/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်စီက-ကိုဗစ်ကို-ကာကွယ်နိုင်သလား

ဗီတာမင်စီက ကိုဗစ်ကို ကာကွယ်နိုင်သလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကိုဗစ်ကာလမှာ လူတွေအကြား ဗီတာမင်စီသောက်ခြင်းအလေ့အထ ခေတ်စားလာပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့အတွက် ကိုဗစ်ကို ကာကွယ်နိုင်တယ်လို့ယူဆကြပြီး ဗီတာမင်စီကို နေ့စဉ်သောက်သုံးကြတာ ဖြစ်ပါတယ်။
ဗီတာမင်စီ သောက်ခြင်းဟာ ကိုဗစ်နှင့်ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးမှ မပေးနိုင်သော်လည်း ဗီတာမင်စီက ထိုဗိုင်းရပ်စ်ကို ကာကွယ်နိုင်ကြောင်းလည်း ဘယ်လိုသက်သေအထောက်အထားမှ ရှိမနေသေးပါဘူး။
●  စင်စစ် ကိုဗစ်ဟာ ဗိုင်းရပ်စ်အသစ်တစ်မျိုးဖြစ်တာမို့ ပညာရှင်များအနေနှင့်လည်း အလုံးစုံသိရှိနိုင်ခြင်း မရှိကြသေးပါဘူး။
●  ဗီတာမင်စီဟာ ကိုယ်ခန္ဓာရှိဆဲလ်များကို ပျက်စီးသေဆုံးစေနိုင်သော ဓာတ်တိုးပစ္စည်းများကို ဆန့်ကျင်ပေးတဲ့ anti-oxidant ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ထို့ပြင် သွေးဖြူဥများစွာ ဖြစ်ပေါ်စေဖို့ ကူညီပေးတာမို့ ကိုယ်ခံအားကို တက်စေနိုင်ပါတယ်။
●  ဗီတာမင်စီရဲ့ anti-oxidant အာနိသင်က ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အတွက် ကိုဗစ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရမ်းခြင်းတွေကို သက်သာစေတယ်လို့ ယူဆကြပါတယ်။
●  လူတစ်ယောက်နာမကျန်းဖြစ်စဉ်မှာ ကိုယ်ထဲရှိ ဗီတာမင်စီ ပမာဏလျော့နည်းသွားတတ်လို့ နေမကောင်းသူတွေဟာ ဗီတာမင်စီ အားဆေးပြားများကို စားသုံးပေးသင့်ပါတယ်။
●  ၂၀၁၉ ခုနှစ်က လေ့လာချက် အထူးကြပ်မတ်ကုသဆောင်မှ လူနာများအား ဗီတာမင်စီက သွေးကြောမှတစ်ဆင့် သွင်းတဲ့အခါ အထူးကြပ်မတ်ကုသဆောင်တွင် နေရသောအချိန်ကို ၇.၈ ရာနှုန်း လျှော့ချနိုင်ပြီး စက်ဖြင့် အသက်ရှူရခြင်းကို ၁၈.၂ ရာနှုန်း လျှော့ချိနိုင်ခဲ့ကြောင်း သိရပါတယ်။
●  ၂၀၁၈ က လေ့လာချက်အရ ပြင်းထန်အဆုတ်ရောင်နေသော လူနာများအား တစ်ဖွဲ့စီခွဲပြီး တစ်ဖွဲ့အား ဗီတာမင်စီ၊ ဗီတာမင်ဘီဝမ်းနှင့် စတီးရွိုက်တိုက်တဲ့အခါ ဗီတာမင်စီသောက်သောအုပ်စုက မသောက်သူများထက်စာရင် အသေအပျောက်နည်းခြင်းနှင့် အဆုတ်အခြေအနေ ကောင်းမွန်လာခြင်းတို့ တွေ့ရှိရပါတယ်။
●  အချုပ်ဆိုရရင် ဗီတာမင်စီဟာ ကိုဗစ်ကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချပေးနိုင်သော်လည်း ကိုဗစ်ကို ကာကွယ်နိုင်ခြင်း (သို့) ကုသနိုင်ခြင်း ရှိ၊ မရှိကတော့ လေ့လာနေကြဆဲ ဖြစ်ပါတယ်။
●  ကိုဗစ်ကို ကာကွယ်ဖို့ရာအတွက် ဗီတာမင်စီ သောက်ခြင်းအပြင် အာဟာရပြည့်ဝအောင်စားခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ အပြင်သွားရင် mask တပ်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ၆ ပေခွာပြီးနေခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း စတဲ့ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)