/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဗြိတိန်၏-ပထမဆုံးသော-လက်ဖဝါးနှစ်ဘက်လုံးအစားထိုးခွဲစိတ်မှုအောင်မြင်

ဗြိတိန်၏ ပထမဆုံးသော လက်ဖဝါးနှစ်ဘက်လုံးအစားထိုးခွဲစိတ်မှုအောင်မြင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        လိဒ်စ်အထွေထွေရောဂါကုဆေးရုံမှာ လုပ်ဆောင်ခဲ့တဲ့ ဗြိတိန်ရဲ့ပထမဆုံးသော လက်နှစ်ဘက် လုံးအစားထိုးခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီးတော့ လူနာကလည်း သူ့ရဲ့လက်အသစ်နှစ်ဘက်လုံးအတွက် အားရကျေနပ်နေတယ်လို့ ပြောကြားပါတယ်။ Chris King လို့အမည်ရှိတဲ့ အဆိုပါလူနာဟာ လွန်ခဲ့တဲ့သုံးနှစ်က သတၳုတွေဖိတဲ့စက်ကိုင်တွယ်ရတဲ့လုပ်ငန်းခွင်မှာ မတော်တဆမှုဖြစ်ပြီးတော့ ၄င်းရဲ့ လက်ဖဝါးနှစ်ဘက်လုံး လက်မကလွဲပြီး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ ၄င်းဟာ အလှူရှင်တစ်ဦးထံမှ လက် နှစ်ဘက်လုံးကို လက်ခံရရှိခဲ့တာဖြစ်ပြီး ယခုအချိန်မှာ လက်အသစ်နှစ်ဘက်နဲ့ လှုပ်ရှားမှုအချို့ ရရှိနေပြီလို့ သူကပြောပါတယ်။ အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ Chris King ဟာ လိဒ်စ်ဆေးရုံမှာ ပထမဆုံး လက်နှစ်ဘက်လုံးအစားထိုးခွဲစိတ်မှုခံယူခဲ့သူဖြစ်ပြီး လက်အစားထိုးခွဲစိတ်မှုအနေနဲ့တော့ ဒုတိယ မြောက်ခွဲစိတ်မှုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က လုပ်ဆောင်ခဲ့တဲ့ခွဲစိတ်မှုဟာ အပြည့်အစုံ အောင်မြင်တယ်လို့ ထင်ရကြောင်း၊ ယခုထက်ပိုမိုကောင်းမွန်တာရှိတော့မှာမဟုတ်ကြောင်း၊ လက်နှစ် ဘက်လုံးပြည့်စုံသွားတာဟာ ထီပေါက်တာထက်ပင် ပိုမိုကောင်းမွန်ပါတယ်လို့ King ကပြောကြားခဲ့ ပါတယ်။

         အတိုင်ပင်ခံခွဲစိတ်ပြုပြင်အထူးကုဆရာဝန်ကြီး (Consultant Plastic Surgeon) ပါမောက္ခ Simon Kay က ယခုခွဲစိတ်မှုကိုဦးဆောင်ခဲ့တာဖြစ်ပြီးတော့ ယခုခွဲစိတ်မှုဟာ ပြိုင်ဘက်ကင်း လုပ် ဆောင်မှုတစ်ခုဖြစ်တယ်လို့ပြောပါတယ်။ မိမိသိရှိသမျှထဲမှာတော့ ယခုခွဲစိတ်မှုဟာ ပထမဆုံး လက် ကောက်ဝတ်အထက်ပိုင်းထိမရောက်တဲ့အစားထိုးခွဲစိတ်မှုဖြစ်ပြီးတော့ လက်ကောက်ဝတ်အောက်ပိုင်း လက်အတွင်းပိုင်းဟာ ပိုမိုရှုပ်ထွေးပြီး ပိုမိုခက်ခဲတဲ့အစားထိုးခွဲစိတ်မှုဖြစ်တယ်လို့ Kay က ပြောကြားခဲ့ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေအစားထိုးခွဲစိတ်တာနဲ့မတူတာကတော့ လက်အစားထိုး ခွဲစိတ်မှုမှာ ကိုယ်တွင်းအင်္ဂါတွေလို လက်ခံမယ့်သူရဲ့ခုခံအားစနစ်ကလက်ခံနိုင်တဲ့ ကိုက်ညီမှုရှိ၊ မရှိကို ဆန်းစစ်ရတဲ့အပြင် အပြင်ပန်းလက်အရွယ်အစားကိုက်ညီမှုရှိ၊ မရှိကိုပါ ကြည့်ရှုရွေးချယ်ရတာ ဖြစ် တယ်လို့လည်း ၄င်းက ဆိုပါတယ်။ အလှူရှင်ဆီက လက်များလက်ခံရတဲ့လူနာအနေနဲ့ စိတ်ပိုင်း ဆိုင်ရာသက်ရောက်မှုများရှိသလို အလှူရှင်မိသားစုမှာလည်း မိမိတို့ချစ်ခင်သူရဲ့ လက်များကို လိုလိုလားလားလှူဒါန်းနိုင်ဖို့ ပိုမိုခဲယဉ်းတယ်လို့ ပါမောက္ခ Kay က ရှင်းလင်းပြောကြားခဲ့ပါတယ်။

         ခွဲစိတ်ထားတဲ့နေရာက ပတ်တီးတွေကို ဖြည်ပြီး လက်နှစ်ဘက်ကိုတွေ့မြင်ရဖို့ မစောင့်စားနိုင်တော့ဘူးလို့ King ကပြောကြားပါတယ်။ ဘီယာပုလင်းကိုကိုယ်တိုင်ကိုင်နိုင်ဖို့၊ အကျႌကြယ်သီးတွေကို ကိုယ်တိုင်တပ်ဆင်နို်င်ဖို့ မျှော်လင့်စောင့်စားနေမိတယ်လို့ ၄င်းကပြောကြားခဲ့ပြီးတော့ ခုလက်အသစ် နှစ်ဘက်က တိုင်းထားသလို လုံးဝကွက်တိပါပဲလို့ ဆိုပါတယ်။ စက်ဘီးစီးခြင်းကို ဝါသနာပါတဲ့ King ဟာ ယခုအခါ စက်ဘီးကောင်းမွန်စွာစီးနိုင်ဖို့ နဲ့ ရိုးရှင်းတဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ ဥယျာဉ်စိုက်ခြင်း၊ မြက်ရိတ်စက်မောင်းခြင်းတို့ကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။

        လိဒ်စ်အထွေထွေရောဂါကုဆေးရုံမှာရှိတဲ့ လက်အစားထိုးခွဲစိတ်ကုသမှု အထူးကုအဖွဲ့ဟာ တစ် နှစ်အတွင်း ခွဲစိတ်မှု နှစ်ခုနဲ့ လေးခုကြား ပြုလုပ်ဖို့ မျှော်လင့်ထားပြီးတော့ လက်ရှိမှာ ခွဲစိတ်မှုကို စောင့်စားနေသူစာရင်းမှာ လေးဦးရှိပါတယ်။

 

Dr. Thanda Lin

www.drmyanmar.com