ဘက်တီးရီးယားပိုးတွေကို ဘယ်လိုနေရာတွေမှာ အများဆုံးတွေ့နိုင်သလဲ
အအေးမိ၊ တုပ်ကွေးကဲ့သို့သော ရောဂါတွေဖြစ်စေနိုင်တဲ့ ပိုးမွှားလေးတွေက အလွန်သေးငယ်ပြီး တံခါးလက်ကိုင်ဖုကနေ စတိုခန်းစင်တွေအပေါ် စတဲ့နေရာတိုင်းမှာ ရှိနေနိုင်တဲ့အတွက် ရှောင်လွှဲဖို့ ခက်ပါတယ်။ အအေးမိခြင်းက အလုပ်ပျက်၊ ကျောင်းပျက်စေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခုပါပဲ။ အမေရိကန် ရောဂါထိန်းချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးသူတွေမှာ တစ်နှစ်ကို 2-3 ကြိမ်လောက် အအေးမိလေ့ရှိပြီး ကလေးတွေကတော့ ဒီ့ထက်ပိုပါတယ်။ အိမ်သာတံခါးလိုနေရာတွေမှာ ပိုးမွှားတွေ ရှိတယ်ဆိုတာကို လူတိုင်းသိပေမယ့် လူသိပ်မသိသေးတဲ့ ပိုးတွေရှိတဲ့နေရာတွေ အများကြီးရှိပါတယ်။
1. Supermarket မှ ဈေး၀ယ်လှည်းများ
Supermarket တွေက ဈေး၀ယ်လှည်းတွေက တစ်နေ့ကို လူဒါဇင်ပေါင်းများစွာက ကိုင်တွယ် အသုံးပြုနေတဲ့အတွက် ပိုးမွှားတွေ ရှိနေမှာမလွဲပါဘူး။ ဒီပိုးတွေက ကိုယ်၊ လက်တွေမှာ ကပ်တွယ်လာနိုင်သလို နှာခေါင်းတွေထဲကို ၀င်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လှည်းလက်ကိုင်တွေကို ပိုးသတ်တစ်ရှူးအစိုနဲ့ ပွတ်ပြီးမှ ကိုင်တွယ်ရင်တော့ အကောင်းဆုံးပါပဲ။
2. လေယာဉ်ပျံနှင့် ကားများ
ကားတွေ၊ လေယာဉ်တွေမှာ အလယ်လျှောက်လမ်းက လမ်းလျှောက်တဲ့အခါ ကားခုံတန်းတွေကို ထိကိုင်မိကြမှာပါပဲ။ ဒီခုံတွေက လူတိုင်းထိတွေ့နေတဲ့အတွက် အအေးမိတုပ်ကွေး ဖြစ်စေနိုင်တဲ့ရောဂါပိုးတွေ ရှိနေနိုင်တယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ထိုင်ခုံတွေကို လက်နဲ့မထိအောင် လျှောက်ပါ။ ပြတင်းပေါက်မှန်တွေ၊ အစားအစာတင်တဲ့ စားပွဲတွေလည်း အတူတူပါပဲ။
3. ရုံးတွင်းနေရာများ
ကိုယ်တစ်ဦးတည်းကိုင်တဲ့ ကွန်ပျူတာမှာတောင် ပိုးတွေ ကပ်ငြိနေနိုင်ပါတယ်။ အပြင်မှာ လူတစ်ယောက်နဲ့ စကားပြောချိန်မှာ အဲ့ဒီလူက နှာချေ ချောင်းဆိုးလိုက်ရင် ကိုယ့်ကို လာစင်မိမယ်။ ပြီးတော့ ကိုယ့်စားပွဲ ကိုယ်ပြန်လာပြီး ကွန်ပျူတာရှေ့မှာ နှာချေလိုက်တယ်ဆိုရင် ကီးဘုတ်ပေါ်ကိုပိုးတွေ ရောက်သွားပါပြီ။ ဒါကြောင့် အလုပ်မှာ ထိတွေ့နေရတဲ့ မျက်နှာပြင်တွေကို ပိုးသတ်အ၀တ်နဲ့ မကြာခဏပွတ်ပြီး သန့်စင်ပေးပါ။
4. မီးဖိုခန်းဘေစင်မှ ရေပိုက်ခေါင်းများ
