ဗီတာမင် E အစွမ်း
ဗီတာမင် E က အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက် အရေးကြီးပါတယ်။ ဗီတာမင် E ကို ၁၉၂၂ ခုမှာ စတွေ့ခဲ့ပြီးတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကိုတော့ နောက်ပိုင်းမှာ ပိုမိုသိလာခဲ့ပါတယ်။ ဗီတာမင် E ကို လတ်ဆတ်တဲ့သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပြုပြင်မထားတဲ့ အစေ့အဆံတွေစတဲ့ သဘာဝအစားအစာတွေ ကနေပြီးတော့ ပေါကြွယ်ဝစွာ ရရှိနိုင်ပါတယ်။
ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ ညစ်ညမ်းမှုတွေကို ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေနဲ့ ထွက်လာတဲ့ free oxygen radicals တွေက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေနဲ့တစ်သျှူးတွေကို ပျက်စီးစေပါတယ်။ ဗီတာမင် E ကတော့ ဒါကိုကာကွယ်ပေးပြီးတော့ ဆဲလ်တွေ၊ တစ်သျှူးတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဒီတော့ အသက်ကြီးလာရင်ဖြစ်တဲ့ အသားအရေတွေ တွန့်တာတွေကို ကာကွယ်ပေးပြီးတော့ အသားအရေကို ချောမွတ်လှပစေပါတယ်။ ဒါကြောင့်လည်း အရေပြားတွန့်တာ မဖြစ်ရအောင် ကာကွယ်တဲ့လိမ်းဆေးတွေမှာ ဗီတာမင် E ကို ထည့်ထားပါတယ်။
နောက်တစ်ခါ ဗီတာမင် E မှာ အင်တီအောက်ဆီးဒင့်အစွမ်း ရှိတဲ့အတွက်ကြောင့် နှလုံးကို ကာကွယ်ပေးပြီးတော့ နှလုံးရောဂါဖြစ်နိုင်ချေက ိုလျော့ကျစေပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်း၊ ကင်ဆာစတဲ့ နာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ပေးရုံသာမကဘဲ ဖြစ်လာရင်လည်း ရောဂါပိုဆိုးတာကို နှောင့်နှေးစေပါတယ်။ ကင်ဆာဆိုတာက ခန္ဓာကိုယ်ရဲ့ ဘယ်အပိုင်းမှာရှိတဲ့ဆဲလ်မဆို ကြာရှည်ထိခိုက်လာပြီဆိုရင် ဖြစ်လာပါတယ်။ ဗီတာမင် E က ဒီထိခိုက်မှုတွေကို ကာကွယ်တဲ့အတွက် ကင်ဆာကို ကာကွယ်နိုင်တာပါ။ အထူးသဖြင့်တော့ အဆုတ်နဲ့ ရင်သားကင်ဆာတွေ ကာကွယ်ရာမှာ အသုံးဝင်ပါတယ်။
ဒါ့အပြင် ဦးနှောက်လုပ်ဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ ညဘက်အိပ်ချိန်မှာ ကြွက်တက်တတ်သူတွေက ဗီတာမင် E သုံးပြီးနောက် သက်သာလာတာကို တွေ့ရပါတယ်။ ပြီးတော့ ကလေးရနိုင်စွမ်းကိုလည်း ကောင်းစေပါတယ်။
နေကြာစေ့၊ ဗန်ဒါစေ့၊ ဟင်းသီးဟင်းရွက်ဆီ၊ အခွံမာသီးများ၊ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ အခြားသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ကန်စွန်းဥ စတာတွေနဲ့ အစေ့အဆံတွေ၊ ကောက်ပဲသီးနှံ၊ အညှောင့်၊ အသည်း၊ ကြက်ဥနှစ် စတာတွေမှာ ဗီတာမင် E ကြွယ်ဝပါတယ်။
ဒီအစားအစာတွေ မစားတဲ့သူတွေမှာ ဗီတာမင် E နာတာရှည် ချို့တဲ့နေပါတယ်။ ရောဂါတစ်ခုခုကြောင့် ကာလကြာရှည်စွာ အစာ စားချင်စိတ်မရှိတာ၊ အစာကို ကောင်းကောင်း စုပ်ယူနိုင်မှုမရှိတဲ့ လူတွေမှာ ဗီတာမင် E ချို့တဲ့နိုင်ချေ များပါတယ်။
ဗီတာမင် E ချို့တဲ့တဲ့အခါမှာ သွေးအားနည်းခြင်း၊ အာရုံကြောမတိုင်ကြီးနဲ့ မြင်လွှာ ကောင်းကောင်း အလုပ်မလုပ်ခြင်းတွေဖြစ်ပြီးတော့ လမ်းလျှောက်ရခက်ခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ထိန်းရခက်ခြင်း၊ စကားပြောတာနဲ့ အမြင်အာရုံပျက်စီးခြင်း၊ မျိုးပွားနိုင်စွမ်း မကောင်းခြင်း စတာတွေ ဖြစ်စေပါတယ်။ ကင်ဆာဖြစ်နိုင်ချေကိုလည်း များစေပါတယ်။
ဗီတာမင် E မချို့တဲ့အောင် ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ သဘာဝအစားအစာတွေ စားဖို့ပါ။ ကလေးတွေကိုဆိုရင်လည်း လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ၊ ဗီတာမင် E ထည့်ပြီး လုပ်ထားတဲ့ ကောက်ပဲသီးနှံတွေ စားဖို့အားပေးပါ။ လိုအပ်လာရင်လည်း ဗီတာမင် E ကို ဖြည့်စွက်ဆေးပြားအနေနဲ့ သောက်နိုင်ပါတယ်။ လိုမှသောက်ပါ။ များသွားရင်လည်း ဗီတာမင် E အဆိပ်သင့်တတ်ပါတယ်။
ဗီတာမင် လွန်ကဲတဲ့အခါမှာ ခန္ဓာကိုယ်ကနေပြီးတော့ သွေးထွက်နိုင်ချေများခြင်း အထူးသဖြင့် warfarin လိုမျိုး သွေးကြဲဆေး သောက်နေရတဲ့သူတွေမှာ ပိုဖြစ်နိုင်ချေများပါတယ်။ တချို့ကင်ဆာတွေ ဖြစ်နိုင်ချေကိုလည်း များစေပါတယ်။
ဒါကြောင့် တန်ဆေး လွန်ဘေးဆိုသလိုပဲ ဗီတာမင် E မချို့တဲ့အောင် ဂရုစိုက်ဖို့ လိုသလို အရမ်းမလွန်ကဲဖို့လည်း အရေးကြီးပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























