/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်ဒီကို-သဘာဝအတိုင်း-နေရောင်ခြည်ကနေ-အပြည့်အဝရရှိစေဖို့

ဗီတာမင်ဒီကို သဘာဝအတိုင်း နေရောင်ခြည်ကနေ အပြည့်အဝရရှိစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်ဒီဟာ အရိုးတွေသန်မာဖို့အတွက် မရှိမဖြစ် လိုအပ်သလို ကိုယ်ခံအားကောင်းမွန်ဖို့ ကူညီပေးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်ဒီ လုံလောက်စွာရရှိမှသာ နေ့စဉ်စားသောအစာများမှ ကယ်လ်စီယမ်နှင့် ဖော့စဖိတ်ကို ကိုယ်ခန္ဓာကနေ ထိရောက်စွာ စုပ်ယူနိုင်ပြီး အရိုး၊ သွားနှင့်ကြွက်သားများကို သန်မာစေတာ ဖြစ်ပါတယ်။

>>  ဗီတာမင်ဒီကို ဘယ်လိုရရှိနိုင်သလဲ?
●  သဘာဝနည်းအားဖြင့် ကျွန်မတို့အရေပြားနှင့် နေရောင်ခြည် ထိတွေ့တဲ့အခါ ကိုယ်ခန္ဓာကနေ ဗီတာမင်ဒီတွေကို ထုတ်လုပ်ပေးပါတယ်။
●  ဗီတာမင်ဒီ ကြွယ်ဝသောအစားအစာတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးကဲ့သို အဆီပါသောငါးများ၊ အနီရောင်အသားနှင့် ဥများကို စားခြင်းမှလည်း ရရှိနိုင်သလို ဗီတာမင်ဒီပါသော အားဆေးများလည်း မှီဝဲနိုင်ပါတယ်။
●  ကလေးများအနေနှင့် ဗီတာမင်ဒီဖြည့်စွက်ထားသော နို့မှုန့်နှင့်အာဟာရမှုန့်များကို စားသုံးနိုင်ပါတယ်။

>>  ဗီတာမင်ဒီရရှိဖို့ နေရောင်ခြည်ကို ဘယ်လောက်ခံယူသင့်လဲ?
●  နေရောင်အောက်တွင် လက်ဖျံ၊ လက်နှင့် ခြေသလုံးများ ဖော်ထားပြီး မိနစ်အနည်းငယ်ခန့်နေခြင်းဖြင့် တစ်နေ့တာ လုံလောက်တဲ့ ဗီတာမင်ဒီကို ရရှိနိုင်ပါတယ်။
●  နေရောင်တွင်ပါဝင်တဲ့ UV rays တွေကို ကာကွယ်ချင်ရင်တော့ မနက်စောစော နေရောင်ခြည်ကို ခံယူနိုင်ပါတယ်။ အနည်းဆုံး SPF15 ပါသော ခရင်မ်များကိုလည်း လိမ်းပေးနိုင်ပါတယ်။
●  ၆ လအောက် ကလေးငယ်များအနေနှင့် နေရောင်ခြည်ပြင်းပြင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပြီး မတ်တတ်ပြေးကလေးတွေကိုလည်း မနက်စောစောနေရောင်နှင့် မိနစ်အနည်းငယ် ထိတွေ့ပေးနိုင်ပါတယ်။ ဦးထုပ်၊ နေကာမျက်မှန်နှင့် SPF15 အနည်းဆုံးပါသော နေရောင်ကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

>>  ဘယ်သူတွေက ဗီတာမင်ဒီအားဆေးပြားများ ပုံမှန်သောက်သင့်လဲ?
●  မွေးစကနေ အသက် ၁ နှစ်အထိ ကလေးငယ်များ
●  အသက် ၁ နှစ်မှ ၄ နှစ်အထိ ကလေးများ
●  နေရောင်နှင့် ထိတွေ့မှုနည်းသောသူများ
●  ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ
●  သက်ကြီးရွယ်အိုများ
●  သွေးဆုံးပြီးသော အမျိုးသမီးများ

သဘာဝအတိုင်း ဗီတာမင်ဒီရရှိစေဖို့ မနက်ခင်း နေရောင်ခြည်ကို ၁၅ မိနစ်ခန့် ခံယူပေးနိုင်ပါတယ်။ ဗီတာမင်ဒီအားဆေးပြားများ သောက်သုံးလိုသူများအနေနှင့်လည်း ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး မိမိနှင့်ကိုက်ညီသော ပမာဏကိုသာ သောက်သုံးခြင်းဖြင့် ဗီတာမင်ဒီ ချို့တဲ့ခြင်း (သို့) လွန်ကဲခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)