ဒီနေရာတွေက အမြဲထိတွေ့မှုရှိနေပြီး အစားအစာတွေနဲ့လည်းနီးတဲ့အတွက် အစားအစာက ရောဂါပိုးတွေ ထိတွေ့မှု များပါတယ်။ အသားစိမ်းတွေကိုင်ပြီး ရေပိုက်ခေါင်းဖွင့်တဲ့အခါ အသားစိမ်းကထွက်တဲ့ အရည်တွေက ရေပိုက်ခေါင်းပေါ်မှာ တင်ကျန်နေနိုင်ပါတယ်။ ဒီတော့ မီးဖိုချောင်ထဲမှာ ရောဂါပိုးကင်းစေဖို့အတွက် အစားအစာမပြင်မီနဲ့ ပြင်ပြီးတိုင်းလက်နဲ့ မျက်နှာပြင်အားလုံးကို သေချာဆေးကြောသန့်စင်ပါ။
5. လက်ကိုင်ဖုန်းများ
လက်ကိုင်ဖုန်းတွေကို တစ်နေကုန် ကိုင်တွယ်နေပြီး နေရာမျိုးစုံကို ယူဆောင်သွားတဲ့အတွက် ပိုးမျိုးစုံ တွယ်ကပ်နေမှာ မလွဲပါဘူး။ ဗြိတိန်နိုင်ငံမှ သုတေသီတွေက လက်ကိုင်ဖုန်း 6 လုံးမှာ 1 လုံးလောက်က မစင်နဲ့ ထိတွေ့မှုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ လက်ကိုင်ဖုန်းတွေ ပိုးမွှားကင်းစင်စေဖို့ ဖုန်းမျက်နှာပြင်ကို နေ့စဉ်သုတ်ပေးသင့်ပါတယ်။
6. အ၀တ်လျှော်စက်
အ၀တ်လျှော်စက်တွေမှာ E.Coli ပိုးတွေ ထောင်ချီပြီး ရှိနေတတ်ပါတယ်။ E.Coli ပိုးရှိတဲ့ အ၀တ်တစ်ခုကို အ၀တ်လျှော်စက်ထဲမှာ ထည့်လျှော်တဲ့အခါ ပိုးက အခြားအ၀တ်တွေဆီကိုပါ ရောက်ရှိသွားပါတယ်။ ဒါကြောင့် ညစ်ပတ်တဲ့အ၀တ်တွေကို သီးခြားလျှော်ပါ။ လျှော်ပြီးသား အ၀တ်တွေကိုလည်း ပိုးတွေ ပြန်မပေါက်ဖွားစေဖို့အတွက် ချက်ချင်းလှန်းပါ။
7. Remote များ
Remote တွေပေါ်မှာ အအေးမိရောဂါပိုးတွေ ကပ်ငြိနေတတ်ပါတယ်။ ဒါကြောင့် remote တွေကို ပိုးသတ်အ၀တ်တွေနဲ့ ပွတ်တိုက်ပေးဖို့ လက်ကိုလည်း မကြာခဏ ဆေးကြောဖို့ လိုပါတယ်။
8. စားသောက်ဆိုင်များမှ သကြား၊ ဆား၊ ငရုတ်သီးစသည့်ဘူးများ
စားသောက်ဆိုင် စားပွဲပေါ်တွေမှာ တင်ထားတဲ့ ငရုတ်သီးခွက်၊ ဆားခွက်တွေက လူတိုင်းကိုင်တွယ် အသုံးပြုနေတာ ဖြစ်တဲ့အတွက် ရောဂါပိုးတွေ ရှိနေမှာပါပဲ။ ဘယ်လိုလူက ကိုင်ခဲ့လဲ၊ အိမ်သာတက်ပြီး လက်မဆေးဘဲ ကိုင်သွားလားဆိုတာ မသိနိုင်ပါဘူး။ ဒါကို ရှောင်နိုင်ဖို့ဆိုရင် ခွက်တွေကို ပိုးသတ်အ၀တ်နဲ့ ပွတ်တိုက်ပြီးမှ သုံးပါ (သို့မဟုတ်) လုံး၀မသုံးပါနဲ့။
9. ရေချိုးခန်းလိုက်ကာများ
လေ့လာချက်တွေအရ ရေချိုးခန်းလိုက်ကာပေါ်မှာ တင်ကျန်ခဲ့တဲ့ ဆပ်ပြာတစ်ကွက်ကနေ ရောဂါပိုးမွှားတွေ ပေါက်ဖွားစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ပိုးမွှားပေါက်ဖွားမှုမရှိအောင် လိုက်ကာကို မကြာခဏ လျှော်ပါ (သို့မဟုတ်) အသစ်လဲလှယ်ပါ။
10. အိမ်မွေးတိရစၧာန်များ
ကြောင်၊ ခွေးနဲ့ အခြားအိမ်မွေးတိရစၧာန်တွေကနေပြီး ကိုယ်ပူခြင်း၊ ၀မ်းလျှောခြင်း ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။ တိရစၧာန်နဲ့ တိရစၧာန်ချေး (ချီး) တွေနဲ့ ကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























