/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗီတာမင်-d-ချို့တဲ့သော-လက္ခဏာများ

ဗီတာမင် D ချို့တဲ့သော လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဗီတာမင် D က ခန္ဓာကိုယ်မှာရှိတဲ့ စနစ်အတော်များများပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့ အရမ်းအရေးကြီးတဲ့ ဗီတာမင်တစ်မျိုးပါ။

          ကိုယ့်ရဲ့အရေပြားက နေရောင်နဲ့ထိတွေ့တဲ့အခါမှာ ခန္ဓာကိုယ်က ကိုလက်စရောတွေကမှတစ်ဆင့် ဗီတာမင် D ထုတ်ပေးပါတယ်။ ဗီတာမင် D ကို အဆီများတဲ့ငါးတွေ၊ ဗီတာမင် D ထည့်သွင်းပြုလုပ်ထားတဲ့ နို့ထွက်ထုတ်ကုန်တွေမှာလည်း တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဗီတာမင် D ကို အစားအသောက်ကနေပဲ အလုံအလောက်ရဖို့ကတော့ ခက်ပါတယ်။

          တစ်နေ့ကို ဗီတာမင် D 400-800 IU လောက် လိုအပ်တယ်ဆိုပေမယ့်လည်း ဒီထက်ပိုပြီး စားသုံးသင့်ပါတယ်။

          ဗီတာမင် D ချို့တဲ့တာက အရမ်းအဖြစ်များပြီးတော့ ကမ်ဘာပေါ်မှာ လူဦးရေ တစ်သန်းလောက်မှု ဗီတာမင် D နည်းနေတာကို တွေ့ရပါတယ်။

          ဗီတာမင် D ချို့တဲ့စေတဲ့အဖြစ်များတဲ့အကြောင်းအရင်း ၇ မျိုးကတော့ -

●        အသားမဲခြင်း

●        အသက်အရွယ်ကြီးရင့်သူများ

●        အဝလွန်သူ

●        ငါးနဲ့ နို့ သိပ်မစားတဲ့သူတွေ

●        တစ်နှစ်ပတ်လုံး နေရောင်သိပ်မရတဲ့နေရာမှာ နေတဲ့သူတွေ

●        အပြင်ထွက်တိုင်း နေကာခရင်မ် အမြဲလိမ်းတဲ့သူတွေ

●        အိမ်တွင်းမှာပဲ အမြဲနေတဲ့သူတွေ

          ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာက သိပ်ပြီးမသိသာတဲ့အတွက် အများစုက ကိုယ့်ကိုယ်ကို နည်းလို့နည်းနေမှန်း မသိကြပါဘူး။

 

>>    ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာ ၈ ချက်ကတော့ -

1.      မကြာခဏဖျားနာ၊ ရောဂါပိုးဝင်ခြင်း

          ဗီတာမင် D က ခုခံအားစနစ်အားကောင်းဖို့အတွက် အရေးကြီးတဲ့ သက်ရောက်မှုရှိလို့ ဗီတာမင် D ချို့တဲ့ရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကို မတိုက်နိုင်တော့တဲ့အတွက် နေမကောင်း ဖြစ်စေပါတယ်။

 

2.      ပင်ပန်းနွမ်းနယ် မောပန်းခြင်း

          ပင်ပန်းနွမ်းနယ်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးထဲမှာ ဗီတာမင် D ချို့တဲ့တာလည်း တစ်ချက်အပါအဝင် ဖြစ်ပါတယ်။ ဒီလိုပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်နေချိန်မှာ ဗီတာမင် D ဆေးပြားသောက်သုံးခြင်းအားဖြင့် အားအင်ပမာဏကို တက်စေနိုင်ပါတယ်။

 

3.      အရိုးများ နာကျင်ခြင်း၊ ခါးနာခြင်း

          ဗီတာမင် D က အရိုးကျန်းမာရေးကို နည်းလမ်းမျိုးစုံနဲ့ ထိန်းသိမ်းပေးပါတယ်။ တစ်ချက်အနေနဲ့ဆိုရင် ကယ်ဆီယမ် စုပ်ယူမှုကို အားကောင်းစေပါတယ်။ ခါးနာတာ၊ အရိုးတွေနာတာက သွေးတွင်းဗီတာမင် D ပမာဏနည်းလို့လည်း ဖြစ်နိုင်ပါတယ်။

