ဗီတာမင် ဒီ လိုအပ်နေသလား
သင်ဟာ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံနဲ့ မောပန်းလွယ်သူလား၊ နှလုံးခုန်မြန်တာ၊ ရင်တုန်တာတွေ မကြာခဏ ဖြစ်တတ်သလား၊ ကြွက်သားတွေ နာကျင်တာ၊ မလှုပ်ရှားချင်တာမျိုးတွေ မကြာခဏြ ဖစ်တတ်တာလား၊ ဒီလိုမျိုးတွေ မကြာခဏ ကြုံတွေ့နေရတယ်ဆိုရင်တော့ ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ခံစားနေရတာ ဖြစ်နိုင်ပါတယ်။
ဗီတာမင် ဒီ ဆိုတာကတော့ အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ လူသားတွေအတွက်တော့ ဗီတာမင် ဒီ က အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ကယ်လ်ဆီယမ်ဓာတ်နဲ့ ဖော့ဖရိတ်ဓာတ် လုံလောက်အောင်ရရှိဖို့ အထောက်အကူပြုတဲ့အတွက် အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင် ဒီ က ကလေးတွေကို အရိုးပျော့ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး လူကြီးတွေကိုတော့ အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ ဟာ အာရုံကြောများအတွက်လည်းအထောက်အကူ ပေးနိုင်ပါတယ်။ ဆံပင်တွေသန်စွမ်းစေနိုင်ဖို့နဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့လည်း အထောက်အကူပေးပါတယ်။ ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ ကလေးတွေမှာ အရိုးပျော့ရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ဘာ့ကြောင့်ဆို မိခင်နို့ရည်မှာ ဗီတာမင် ဒီပါဝင်မှုနည်းတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ ချို့တဲ့ခြင်းကြောင့် တခြားသော အရိုးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
● အရိုးပျော့ရောဂါ - ကလေးငယ်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ဒီရောဂါခံစားရတဲ့ ကလေးတွေဟာ ခန္ဓာကိုယ်ကြီးထွားမှုနှေးပြီး တချို့သောအရိုးတွေမှာ ပုံပျက်တဲ့ထိ ဖြစ်တတ်ပါတယ်။ အစောဆုံးသိနိုင်တဲ့ အရိုးပျော့ခြင်းလက္ခဏာကတော့ ကလေးရဲ့ ငယ်ထိပ်က ပုံမှန်ထက် ပိုပါးပြီး ပိုပျော့နေတာဖြစ်ပါတယ်။
● အရိုးပွရောဂါ - အသက်ကြီးတဲ့သူတွေမှာ ပိုတွေ့ရတတ်ပြီး အရိုးကြွပ်ဆက်ပြီး ကျိုးလွယ်တာမျိုးတွေ၊ ကြွက်သားတွေ အားနည်းနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။
● အရိုးပါးရောဂါ - ဒီရောဂါကတော့ အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များပြီး အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ အရိုးအဆစ်တွေ မကြာခဏ နာကျင်တာမျိုး၊ အရိုးကျိုးလွယ်တာမျိုးတွေ ခံစားရတတ်ပါတယ်။
Ultra D3 1
>> ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ခံစားရနိုင်ချေများတဲ့သူတွေကတော့ -
● အသားအရေ ညိုမည်းသူများ
● အိမ်တွင်းမှာပဲနေနေတဲ့ သက်ကြီးရွယ်အိုများ
● ဘာသာရေးအရ အရေပြားကို အမြဲဖုံးအုပ်ထားသူများ
● ဗီတာမင် ဒီ ချို့တဲ့သောမိခင်ရဲ့ ကလေးများ စတဲ့သူတွေမှာ ဗီတာမင် ဒီ ချို့တဲ့ခြင်း ဖြစ်နိုင်ချေ များပါတယ်။
>> ဒီလိုဗီတာမင် ဒီ ချို့တဲ့ခြင်း ဖြစ်ပြီဆိုရင်တော့ -
ကလေးက ကြီးထွားမှုနှေးတာ၊ သွားပေါက်တာ နောက်ကျတာ၊ သွားကျန်းမာရေးမကောင်းတာ၊ လူကြီးတွေမှာဆိုရင် ထုံကျင်တာ၊ ကြွက်သားအားနည်းတာ၊ ကြွက်တက်တာ၊ အရိုးနာကျင်တာ၊ ကျောရိုးတွေ ထိခိုက်တာ၊ အရပ်ရှည်သင့်သလောက်မရှည်တာ စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
Ultra D3 2
>> ဗီတာမင် ဒီ ရဲ့တခြားသော အရေးပါပုံများ
● ဗီတာမင် ဒီ လုံလောက်အောင်မရရှိရင် ခန္ဓာကိုယ်က ကယ်လ်စီယမ်ဓာတ်ကို စုပ်ယူမှုအား နည်းသွားပြီး ကယ်လ်စီယမ်အားဆေးတွေ သောက်ရင်တောင် အကျိုးမရှိ ဖြစ်တတ်ပါတယ်။
● SPF-8 လောက်ရှိတဲ့ နေရောင်ကာလိမ်းဆေးတွေတောင်မှ ခန္ဓာကိုယ်ကနေ ဗီတာမင် ဒီ ထုတ်လုပ်မှုကို ၉၅% ထိ ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခံလိမ်းဆေးတွေ အလိမ်းလွန်တာက ဗီတာမင် ဒီ ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။
● နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင် ဒီ ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေပါတယ်။ ထူးခြားတာတစ်ခုက ဖန်သားပြင်တွေကို ဖြတ်လာတဲ့ နေရောင်ခြည်က အရေပြားမှာ ဗီတာမင် ဒီ ထုတ်လုပ်တာကို မထောက်ပံ့ပေးနိုင်ပါဘူး။ ဒါ့ကြောင့် ကားထဲမှာထိုင်နေရင်း၊ မှန်ပြတင်းနားမှာထိုင်နေရင်း နေရောင်ခြည်နဲ့ ထိတွေ့တာဟာ ဗီတာမင် ဒီ ထုတ်လုပ်မှုကို အားမပေးနိုင်ပါဘူး။
ဒေါက်တာအောင် (www.drmyanmar.com)






























