/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗိုက်အောင့်လိုက်တာ

ဗိုက်အောင့်လိုက်တာ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဗိုက်မှာ ရစ်ရစ်နာတာ၊ အောင့်တာဟာ လူတိုင်း တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံဖူးတဲ့ အခြေအနေတစ်ခုပါပဲ။ အစာအိမ် ပိုးဝင်တာ ဘာညာတွေကြောင့် ခဏလေးတဖြုတ် နာတတ်တာ များတယ်။

 

>>    ဗိုက်အောင့်တယ်ဆိုတာ ဘာလဲ?

          ရင်ပြည့်တာ၊ လေပွတာတွေကြောင့် ဖြစ်လေ့ရှိတယ်။ အရမ်းအဖြစ်များပြီး ရှက်စရာ ကောင်းတတ်ပေမယ့် လေထတာ သက်သာဖို့ ဆေးအလွယ်တကူ ဝယ်သောက်လို့ရတယ်။

          လတ်တလောမှ စအောင့်ပြီး ဝမ်းလည်း လျှောတယ်ဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းတာကြောင့် ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားပိုး ဝင်တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကိုယ့်ခုခံအားစနစ်က ပြန်တိုက်ထုတ်ပါလိမ့်မယ်။

          ဗိုက် အရမ်းအောင့်ပြီး ဖျားနာ ဝမ်းလျှောနေတယ် ဆိုရင်တော့ အစာ အဆိပ်သင့်တာလိုမျိုး ပိုဆိုးတဲ့အခြေအနေမျိုး ဖြစ်နိုင်တယ်။ ကုစရာမလိုဘဲ သူ့အလိုလို ပြန်ကောင်းပါလိမ့်မယ်။

 

>>    တကယ်လို့ -

●        နာတာ အရမ်းဆိုးရင်၊ ပိုပိုဆိုးလာရင်

●        ကိုယ်အလေးချိန်တွေ ကျလာရင်

●        ဝမ်းထဲ သွေးပါရင်

●        အစာ မျိုရခက်ရင်

●        တောက်လျှောက် အန်နေရင်

●        အဖျား ဝင်လာရင်

●        အသားဝါလာရင်

●        ဗိုက်ကို ထိလိုက်တိုင်း နာနေရင်

●        ဗိုက်ကြီး ဖောင်းတင်းနေရင်

          ဆရာဝန်နဲ့ ပြဖို့လိုလာပြီ။

          ဗိုက်တစ်နေရာရာက မခံမရပ်နိုင်အောင် နာနေတယ်ဆိုရင်တော့ ချက်ချင်း ဆရာဝန်နဲ့ပြပါ။ အူအတက်ရောင်တာလိုမျိုး မကုဘဲထားရင် စိုးရိမ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်နေနိုင်ပါတယ်။

          အက်စ်ပရင်၊ အကိုက်အခဲပျောက်ဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ဗိုက်အောင့်တတ်တယ်။ ဒါကြောင့် အောင့်နေတယ်လို့ထင်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတွေကို ပြန်စိစစ်ဖို့လိုတယ်။

 

>>    ကလေးတွေမှာ ဗိုက်အောင့်ခြင်း

          နည်းနည်းအောင့်ရုံကနေ မခံမရပ်နိုင်အောင် အောင့်တာအထိ ဖြစ်တတ်တယ်။ ကလေးတွေမှာ ဗိုက်အောင့်စေတတ်တဲ့ အခြေအနေတွေကတော့ -

●        အူရောင်ခြင်း

●        ထိမိခိုက်မိလို့ ကြွက်သားတွေနာခြင်း

●        ရာသီလာခါစ မိန်းကလေးတွေမှာ နာခြင်း

●        စိတ်လှုပ်ရှား၊ စိတ်ပူပန်တာတွေကြောင့် ဗိုက်နာခြင်း

●        လေထခြင်း

●        ဆီးအိမ် ပိုးဝင်ခြင်း စတာတွေပဲ ဖြစ်တယ်။

          ဗိုက်အောင့်တာ အတော်များများကတော့ ခဏတဖြုတ်လောက် နည်းနည်းအောင့်တာဖြစ်ပြီး မကုဘဲထားရင်တောင် ရက်ပိုင်းအတွင်း ပျောက်သွားနိုင်တယ်။ ဆိုးဆိုးရွားရွား အောင့်နေမယ်၊ တောက်လျှောက် အောင့်နေမယ်၊ ဖျားနာတာလိုမျိုး တခြားလက္ခဏာတွေ ရှိနေမယ်ဆိုရင် သေချာစောင့်ကြည့်ပြီး နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)