fractional Laser ဖြင့်ကုသခြင်း
Fractional laser နဲ့ ကုသမှုခံယူပါက ဗိုက်ကြောပြတ်ရာအမာရွတ်ဟောင်းများကို ပျောက်ကင်းစေနိုင်ပြီး အမေရိကန်ဒေါ်လာ 1000 ၀န်းကျင် ကျသင့်နိုင်တယ်လို့ သိရပါတယ်။
9. Abdominoplasty (၀မ်းဗိုက်သားကို ခွဲစိတ်ပြုပြင်ခြင်း) ဖြင့်ကုသခြင်း
Abdominoplasty တစ်နည်းအားဖြင့် tummy tuck ကုသမှုကို အမေရိကန်အမျိုးသမီးတွေအနေနဲ့ ဗိုက်ကြောပြတ်ရာများကို ဖယ်ရှားဖို့ ကုသမှုခံယူကြပြီး အမေရိကန်ဒေါ်လာ 4,000 မှ 20,000 ကြားကျသင့်မှာဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် 2 ပတ်မှ 4 ပတ်ထိ ကြာမြင့်တတ်ပြီး ဗိုက်ကြောပြတ်ရာ အကုန်လုံးပျောက်ကင်းဖို့ဆိုရင်တော့ 3 လမှ 6 လအထိကြာမြင့်မှာဖြစ်ပါတယ်။
Cho Thet (www.drmyanmar.com)