 

4.      စိတ်ကျရောဂါ

          စိတ်ဓာတ်တွေကျနေတာကလည်း ဗီတာမင် D နည်းလို့ ဖြစ်နိုင်ပြီးတော့ လေ့လာမှုအချို့အရဆိုရင် ဗီတာမင် D ဆေးသောက်ရင် သက်သာစေနိုင်တယ်လို့ဆိုပါတယ်။

 

5.      အနာကျက်နှေးခြင်း

          ဗီတာမင် D ပမာဏ လျော့နည်းခြင်းက ခွဲစိတ်မှုနဲ့ ထိခိုက်ဒဏ်ရာတွေရပြီးနောက်မှာ ရတဲ့ဒဏ်ရာတွေရဲ့ အနာကျက်နှေးစေနိုင်ပါတယ်။

 

6.      အရိုးဆုံးရှုံးခြင်း

ဗီတာမင် D က ကယ်ဆီယမ်စုပ်ယူမှုနဲ့ အရိုးရဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အရမ်းအရေးပါပါတယ်။ အရိုးဆုံးရှုံးမှုတွေများတာက ကယ်ဆီယမ် ပိုစားပေးဖို့လိုတာဖြစ်နိုင်သလို ဗီတာမင် D ချို့တဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ အရိုးတွင်း သတ္တုသိပ်သည်းဆ နည်းခြင်းက အရိုးကနေပြီးတော့ ကယ်ဆီယမ်နဲ့ တခြားသတ္တုဓာတ်တွေ ဆုံးရှုံးတာကို ပြပါတယ်။ ဒါက လူကြီးတွေ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များပြီးတော့ အရိုးကျိုးနိုင်ချေလည်း များပါတယ်။

 

7.      ဆံပင်ကျွတ်ခြင်း

          စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာ အဖြစ်များပါတယ်။ ဒါပေမဲ့ ဆံပင်ကျွတ်တာ အရမ်းဆိုးရင်တော့ ရောဂါတစ်ခုခုကြောင့် (သို့) အာဟာရချို့တဲ့လို့ ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်တာက ဗီတာမင် D ချို့တဲ့တဲ့လက္ခဏာ ဖြစ်နိုင်သလို alopecia areata လို့ခေါ်တဲ့ ကိုယ့်ရဲ့ကိုယ်ခံအားကို ကိုယ်ပြန်တိုက်တဲ့ရောဂါတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။

 

8.      ကြွက်သားနာခြင်း

          ကြွက်သားတွေ ဘာလို့နာနေတာလဲ ဆိုတာကတော့ အကြောင်းအရင်း အတိအကျကို ဒီအတိုင်းပြောဖို့ ခက်ပါတယ်။ နာတာရှည် ကြွက်သားတွေ နာနေတာနဲ့ သွေးတွင်း ဗီတာမင် D ချို့တဲ့မှုကြားမှာ ဆက်စပ်မှုတွေရှိပါတယ်။

 

>>    သိမှတ်စရာ

          ဗီတာမင် D ချို့တဲ့မှုက အဖြစ်များပေမယ့် လက္ခဏာတွေက သိပ်မသိသာတဲ့အတွက် လူအများစုက ဒါကိုသတိမမူမိကြပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဗီတာမင် D ချို့တဲ့တယ်ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ သွေးတွင်း ဗီတာမင် D ပမာဏ စစ်ကြည့်ဖို့လိုပါတယ်။ တကယ်လို့ ဗီတာမင် D ချို့တဲ့တယ်ဆိုရင် ပြင်ရလွယ်ပါတယ်။ နေရောင်နဲ့ ပိုထိတာပဲဖြစ်ဖြစ်၊ အဆီများတဲ့ငါး (သို့) ဗီတာမင် D ထည့်သွင်းထုတ်လုပ်ထားတဲ့ နို့ထွက်ပစ္စည်းတွေလိုမျိုး ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေကို ပိုစားပေးတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဗီတာမင် D ဆေးတွေလည်း သောက်လို့ရပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)