ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုမရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန်
ဗီယက်နမ်နိုင်ငံဟာ လူဦးရေ ၉၇ သန်းရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသောနိုင်ငံများအနက် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံအနေနှင့် ဧပြီလ ၂၁ ရက်အထိ Covid-19 ကြောင့် ဖြစ်ပွားသူဦးရေ ၂၆၈ ယောက်ရှိပြီး လုံးဝပြန်လည်သက်သာလာသူ ၁၄၀ ဦးရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
>> ဗီယက်နမ်နိုင်ငံအနေနှင့် ယခုကဲ့သို့ လူနာတွေကို သေမင်းတံခါးဝကနေ ပြန်လည်ဆွဲခေါ်နိုင်ခဲ့ခြင်းဟာ အစိုးရအနေနှင့် နည်းစဉ် (၃) ရပ်နှင့် ထိန်းချုပ်ခဲ့လို့ ဖြစ်ပါတယ်။
(၁) ကိုယ်အပူချိန်ကို ကြိုတင်စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာရှိသူများအား စမ်းသပ်ခြင်းများ ပြုလုပ်ခြင်း
ဖေဖော်ဝါရီလကတည်းက စတင်ပြီး ဗီယက်နမ်လေဆိပ်သို့ ဝင်ရောက်လာသူတိုင်းကို ကိုယ်ပူချိန်စစ်ဆေးပြီး တစ်ဦးချင်းစီရဲ့ ဆက်သွယ်ရန်လိပ်စာ၊ ခရီးသွားရာဇဝင်နှင့် ကျန်းမာရေးရာဇဝင်တွေကို Health self-declaration form စာရွက်တွင် ဖြည့်ခိုင်းခဲ့ပါတယ်။
● ကိုယ်အပူချိန် 38°C ထက် ပိုသောသူတွေကိုတော့ အနီးဆုံးကျန်းမာရေးဌာနမှာ လိုအပ်တာတွေကို ထပ်မံစစ်ဆေးပေးပါတယ်။
● Self-declaration form တွင် လိမ်ညာပြီး ဖြည့်သူများနှင့် ဖြည့်ရန်ငြင်းဆန်သူများကို ဒဏ်ငွေဆောင်စေပါတယ်။
● ဘဏ်၊ စားသောက်ဆိုင်နှင့် အိမ်ရာဝင်းတွေကိုလည်း ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများကို လုပ်ဆောင်စေပါတယ်။
● တစ်နိုင်ငံလုံးရှိ မြို့အသီးသီးမှာလည်း နိုင်ငံသားတွေကို ကျမ်းမာရေးစမ်းသပ်မှုများ ပြုလုပ်စေပြီး Positive Case တွေ့ရှိတဲ့နေရာများကို lock down ပြုလုပ်ပါတယ်။
● လူတိုင်း လက်လှမ်းမီအောင် စစ်ဆေးနိုင်ရန်အတွက် ဈေးသင့်သော test kit များကိုလည်း ထုတ်လုပ်ပေးခဲ့ပါတယ်။
(၂) လိုအပ်သောနေရာများအား Lock Down ပြုလုပ်ခြင်း
ဒုတိယနည်းစဉ်ကတော့ Quarantine နှင့် Lockdown ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလအလယ်ကတည်းက စတင်ကာ နိုင်ငံရပ်ခြားမှ ပြန်ဝင်လာသူများအား ဝင်ဝင်ချင်းမှာ quarantine ၁၄ ရက်ဝင်စေပြီး Covid-19 စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ အလားတူ ဗီယက်နမ်သို့ ဝင်ရောက်လာသော အခြားနိုင်ငံသားများကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများအား quarantine ဝင်စေပြီး အသေးစိတ်အချက်အလက်များကို ပြည်သူလူထုအား တင်ပြခဲ့ပါတယ်။
မတ်လမှာတော့ တစ်မြို့နယ်နှင့်တစ်မြို့နယ် ကူူးလူးခွင့်များကို ပိတ်ပင်ခဲ့ပြီး လိုအပ်တဲ့ မြို့များအား lock down ချခြင်း ပြုလုပ်ခဲ့ပါတယ်။ Danang မြို့သား မဟုတ်သူများအနေဖြင့် အကြောင်းတစ်စုံတစ်ရာကြောင့် ဝင်ရောက်လိုပါက ၁၄ ရက် quarantine ဝင်ပြီးမှသာ ဝင်ရောက်စေခဲ့ပါတယ်။
ပိုးတွေ့သူတွေ့ရှိရသော လူဦးရေ ၁၀၀၀၀ ရှိ ရွာများကို ခြံခတ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်သူတစ်ဦးတွင် ပိုးတွေ့ရှိခဲ့သောကြောင့် ဟနွိုင်းရှိလူဦးရေ ၃၂၀၀ ရှိသော Covid-19 ကုသရေးစင်တာကို lock down ချခြင်း၊ အစိုးရနှင့် ပြင်ပစီးပွားရေးများကို ယာယီပိတ်ထားခြင်း၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းလိုင်းများကို ပိတ်ထားခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
(၃) အစိုးရနှင့် ပြည်သူကြား စဉ်ဆက်မပြတ် ပြောဆိုဆက်ဆံခြင်း
ဇန်နဝါရီလကတည်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်အကြောင်းကို ပညာပေး ပြောကြားချက်များ ပြုလုပ်ခြင်း၊ ရောဂါလက္ခဏာများနှင့် ကာကွယ်ရေးနည်းလမ်းများကို တစ်နိုင်ငံလုံးရှိ မိုဘိုင်းဖုန်းများသို့ စာတိုများပေးပို့ခြင်း၊ တစ်နိုင်ငံလုံးတွင် ပိုစတာများဖြင့် ပညာပေးခြင်း၊ ရောဂါကူးစက်ခံရသူများ၏ အသေးစိတ် အချက်အလက်များကို အချိန်နှင့်တပြေးညီ ပြန်ကြားပေးခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။
အထက်ပါနည်းစဉ် (၃) ရပ်အနေနှင့် အလွန်ပြည့်စုံကောင်းမွန်တဲ့စံနှုန်းတွေနှင့် ဖွဲ့စည်းထားတာ မဟုတ်သည့်တိုင်အောင် Covid-19 ကို ထိန်းချုပ်ရာတွင်တော့ ကောင်းစွာအသုံးဝင်မှုရှိတာ ငြင်းမရပါဘူး။ ရောဂါကူးစက်ခံရသူ တစ်ဦးချင်းစီကို ကျန်းမာရေးစနစ်ရဲ့ ကောင်းစွာကုသမှုကို ခံယူစေပြီးနောက် ယခုလက်ရှိမှာ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေကို ဇီးရိုးထိရောက်အောင် လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























